အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဈေးကွက် ရပ်တန့်

E-mail Print
ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ကျဆင်းနေ၍ အိမ်ခြံမြေ့် ရောင်းဝယ်ငှား လုပ်ငန်းများ အရှုံးပေါ်ပြီး တချို့လုပ်ငန်များ စတင် ရပ်ဆိုင်းနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ အသိုင်းအ၀န်းမှ သတင်းရရှိသည်။

၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစတင်၍ အိမ်ခြံမြေ အရောင်း၊ အ၀ယ်၊ အငှား လုပ်ငန်း များ၏ အခြေအနေ ကြပ်တည်းလာပြီး ဈေးကွက်တွင် ရောင်းလိုအားသာများ၍ ၀ယ်လိုအား နည်းလှသောကြောင့် အကျိုးဆောင် လုပ်ငန်းများ အလုပ်မဖြစ်သည့်အတွက် တချို့လုပ်ငန်များအရှုံးပေါ်ကာ ဖျက်သိမ်းခြင်းဖြစ်ကြောင်း လသာမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတခု၏ မန်နေဂျာတဦးက ရှင်းပြသည်။

“အကျိုးဆောင်လုပ်ငန်းက တမြို့လုံး အတိုင်းအတာနဲ့ဆိုရင် အရေအတွက် ရာချီရှိတယ်။ များသောအားဖြင့် မိသားစု စီးပွားရေးပုံစံလုပ်ကြတာတွေရယ်၊ တခြားစီးပွားရေးကျောထောက် နောက်ခံမရှိဘဲနဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကိုပဲ အဓိက စီးပွားရေးအနေနဲ့ လုပ်ကြတဲ့ ကုမ္ပဏီတွေရပ်ကုန်တာပါ။ ပိတ်သွားတဲ့ လုပ်ငန်း အရေအတွက်က ခန့်မှန်းဖို့ ခက်တယ်။ တခုပြီးတခု ပိတ်နေကြတယ်” ဟု ရန်ကုန် အိမ်ခြံမြေ ရောင်းဝယ်ငှား ပွဲစားတဦးက ပြောသည်။

ယင်း အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းများမှာ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ စီးပွားရေးအကြပ်အတည်းကပါ ထပ်မံ ရိုက်ခတ် လာသည့်အတွက် ပြည်တွင်း စီးပွားရေးအခြေအနေ ပိုမို ကြပ်တည်းလာပြီး အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက်ကို ၉၀ ရာခိုင်နှုန်းကျော် ထိခိုက်သည်ဟု သိရသည်။

“အိမ်ခြံမြေလုပ်ငန်းအများစု အလုပ်မဖြစ်ဘဲ ရပ်တည်နေရတာ ၂၀၀၈ မေလကတည်းက ခု တနှစ် ပြည့်တဲ့ အချိန်ထိ စီးပွားရေး မကောင်းတော့ လုပ်ငန်းတွေရပ်ကုန်တာ” ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းကြီး တခု၏ မန်နေဂျင်းဒါရိုက်တာတဦးက ပြောသည်။

အသေးစား အိမ်ခြံမြေရောင်းဝယ်ငှား အကျိုးဆောင်လုပ်ငန်း တခုသည် ကြော်ငြာခ၊ တယ်လီဖုန်းဘီလ်၊ ၀န်ထမ်း စရိတ်အပါအ၀င် အထွေထွေ ကုန်ကျစရိတ် တလလျှင် အနည်းဆုံး ငွေ ၁၀ သိန်းကျော် ကုန်ကျပြီး အကြီးစား
အိမ်ခြံမြေရောင်းဝယ်ငှား အကျိုးဆောင်လုပ်ငန်းတခုလျှင် လစဉ် ငွေကျပ် သိန်း ၃၀ နှင့် သိန်း ၅၀ အကြား ကုန်ကျကာ အရောင်းအ၀ယ် မဖြစ်ချိန်တွင် အရှုံးပေါ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းဖျက်သိမ်းသွားသည့် အိမ်ခြံမြေရောင်းဝယ်ငှား လုပ်ငန်းများတွင် အသေးစားနှင့် အလတ်စား အိမ်ခြံမြေလုပ်ငန်း အများစုပါဝင်နေကြောင်း သတင်းရရှိသည်။

“ပုံမှန်အခြေအနေမှာ အိမ်ခြံမြေ အရောင်းအ၀ယ် တလ ဆယ်ပွဲလောက် အနည်းဆုံးဖြစ်တယ်။ ခုချိန်မှာ သုံးလနေလို့ တပွဲမဖြစ်ဘူး။ ပြီးတော့ ရောင်းသူနဲ့ ၀ယ်တဲ့သူတွေက စီးပွားရေး မကောင်းချိန်မှာ ပွဲစားခ မပေးချင်လို့ အကျိုးဆောင်ကြားမခံဘဲ ညှိနှိုင်းဈေးနဲ့ နားလည်မှုယူ ရောင်းဝယ်ကြတာတွေရှိတော့ အကျိုးဆောင်လုပ်ငန်းတွေ အလုပ်မရှိဘူး” ဟု ရန်ကုန်မြို့၏ နာမည်ကျော် အကြီးစား အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ကြီးတခုမှ မန်နေဂျာတဦးက သုံးသပ်သည်။

လုပ်ငန်း ဖျက်သိမ်းခြင်း မရှိသေးသော အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ အနေဖြင့်လည်း ၀န်ထမ်းများ လျှော့ချခြင်း၊ အသုံးစရိတ် လျှော့ချခြင်း အပါအ၀င် အထွေထွေ အသုံးစရိတ်လျှော့ချခြင်းများကို ဆောင်ရွက်နေရပြီး ၂၀၁၀ ပြည့်နှစ် အစိုးရအပြောင်းအလဲတွင် အိမ်ခြံမြေအရောင်းအ၀ယ်များပြန်လည် ကောင်းမွန်နိုင်မည် ဆိုသော မျှော်လင့်ချက် ဖြင့် ဆက်လက်ရပ်တည်နေရသည်ဟု ဆိုသည်။

အိမ်ခြံမြေနှင့် တိုက်ခန်းအရောင်းအ၀ယ်များ အေးစက်နေချိန် ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းများလည်း ရပ်ဆိုင်းလျက်ရှိရာ အဆိုပါ ရပ်ဆိုင်းလျက်ရှိသော လုပ်ငန်းများကို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်း အချိန်တွင် အပြီး တည်ဆောက်ကြရန်နှင့် အပြီးဆောက်လုပ် နိုင်ခြင်းမရှိပါက နိုင်ငံပိုင်အဖြစ် သိမ်းယူမည် ဖြစ်ကြောင်း စစ် အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကို ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင် ခေါ်ယူ သတိပေး ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်