ဒေါ်စုအတွက် ဆုတောင်းသူများ တရားစွဲခံရ

E-mail Print
ထိန်းသိမ်း ခံထားရသော ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ၀တ်ပြု ဆုတောင်းသောကြောင့် တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက သာသနာကို ညှိုးနွမ်းစေသော ပုဒ်မဖြင့် ယမန်နေ့က တရားစွဲဆို လိုက်သည်။  

ယခုအပတ် အင်္ဂါနေ့၌ တွံတေးမြို့ အနောက်ဘက် ဇီးဖြူကုန်းရွာရှိ ဖက်တစ်ရာ ဘုရားတွင် ၀တ်ပြုဆုတောင်းခဲ့ ကြသည့် တွံတေး NLD  ဒု ဥက္ကဌ ဦးချစ်ဖေနှင့် စည်းရုံးရေး အဖွဲ့ဝင် ဦးအောင်စိုးဝေ တို့ကို ဖမ်းဆီး၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅ (က) နှင့် တရားစွဲဆိုခြင်း ဖြစ်သည်ဟု  တွံတေး NLD ဥက္ကဌ ဦးကျင်တိုးက ပြောသည်။

အဆိုပါ ၀တ်ပြု ဆုတောင်းပွဲတွင် NLD  အဖွဲ့ဝင် ၅၀ ခန့်နှင့် NLD ထောက်ခံသူ ၅၀ ကျော် ပါဝင်ကြောင်း သိရသည်။

“ဘုရားမှာ ကျနော်တို့ ဆုတောင်းတယ်ဗျာ၊ ကောင်းကောင်း မွန်မွန်နဲ့ ပြီးသွားကြတယ်။ အဲဒီအခါကျတော့ သူတို့ (အာဏာပိုင်) က ဘာမှ အပြစ်ရှာလို့ မရဘူး၊ အပြစ်ရှာလို့ မရတော့ သူတို့ ဘာလုပ်လဲဆိုတော့ သာသနာကို ညှိုးနွမ်းအောင် လုပ်တယ် ဆိုပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်”ဟု ဦးကျင်တိုးက ဧရာဝတီသို့ ပြောသည်။  

ယင်းအမှုကို လာမည့် ဧပြီ ၂၈ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးရန် ချိန်းဆိုထား သည်ဟုလည်း ၎င်းက ဆိုသည်။

ယခု စွဲဆိုထားသော ဥပဒေ ပုဒ်မသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် အပြင် ငွေဒဏ်လည်း ချခံရနိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ပြောဆိုချက်အရ သိရသည်။

ယမန်နေ့တွင်ပင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မစ္စတာ မာ့က် ကန်းနင်း ကလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည် လွှတ်ပေးရေးသည် မြန်မာ့အရေးတွင် အဓိကကျသည့် အရေးကိစ္စ တခုဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းတွင် နာဂစ်ဆိုင်ကလုန်း တိုက်ခိုက်မှု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဘီဘီစီ အသံလွှင့်ဌာန၏ အမေးအဖြေ အစီအစဉ်၌ သံအမတ်ကြီး မာ့က် ကန်းနင်းက ဤသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂ နှစ်ကျော်မှ စတင်၍ နိုင်ငံရေး အကျဉ်းသား ဦးရေ ပိုမိုတိုးလာ နေကြောင်းနှင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဖိနှိပ်ချုပ်ချယ်ဆုံး နိုင်ငံတနိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တချိန်တည်းတွင် နိုင်ငံရေးအကျဉ်သား အားလုံးလွတ်မြောက်ရေး အတွက် လက်မှတ်ထိုးလှုပ်ရှားမှု တခုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) နှင့် AAPP တို့ပူးပေါင်း၍ လွန်ခဲ့သည့် မတ်လ ၁၃ ရက်နေ့၌ စတင်ပြုလုပ်ခဲ့ကြသည်။

ထိုလှုပ်ရှားမှု ကော်မတီတွင် ဦးဆောင်ပါဝင်သူ ဦးတိတ်နိုင်က “အခု နောက်ဆုံး တွက်ချက်မှုတွေအရ လက်မှတ် ပေါင်းသုံးသိန်း ကျော် ရထားပြီးပါပြီ။ မျှော်မှန်းထားတဲ့ လက်မှတ်ပေါင်း ရှစ်သိန်းကျော် ရမယ်လို့လည်း ယူဆပါ တယ်။ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ရှိတဲ့ အဖွဲ့အစည်းပေါင်း ၂၇၀ ၀န်းကျင်က လက်မှတ်တွေကို ကောက် ခံနေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းကဆက်ပြီး “အခု ရထားတဲ့ လက်မှတ်ပေါင်း သုံးသိန်းကျော်ဆိုတာကလည်း အတော်လေး များနေပါပြီ၊ ကုလ သမဂ္ဂကို တင်လို့ရတဲ့ ပမာဏ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

ထိုလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်ကျ ခံနေရသည့် သက်တမ်း ၆ နှစ်ပြည့်မည့် မေလ ၂၄ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်ကြာပြု လုပ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုမှု လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ် ပြုလုပ် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာက ပိုမိုသိရှိလာကာ နအဖကို ပိုမိုဖိအားပေးရန်နှင့် ရရှိလာ သည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေးအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံပို့မည်ဖြစ်ကြောင်း လည်း လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်သူများက ပြောသည်။

ဤသတင်းကို ဧရာဝတီ သတင်းထောက် စောရန်နိုင်မှ ဖြည့်စွက် တင်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်