လက်ဖက် အရောင်းကျနေ

E-mail Print
အစိုးရက လက်ဖက် တံဆိပ် ၄၀ ကျော်ကို အန္တရာယ် ဖြစ်စေနိုင်၍ စားသုံးရန် မသင့်ကြောင်း ကြေညာချက် ထုတ်ပြန် ပြီးနောက် ယခု အခါ လက်ဖက် အရောင်းအ၀ယ် လုပ်ငန်းများ အေးနေကြောင်း သိရှိရသည်။

ယခုလ ၁၂ ရက်နေ့က အန္တရာယ်ဖြစ်စေ နိုင်သည့် အ၀ါရောင်ဆိုးဆေး Auramine O များပါဝင်သောကြောင့် နာမည်ကျော် အရီးတောင်း၊ ပင်ပျိုရွက်နု တံဆိပ်များအပါအ၀င် လက်ဖက်တံဆိပ် ၄၃ မျိုးကို စားသုံးရန် မသင့် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာများတွင် ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း လက်ဖက် ပွဲရုံ အများစုမှာ အရောင်းအ၀ယ် ရပ်ဆိုင်းခဲ့သည်ဟု ပွဲရုံလုပ်ငန်းသမားက ပြောဆိုသည်။

အဆိုပါကြေညာချက်ကြောင့် စားသုံးသူများအနေနှင့် အန္တရာယ်ဖြစ်မည်ကို စိုးရွံ့သည့်အတွက် လက်ဖက်ဝယ်ယူ စားသုံးမှု မပြုလုပ်သူများရှိလာရာ လက်ဖက်အသား အရောင်းအ၀ယ် ပါးသွားခဲ့သည်ဟု ရန်ကုန်မြို့ ဘုရင့်နောင် ဈေးရှိ လက်ဖက်ပွဲရုံ တရုံက ပြောသည်။

“အရောင်းအ၀ယ်ကတော့ လောလောဆယ်ကတော့ ပါးသွားတာပေါ့၊ ကျသွားတာပေါ့၊ အားလုံးလည်း သိကြ မှာပါ၊ အခု ကြေညာထားတဲ့ ကိစ္စ”ဟု ၎င်းလက်ဖက်ပွဲရုံ တာဝန်ရှိသူ တဦးက ပြောသည်။

ကြေညာချက်ပါ လက်ဖက်လုပ်ငန်းသမားများကလည်း ဈေးကွက်အတွင်းရှိ ၎င်းတို့၏ လက်ဖက်များကို ပြန်လည် သိမ်းဆည်း၍ အရောင်းအ၀ယ် ရပ်ဆိုင်းထားကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

အသင့်စားသုံးရန် လက်ဖက်များကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် နှစ်ပေါင်းများစွာ ပြုလုပ်ရောင်းချနေသော အရီးတောင်း လက်ဖက်လုပ်ငန်းမှ ဈေးကွက်အတွင်း ဖြန့်ချိထားသည့် လက်ဖက်များကို အစိုးရကြေညာချက် ထုတ်ပြန်သည့် အချိန်မှ စတင်၍ ပြန်လည် သိမ်းဆည်းကာ အရောင်း အ၀ယ်ရပ်ဆိုင်း ထားကြောင်း သိရသည်။

“ရန်ကုန်မှာရော မန္တလေးမှာပါ အားလုံးပြန်သိမ်းထားပါတယ်၊ ပင်ရင်းမှာလည်းမရောင်းဘူး၊ လက်ဖက်သား အသစ် တွေကို စစ်ဆေးပြီးလို့ ခွင့်ပြုချက်ရမှ ပြန်ရောင်းလို့ရမှာ၊ သတင်းစာထဲပါတယ် ဆိုကတည်းက လက်ဖက် အသားမှန်သမျှ အကုန်လုံးရပ်လိုက်တာ၊ အကြောင်းကြားတာတော့မရှိဘူး”ဟု ရန်ကုန်မြို့အရီးတောင်း လက်ဖက် အရောင်းဆိုင်မှ အရောင်း တာဝန်ခံ အမျိုးသမီး တဦးက ပြောသည်။

အရီးတောင်းလက်ဖက်မှ လက်ဖက် အသား ချဉ်စပ် ကို Auramine O ပါဝင်သည်ဟု သတင်းစာမှ ကြေညာလိုက် မှသာ သိခဲ့ရကြောင်း ၊ ၄င်းတို့အနေနှင့်အဆိုပါ ဆိုးဆေးကို တချိန်တခါမှပင် အသုံးမပြုခဲ့ဘူးကြောင်း ၊ ၄င်းတို့ထံ သို့ တင်သွင်းသော လက်ဖက်ကုန်သည်ကိုလည်း မည်သို့သောဆိုးဆေးမှ မသုံးသည့်သဘာဝ လက်ဖက်ကိုသာ ပို့ပေးရန် မှာကြားထားခြင်းဖြစ်ကြောင်း အရီးတောင်း လက်ဖက် လုပ်ငန်းရှင်အမျိုးသမီး ကလည်း ပြောဆိုသည်။

“ကျမတို့အဖေအမေ၊ အဘိုးအဘွား လက်ထက်ကတည်းက ထုတ်လုပ်လာခဲ့တာ၊ တခါမှ ဆိုးဆေးလည်းမသုံးခဲ့ဖူး ပါဘူး၊ အခုဖြစ်သွားတာက ကျမတို့သုံးနေကျ လက်ဖက်သားမဟုတ်ဘဲ၊ လက်ခွဲဆိုင်တဆိုင်က အပြင်က ဈေး သက်သာတဲ့လက်ဖက်ကို ၀ယ်သုံးပြီးတော့ ဖြစ်သွားတာပါ၊ ကျမတို့ ပင်ရင်းဆိုင်တွေကပုံမှန်ယူနေတဲ့ ကုန်သည် ဆီက လက်ဖက်တွေမှာ မပါပါဘူး” ဟု သူမက ပြောဆိုသည်။
အရီးတောင်းလက်ဖက်သည် ယနေ့ထိတိုင်လူကြိုက်များပြီး မန္တလေးမြို့မှ နှစ်ပေါင်း ၁၅၀ ကျော် ထုတ်လုပ် လာခဲ့သော လက်ဖက် လုပ်ငန်းတခုဖြစ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ပတင်ပို့ရန် ကျန်းမာရေးနှင့်ညီညွှတ်ခြင်းရှိမရှိကို စစ်ဆေးခံခဲ့ရစဉ် အဆိုပါဆိုးဆေးပါဝင်သည်ဟု မှတ်ချက်မရှိခဲ့ကြောင်း အရီးတောင်း လက်ဖက်လုပ်ငန်းရှင်အမျိုးသမီးက ဆိုသည်။

ရန်ကုန် ဘုရင့်နောင်ဈေးရှိ ပင်ပျိုရွက်နု လက်ဖက်ပွဲရုံ စာရေးတဦးကလည်း လတ်တလောတွင် လက်ဖက် အရောင်း အ၀ယ် ရပ်ဆိုင်းထားကြောင်း ပြောဆိုသည်။

“ကျနော်တို့ လောလောဆယ် အရောင်းရပ်ထားပါတယ်၊ ဒီလက်ဖက်က ခွင့်ပြုချက်ရမှပဲ ရောင်းလို့ ရမယ်လေ”ဟု ပင်ပျိုရွက်နု ပွဲရုံစာရေးက ပြောသည်။

ကြေညာချက်တွင် အ၀ါရောင်ဆိုးဆေး Auramine O သည် စားသုံးသူများအားလတ်တလော အဆိပ်အတောက် မဖြစ်စေသော်လည်း ရေရှည်တွင်အသည်းနှင့်ကျောက်ကပ်ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကိုထိခိုက် စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် ထိုလက်ဖက်များကိုစားသုံးရန် မသင့်ကြောင်း ဖော်ပြထားသည်။

ဈေးကွက်ထဲမှ ရောင်းချလျက်ရှိသော လက်ဖက်အမှတ်တံဆိပ်ပေါင်း ၁၈၀ ကျော်ကိုဝယ်ယူစစ်ဆေးခဲ့ရာ ၁၀၀ ၀န်းကျင်မှာ ဆိုးဆေး ပါဝင်သည်ကိုတွေ့ရသည့်အတွက် ၇၀ ရာနှုန်းမှာ ဆိုးဆေးများနှင့် မကင်းသည်ကို တွေ့ရ ကြောင်း၊ ဆက်လက် ထုတ်ပြန်ရမည့် အမှတ်တံဆိပ်များလည်း ရှိနေကြောင်း အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“လက်ရှိ စစ်ဆေးနေဆဲဖြစ်ပါတယ်၊ ကျန်တဲ့ အမှတ်တံဆိပ်တွေလည်းရှိပါသေးတယ်၊ မကြာမီထုတ်ပြန်မှာပါ၊ ဖေဖော်ဝါရီ လဆန်းကတည်းက စစ်ဆေးခဲ့တာပါ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

လက်ဖက်ကို ဆေးဆိုးသည်ဆိုခြင်းမှာ လက်ဖက်အရောင်လှစေရန်နှင့် အထားခံစေရန်ဖြစ်ပြီး ကုန်သည်များ (သို့မဟုတ်) လက်ဖက်တောင်သူများသည် ပွဲရုံများ၊ လက်ဖက်လုပ်ငန်းများသို့ တင်သွင်းသည့်အခါ ၄င်းတို့
တင်သွင်းသည့်လက်ဖက်မှာ နုပြီးလှသည့်အတွက် ဈေးကောင်းရစေရန်တွက် ဆေးဆိုးကြခြင်းဖြစ်ကြောင်း ဘုရင့်နောင်မှ အမည်မဖော်လိုသူ လက်ဖက်ပွဲရုံလုပ်ငန်းရှင်တဦးကပြောဆိုသည်။

“ပွဲရုံတွေကို မသွင်းခင် လက်ဖက်လှဖို့ဆိုပြီးဆိုးတာရှိတယ်၊ အစားအသောက်ကိုဆိုးတဲ့ဆေးနဲ့ အ၀တ်အထည်ကို ဆိုးတဲ့ဆေးကလည်းဈေးအရမ်းကွာတော့ လူတွေကဈေးသက်သာတဲ့အ၀တ်ဆိုးဆေး လောက်ကိုပဲ ၀ယ်သုံးနိုင် ကြတော့ ပိုဆိုးကုန်တာပေါ့၊ သာမန်လူတွေအနေနဲ့က ဆေးဆိုးတယ်ဆိုတာကို မြင်ရုံနဲ့တော့ သိဖို့ခက်တယ်” ဟု အဆိုပါ လက်ဖက် ပွဲရုံလုပ်ငန်းရှင်က ဆိုသည်။

ဤသတင်းအား ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ပူးတွဲ ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်