တွံတေးရှိ နာဂစ် ဒုက္ခသည်များ ဆန္ဒပြ

E-mail Print
နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဆုံးရှုံးပျက်စီးခဲ့ရသော အိုးအိမ်များ ပြန်လည် တည်ဆောက်ပေးရန် တွံတေး မြို့နယ်ရှိ ကျေးရွာသား ၂၂ ဦးခန့် က ယနေ့ နေ့လယ်ပိုင်းတွင် အစာငတ်ခံ ဆန္ဒပြမှု ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြသူများအား သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးမေးမြန်းပြီး ညနေ ၄း ၃၀ နာရီခန့်တွင် လူစုခွဲ ခဲ့ကြောင်း တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကပြောသည်။

“တာဝန်ရှိတဲ့ သူတွေကို အရေးယူပေးမယ်လို့တော့ ပြောတယ်၊ ဒါပေမယ့် အိမ်တွေ ရမယ် မရဘူးဆိုတာ ကိုတော့ အာမ မခံနိုင်ဘူး၊ အစာငတ်ခံဆန္ဒပြတဲ့သူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖြန် ကြက်ခြေနီ အသင်းက အကြောင်းပြန်လာမယ့် အချိန်ကို စောင့်နေမယ်၊ အကယ်၍ အကြောင်းပြန်ချက်က မခိုင်လုံဘူး ဆိုရင် ဆက်လက် အစာငတ်ခံဆန္ဒဆက်ပြမယ်တဲ့”ဟု ဆန္ဒပြမှုကို အနီးကပ် စောင့်ကြည့်နေသည့် တွံ့တေး မြို့နယ် အန်အယ်လ်ဒီ လူငယ် တာဝန်ခံ ကိုရဲထွဋ်ခေါင်က ပြောသည်။

တွံ့တေးမြို့ရှိ ဇီးဖြူကုန်းရွာနှင့် အောင်စေတီကျေးရွာများမှ ဆန္ဒပြရွာသား တို့က ယနေ့ နံနက်၁၀နာရီမှ ၁၁နာရီအထိ တွံ့တေးမြို့နယ် ကြက်ခြေနီးရုံးရှေ့သို့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပြီး သက်ဆိုင်ရာက ဖြေရှင်းပေးမှုမရှိသည့်အတွက် နေ့လယ်ပိုင်းတွင် ဆက်လက်ချီတက်ကာ ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြ ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ယင်း ဆန္ဒပြမှုတွင် တွံတေး အန်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးချစ်ဖေ အပါအ၀င် ဇီးဖြူကုန်းကျေးရွာမှ လူ၂၀ နှင့် အောင်စေတီကျေးရွာမှ ၂ ဦးပါဝင်ပြီး ဇီးဖြူကုန်း ကျေးရွာသူ ဒေါ်တရုတ်မ ဆိုသူက ဦးဆောင် ကြောင်း သိရ သည်။

“အစာငတ်ခံ ဆန္ဒပြတဲ့ လူတွေထဲမှာ အသက်၆၀ကျော် အဘိုး အဘွားတွေနဲ့ ကလေးမိခင်တွေပါတယ်၊ မလုပ်စားနိုင်တဲ့ ရောဂါသည်တွေလည်း ပါတယ်၊ ဆန္ဒပြသူတွေက မယက က တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုနေပါတယ်”ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။

ဆန္ဒပြသူများကို မယက ၊ ရဲသတင်းတပ်ဖွဲ့၊ ကြံ့ဖွံ့အဖွဲ့ဝင်များ အပါအ၀င် ၂၅ဦး ခန့်က စောင့်ကြည့်ကာ ဓာတ်ပုံမှတ်တမ်းတင်မှုများ ပြုလုပ်သည်ဟုလည်း သိရသည်။

ကိုရဲထွဋ်ခေါင်က နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများနှင့် တွံ့တေးမြို့ ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကာ တအိမ်ထောင် လျှင် ကျပ်ငွေ ၄သိန်း တန်ဖိုးရှိသည့် နေအိမ်များဆောက်လုပ်ပေးမည်ဟု သဘောတူထားသော်လည်း အာဏာပိုင် နှင့် နီးစပ်သူများကိုသာ ဆောက်လုပ်ပေးသည့်အတွက် မကျေနပ်၍ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ပြောဆိုသည်။

တွံ့တေးမြို့နယ်ရှိ ကြက်ခြေနီအသင်း၊ သက်ဆိုင်ရာ ကျေးရွာ ရယက ဥက္ကဌ နှင့် ရာအိမ်မှူးတို့ ပူးပေါင်းကာ  နာဂစ် ဒဏ်ခံ ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ ဖွဲ့ထားသော်လည်း ၎င်းတို့နှင့် နီးစပ်သည့် ကြံ့ဖွံ့အသင်း၊ မီးသတ် တပ်ဖွဲ့ဝင်၊ အမျိုးသမီးရေးရာ၊ စွမ်းအားရှင် အဖွဲ့ဝင်များ၏ မိသားစု များ ကို တည်ဆောက်ပေးသည်ဟုလည်းကိုရဲထွဋ်ခေါင်က ဆိုသည်။

ကိုရဲထွဋ်ခေါင်က“တကယ်နာဂစ်ဒဏ်ခံရတဲ့ ကျေးရွာသားတွေကို မပေးတာကြောင့် ဖြစ်တာ၊ အခုအချိန်အထိ မုန်တိုင်းဒဏ်ကြောင့် ဘုန်းကြီးကျောင်းမှာ နေထိုင်နေရတဲ့ သူတွေရှိတယ်၊ မိတ်ဆွေအိမ်မှာနေထိုင်ရတဲ့ သူတွေ ရှိတယ်၊ တချို့ဆိုရင် လယ်ထဲမှာ တဲထိုးပြီးနေနေရတဲ့ အတွက် မိုးရွာရင်လည်း ဒုက္ခရောက်ရပါ တယ်” ဟု ဆက် ပြောသည်။  

လွန်ခဲ့သော ၂၀၀၈ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် တွံ့တေးမြို့နယ်တွင် လူ ၆ ဦးခန့် သေဆုံးခဲ့ပြီး သောင်းနှင့် ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများအတွင်း လူပေါင်း ၁၄၀၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ရပြီး ၂.၄ သန်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့သည်။ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည့် ဒေသမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်