နယ်စပ်မှာ သံဆူးကြိုး ဘာကြောင့်ကာ

E-mail Print
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ပြဿနာ တင်းမာမှု မရှင်းလင်း သေးခင်တွင်ပင် မြန်မာစစ်အစိုးရက ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ် အတွင်း သံဆူးကြိုးများ ကာရန်လိုက် လေပြီ။

ယခုတပတ်အတွင်း မြန်မာစစ်အစိုးရက ဘင်္ဂလားဒေ့ရှ် နယ်စပ်တောက်လျှောက် ကီလိုမီတာ ၂၀၀ ခန့်ကို သံဆူးကြိုးများ ကာရန်လိုက်ပြီး ထိုသို့ကာရန်ခြင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရွှေ့ပြောင်းအခြေချသူများ မဝင်ရောက်စေရန်ဟု အကြောင်းပြခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ရွှေ့ပြောင်းအခြေချလာ သူများကြောင့် ပြဿနာ ကြီးငယ် တက်ခဲ့ရသည်မှာ ကိုလိုနီခေတ်ကတည်းက ဖြစ်သည်။

မြန်မာစစ်အစိုးရက ရွှေ့ပြောင်းအခြေချသူများ၊ လူကုန်ကူးခြင်းများကြောင့် ယခုကဲ့သို့ ခြံစည်းရိုးခတ်ရသည် ဟု ပြောနေသည့် အချိန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာပိုင်သင်္ဘောများ အနေနှင့် ၎င်းတို့ရေပိုင်နက်အတွင်း ချဉ်းနင်းဝင်ရောက်ခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးပိုမို တင်းမာရသည်ဟု ဒါကာ သတင်းစာတွင် ပြောဆိုထားသည်။

နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာရမှုတွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ရေပိုင်နက် အငြင်းပွားမှု ကိစ္စရပ်သည်လည်း အကြောင်းရင်းတရပ် ဖြစ်ခဲ့သည်။

နောက်ဆုံးဖြစ်ခဲ့သည့် မြန်မာ - ဘင်္ဂလားဒေ့ နှစ်နိုင်ငံ တင်းမာမှုကို ကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရသည် အစ္စလာမ် ဘာသာဝင်များကို ပစ်မှတ်ထားကာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရခိုင် တိုင်းရင်းသားများ၏ ထောက်ခံမှုကို ရယူချင်ပုံရသည်။

တချိန်တည်းတွင် အစ္စလမ်ဘာသာ ဆန့်ကျင်ရေး စာအုပ်များမှာ ရန်ကုန်၊ တခြားမြို့ကြီးများနှင့် ရခိုင်ပြည်နယ်အတွင်း ပျံ့နှံ့လျှက် ရှိသည်ဟု ကြားသိရသည်။

၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရ လက်ထက်ကတည်းက စ၍ မြန်မာ တိုင်းရင်းသားများနှင့် လူနည်းစု ဖြစ်သော တရုတ်၊ အိန္ဒိယ လူမျိုး တို့ကြား အမျိုးမျိုးသော ကောလာဟလများ ဖန်တီးကာ အဓိကရုဏ်းများ ဖြစ်ပေါ်စေခဲ့ သဖြင့် မကြာခဏ သွေးထွက်သံယို ကိစ္စများ ဖြစ်ခဲ့ရသည်။

ဥပမာ - အစ္စလမ် ဘာသာဝင်တယောက်က ဗုဒ္ဓဘာသာ မိန်းကလေးတဦးကို အဓမ္မပြုကျင့်ခဲ့သည် ဟူသော ကောလာဟလ သတင်းမျိုးလွှင့်ခြင်း ဖြစ်သည်ဟု ရန်ကုန်ရှိ နိုင်ငံရေးလေ့လာသူ တဦးက ပြောပြသည်။

“မြန်မာလူမျိုးတွေက လူမျိုးခြား၊ ဘာသာခြား ကိစ္စနဲ့ ပတ်သက်လို့ သိပ် သည်းခံနိုင်တာ မဟုတ်ဘူး” ဟု သူက ပြောသည်။

စစ်အစိုးရအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်သေးခြင်း မရှိသော်လည်း ယခုနှစ်ဆန်းပိုင်းမှ စ၍ ပြည်သူလူထုအတွင်း မသိမသာစည်းရုံးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ စစ်အစိုးရက တည်ထောင်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက ရွေးကောက်ပွဲတွင် နိုင်ငံရေးအသွင်ပြောင်း၍ ပါတီထောင်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

မကြာသေးမီကမှ ရန်ကုန်မြို့တွင် ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်များ ထောင်ကာ လမ်းများ ခင်းပေးခြင်း၊ ရေရရှိရေး အတွက် ဆောင်ရွက်ပေးခြင်းများကို မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းကိုယ်တိုင် ဦးဆောင်၍ ပြုလုပ် ပေးလျှက်ရှိသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းမှာ ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ တာဝန်ခံ တဦးလည်းဖြစ်သည်။

ကြံ့ဖွံ့အသင်းက လူမှုကူညီရေး လုပ်ငန်းများ ဆက်တိုက်ဆိုသလို လုပ်ဆောင်ပေးလျှက်ရှိရာ အခမဲ့ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ အခမဲ့ ပညာရေးစင်တာများဖွင့်လှစ်ပေးခြင်းတို့ ပါဝင်သည်။

မကြာသေးမီကာလအတွင်း မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင် ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသသို့ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းကြီး၏ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်ပြီး စစ်ကိုင်းတိုင်းတာဝန်ခံလည်း ဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း လည်း ပါဝင်ခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဆန်းက ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံနှင့် စာကြည့်တိုက်များကို ရခိုင်ပြည်နယ်အတွင်း သွားရောက် ဖွင့်လှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုနေ့ လက်ဆောင်ဟု ဆိုကာ တံတားတစင်း ကိုလည်း ဖွင့်လှစ် ပေးခဲ့သေးသည်။

၎င်းသည် ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်များအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်အစိုးရ၏ နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြပါရှိခဲ့သည်။

ဇန်နဝါရီလအတွင်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရခိုင်ဒေသသို့ သွားရောက်၍ ရန်ကုန် - စစ်တွေ ကားလမ်း ဖောက်လုပ်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရထားလမ်း ဖောက်လုပ်ရေး စသည့် စီမံကိန်းများ အကောင် အထည်ဖော်ခဲ့သေးသည်။

ထို့ပြင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း ရခိုင်ဒေသသို့ မကြာသေးမီက သွားရောက်ခဲ့သေးသည်။ သို့ရာတွင် ၎င်းသွားခဲ့သည့်အကြောင်းရင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။

ထိုမျှသာမက ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ခင်မောင်မြင့် နှင့် ဆက်သွယ်ရေး စာတိုက်နှင် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်တို့သည်လည်း ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်အတွင်း သွားရောက်ခဲ့ကြသေးသည်။


“နအဖ ဗိုလ်ချုပ်တွေ ခုတလောမှာ ရခိုင်ပြည်နယ်ကို အသွားစိတ်နေတာကတော့ ရခိုင်ပြည်နယ်မှာ စစ်အစိုးရ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပိုပို များလာလို့ပါ” ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးအေး သာအောင်က ပြောသည်။

ဆက်လက်၍သူက မြန်မာစစ်အစိုးရအာဏာပိုင်များသည် အစ္စလာမ်ဘာသာ ဆန့်ကျင်သည့် စာရွက်စာတန်း များကို ရခိုင်ပြည်နယ်အတွင်း ဖြန့်ဝေမှုများပြုလုပ်သည်ဟု ဆိုသည်။ ထိုသို့ အစ္စလာမ် ဆန့်ကျင်ရေး စာရွက် စာတန်းများ ဖြန့်ဝေသော်လည်း လူထုအပေါ် လွှမ်းမိုးမှုမရှိဟု သူက ဆက်ပြောသည်။

“ရခိုင်တိုင်းရင်းသားတွေက ရိုဟင်ဂျာကိစ္စနဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ ကိစ္စခွဲခြားပြီး မြင်ကြပါတယ်။ အစ္စလာမ် ဆန့်ကျင်တာနဲ့ စစ်အစိုးရကို ထောက်ခံတာ တခြားစီပါ” ဟု ဦးအေးသာအောင်က သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်