သင်္ကြန်ဗုံးကြောင့် မည်သူမျှ အမြတ်မထွက်

နှစ်သစ်ကူး အတာ သင်္ကြန် ကာလအတွင်း မြန်မာပြည်၌ ဗုံးပေါက် ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ လူစည်ကားရာ ရန်ကုန် မြို့လယ် မဏ္ဍပ် တခုတွင် ကြာသပတေးနေ့ (သင်္ကြန် အကြတ်နေ့) ၌ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စနေနေ့ (နှစ်ဆန်းတရက်နေ့)၌လည်း ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံကိန်းတည်ရှိရာ နေရာတခုတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြန်သည်။

အရပ်သားများကို ထိခိုက်စေခဲ့သည့် ဤအကြမ်းဖက်လုပ်ရပ်များအား ကနဦးအနေနှင့် ပြစ်တင်ရှုတ်ချရမည် ဖြစ်သည်။

စနစ်တကျ ပြင်ဆင်ထားသော နိုင်ငံရေး ရည်မှန်းချက်ရှိသည့် လုပ်ရပ်များအဖြစ် ယူဆနိုင်သော ယင်းတိုက်ခိုက်မှုများသည် မည်သူ့ လက်ချက် ဆိုသည်နှင့် ပတ်သက်၍ သံသယပွားနေဆဲ ဖြစ်သည်။ သို့ရာတွင် ဗုံးခွဲသူများ၏ ရည်ရွယ်ချက်သည် စစ်အစိုးရနှင့် ဆက်နွယ်နေသူများအား ထိုးနှက်တိုက်ခိုက်ရန် ဖြစ်သည်ဆိုသည်မှာ သိသာထင်ရှားလှသည်။

စစ်အစိုးရ ဗိုလ်ချုပ်ကြီးများ၏ သားသမီးများနှင့် ၎င်းတို့၏ မိတ်ဆွေများသည် ရန်ကုန်ဗုံးကွဲမှု၏ ပစ်မှတ်ဖြစ်ပြီး ကချင် ပြည်နယ်အတွင်း ပေါက်ကွဲမှု၌ ထိခိုက်ခံခဲ့ရသူများမှာမူ China Power Investment Corporation နှင့် Asia World Company တို့တွင် အလုပ်လုပ်သည်ဆိုသော “ပြစ်မှု” ကို ကျူးလွန်ကြသည့် တရုတ်အလုပ်သမားများ ဖြစ်ကြသည်။ ယင်း ကုမ္ပဏီနှစ်ခုသည် ဧရာဝတီမြစ်ဆုံစီမံကိန်းကို အဓိက ကန်ထရိုက်ယူထားသည့် ကုမ္ပဏီများ ဖြစ်ကြသည်။

ဒေသခံသတင်းရပ်ကွက်များ၏ အဆိုအရ ကချင်ပြည်နယ် မြစ်ဆုံရှိ ရေကာတာစီမံကိန်းနှင့် အနီးတ၀ိုက် နေရာ ၃ နေရာတွင် ဗုံး ၂၆ လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် တရုတ်အလုပ်သမား ၄ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းမိုင် အခြေစိုက် ကချင်သတင်း အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကန်တော်ကြီးပတ်လမ်းရှိ ရေကစားမဏ္ဍပ်တခုတွင် လူစည်ကားချိန်၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံး၍ ၁၇၀ ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရထုတ် သတင်းစာက ရေးသားဖေါ်ပြခဲ့သည်။

နိုင်ငံတွင်း မည်သို့သော ဗုံးကွဲမှုမျိုး ဖြစ်ပွားစေကာမူ ယင်းဖောက်ခွဲမှုသည် အစိုးရဆန့်ကျင်သည့် အဖွဲ့များနှင့် တိုင်းရင်းသား ခွဲထွက်ရေး အဖွဲ့များ၏ လုပ်ရပ်ဖြစ်သည်ဟု စစ်အစိုးရက တလျှောက်လုံး လွှဲချခဲ့သည်ချည်းသာ ဖြစ်သည်။ ယခု ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အရိပ်အမြွက်ပြောကြားခြင်း မရှိသေးသည့် အပြင် စစ်အစိုးရ သတင်းဌာနများကလည်း ဗုံးဖောက်ခွဲသူများအား “အကြမ်းဖက်သမားများ” ဟုသာ လွယ်လွယ်ကူကူ သုံးစွဲလျက်ရှိသည်။

အနှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီးတောက်လောက်နေသော နိုင်ငံတခု၌ ဗုံးခွဲတိုက်ခိုက်မှုများသည် ထူးခြားသည့် ဖြစ်စဉ်များ မဟုတ်ကြပေ။ သို့ရာတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ၌ မြို့ပြရှိ သာမန်အရပ်သားများ ဖြစ်စဉ်အတွင်း အကျုံးဝင်မှုရှိလာသည်ကို တွေ့ရသည်။ ဤဖြစ်ရပ်များသည် ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုးဆုံးသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စူပါမားကက် ၂ ခုနှင့် ကုန်စည်ပြပွဲခန်းမ တခုတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ပြီး ယင်းပေါက်ကွဲကြောင့် လူ ၁၉ ဦး သေဆုံး၍ ၁၆၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ ယင်းနှစ် ဧပြီလ တွင်လည်း မန္တလေးမြို့ အထင်ကရ ဈေးချို၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့သည်။

ယခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲအား ဗုံးခွဲနှောင့်ယှက်ရန် စီစဉ်နေသည့် လူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်အစိုးရက ပြီးခဲ့သည့် ဇန်န၀ါရီလ၌ ထုတ်ပြန်ကြေညာခဲ့သည်။ “အကြမ်းဖက်သမားများ” သည် ရွေးကောက်ပွဲအား လမ်းလွှဲပစ် ရန် အစီအစဉ်ဖြင့် နိုင်ငံအတွင်းသို့ ထိုးဖောက် ၀င်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့ ၁၁ ဦးသည် ရန်ကုန်စက်မှုဇုန်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ၇ ခုတွင် တာဝန်ရှိကြောင်း အစိုးရပိုင် သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု မြင့်မားလာခြင်းသည် နိုင်ငံ မတည်ငြိမ်မှုနှင့် ဆက်စပ်လျှက်ရှိသည်။ စစ်အစိုးရက နိုင်ငံရေး အတိုက်အခံများကို နှိပ်ကွပ်နေမှုနှင့် စစ်တပ်က တိုင်းရင်းသားလူမျိုးစုများကို ဖိနှိပ်နေမှုများသည် နိုင်ငံမတည်ငြိမ်မှုကို ဖြစ်ပေါ်စေ သည်။ စစ်အစိုးရသည် ဦးဆောင်သူများကို ထောင်သွင်း အကျဉ်းချခြင်းဖြင့် ဒီမိုကရေစီအင်အားစုများအပေါ် မဆင်မခြင် ပြုမူဆောင်ရွက်သကဲ့သို့ အပစ်အခပ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များကိုလည်း ၎င်းခြေဖ၀ါးအောက်ရောက်လာစေရန် ရာဇသံဖြင့် အဓမ္မ ဖိအားပေးလျှက်ရှိသည်။ ယင်းတိုင်းရင်းသားအဖွဲ့များအနေနှင့် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ များအဖြစ် တာဝန်ထမ်းဆောင်ရန် သို့မဟုတ် လက်နက်ချရန် စစ်အစိုးရက ဖိအားပေးနေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ  မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုသည် နိုင်ငံအတွင်း၌ ပိုမို ဆိုးရွားသော ဒုက္ခနှင့် သွေးထွက်သံယိုမှုများကို ဖန်တီးရန် အကြောင်းပြချက် မဖြစ်သင့်ဟု မြင်သည်။

လူသားဖြစ်တည်မှုကို တန်ဖိုးထားသော ကမ္ဘာကြီး၌ ပြစ်မှုကျူးလွန်သူတိုင်း ထိုက်တန်သည့် ပြစ်ဒဏ်ကို ခံရမည် ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရကလည်း ရှင်းလင်းမြင်သာသော အရေးယူဆောင်ရွက်မှုများဖြင့် ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၌မူ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသည့် အချိန်တိုင်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တာဝန်ခံမှုရှိရှိနှင့် ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် စစ်အစိုးရက မည့်သို့မျှ ကြိုးစားအားထုတ်မှုမရှိသည်ကို တွေ့ ရသည်။ ထိုမျှသာမက ဖြစ်ရပ်အပေါ် သတင်းအမှောင်ချသည့်အပြင် ၀ါဒဖြန့်ချိမှု ထပ်ခါတလဲလဲ ပြုလုပ် သဖြင့် မည့်သည့်အခါကမျှ အမှန်တရားကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

အမှန်စင်စစ် ဗုံးဖောက်ခွဲမှုများမှ မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ချေ။ ယင်းပေါက်ကွဲမှုများသည် တိုင်းပြည် မတည်ငြိမ်မှုနှင့် လုံခြုံမှုမရှိခြင်းတို့၏ ပြယုဂ်မျှသာ ဖြစ်ပေတော့သည်။

Thingyan Bombings Rally No One ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်