အစိုးရက အကြမ်းဖက်ခွင့် ရနေသော မြန်မာနိုင်ငံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ရပ်ဆိုင်း လိုက်ရခြင်းသည် ပါတီက ၂၂ နှစ်ကြာ ရုန်းကန် လျှောက်လှမ်း ခဲ့ရသော ဒီမိုကရေစီ ဖော်ဆောင်ရေး အကြမ်းမဖက် လှုပ်ရှားမှု အဆုံးသတ် ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။

တဘက်က ကြည့်ပြန်လျှင်လည်း အစိုးရကိုယ်တိုင် အကြမ်းဖက်မှုများကို ဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီရေး အတွက် အကြမ်းမဖက် အနုနည်းဖြင့် ဆောင်ရွက်နေမှုအပေါ် အောင်ပွဲခံလိုက်ခြင်းဟု ဆိုရပေတော့မည်။

အကြမ်းဖက်ခြင်း လမ်းစဉ်က အကြမ်းမဖက်ခြင်း လမ်းစဉ်အပေါ် အနိုင်ရလိုက်ခြင်းသည် မြန်မာပြည်သူတို့ အတွက် ဆုံးရှုံးခြင်းတခု ဖြစ်သလို အကြမ်းဖက်ခြင်းကို လုံးဝ သည်းခံလိမ့်မည် မဟုတ်ဟု ဆိုနေသော ယနေ့ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း အတွက်လည်း စိန်ခေါ်ချက် တရပ်ပင် ဖြစ်တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းက ရာဇဝတ်မှုဟု သတ်မှတ်ထား ချက်များ အားလုံးကို မြန်မာ စစ်အစိုးရက ချိုးဖောက်ခဲ့သည်။ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်တပ်စခန်းများ ရဲစခန်းများတွင် ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူများကို မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း၊ နိုင်ငံသားတို့၏ လူနေမှု ဘဝများကို ဖျက်ဆီးခြင်း၊ တိုင်းရင်းသား နယ်မြေ ဒေသများအတွင်း ကျေးရွာများ နေရာ ပြောင်းရွှေ့ပစ်ခြင်း၊ တိုင်းရင်းသူများအား အဓမ္မကျင့်ကြံမှုကို လက်နက်သဖွယ် အသုံးချခြင်း စသဖြင့် အမျိုး စုံလှသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အထက်ပါ ဖြစ်ရပ်များကို တိတိကျကျ အထောက် အထားများဖြင့် မှတ်တမ်း တင်နိုင်ခဲ့သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိုယ်ပိုင် တရားစီရင်ရေးစနစ်ကို ကျင့်သုံးလျက်ရှိသည့် စစ်အစိုးရက ၎င်းတို့သည် တည်ဆဲ ဥပဒေများအရ ဆောင်ရွက်နေပါသည်ဟု ဆိုလေသည်။

အကြမ်းမဖက် ဆောင်ရွက်နေသည့် နိုင်ငံရေး လှုပ်ရှားသူများ အပါအဝင် ပြည်သူများအပေါ် စစ်အစိုးရ ကိုယ်တိုင် ကျူးလွန်နေသော အကြမ်းဖက်မှုများကို နိုင်ငံတကာ လူ့ အဖွဲ့အစည်းက တားဆီး ဟန့်တားရန် ပျက်ကွက်ခဲ့သည်ကိုလည်း တွေ့ရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း တုန်လှုပ်ဖွယ် အစုလိုက်အပြုံလိုက် လူသတ်မှုကြီး ၃ ခု ဖြစ်ပွားခဲ့သည်။ ပထမဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ဒီမိုကရေစီရေး အတွက် တောင်းဆို ဆန္ဒပြခဲ့သူများအား အစိုးရက ရက်ရက် စက်စက် ချေမှုန်းခဲ့သည်။ ဆန္ဒပြသူများ အနက် လူပေါင်း ၃ဝဝဝ ခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ရန်ကုန်ရှိ နိုင်ငံခြား သံရုံးများ ကိုယ်တိုင် ထိုသတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ကြသည်။ ထိုအထဲမှ ပစ်ခတ် သတ်ဖြတ်မှု တခုသည် အမေရိကန်သံရုံး ရှေ့တည့်တည့်တွင် ဖြစ်ပွားခဲ့သည်။

ဒုတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးက အထက်မြန်မာပြည်တွင် ၂ဝဝ၃ ခုနှစ်က ဖြစ်ပွားခဲ့သည်။ နယ်သို့ စည်းရုံးရေးခရီးစဉ် ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ချုံခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒီပဲယင်း လူသတ်မှုကြီးဟု လူသိများသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည်။ ထို တိုက်ခိုက်မှုအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းမှ အသင်းဝင်များ၊ စွမ်းအားရှင်အုပ်စုမှ အဖွဲ့ဝင်များကို အသုံးပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် အတူ လိုက်ပါလာသော သူ့အား ထောက်ခံသူများ အနက် အနည်းဆုံး ၁ဝဝ ခန့် သတ်ဖြတ်ခံခဲ့ရသည်။

တတိယအကြိမ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးမှာ သံဃာများ ဦးဆောင်ခဲ့သည့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားကြီးကို နှိမ်နင်းရာမှ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူ လေးငါးဆယ်ထက် မနည်း သတ်ဖြတ်ခံခဲ့ရ၍ ရာပေါင်း များစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

မြန်မာပြည်၌ ဖြစ်ပွားခဲ့သော ရွှေဝါရောင် လှုပ်ရှားမှုကြီးသည်  ငြိမ်းချမ်းသော၊ လုံးဝ အကြမ်း မဖက်သော လှုပ်ရှားမှုကြီး ဖြစ်သည်။ ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ၌ ဖြစ်ပွားလေ့ ရှိသော လူထု ဆန္ဒပြပွဲများကဲ့သို့ အကြမ်းဖက်မှုများဖြင့် ရောထွေးနေသော လှုပ်ရှားမှုမျိုး မဟုတ်ပေ။

မြန်မာ စစ်အစိုးရ၏ အဆိုပါ ရာဇဝတ်ပြစ်မှုများ အတွက် နိုင်ငံအတွင်းမှ ဖြစ်စေ နိုင်ငံတကာက ဖြစ်စေ ထိုကျူးလွန်ဖောက်ဖျက်ခဲ့သူများကို တရား ဥပဒေအတိုင်း အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိခဲ့။

နိုင်ငံတကာ မိသားစုက မြန်မာ စစ်အစိုးရ၏ အကြမ်းဖက်မှုများကို တုံ့ပြန်မှုသည် လွန်စွာမှ နိုင်ငံရေး ဆန်လှသည်။ စစ်အစိုးရ အကြီးတန်း ခေါင်းဆောင်များကို အနောက်နိုင်ငံများက ဗီဇာ ပိတ်ခြင်း၊ လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း၊ စီးပွားရေး ပိတ်ဆို့ခြင်း စသည့် တုံ့ပြန်မှုများလောက်သာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုပိတ်ဆို့ခြင်းများသည် လက်တွေ့တွင် အလုပ်ဖြစ်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခြင်းများကို ကျူးလွန်ခဲ့မှုများ အတွက် မည်သည့် နိုင်ငံတကာ ခုံရုံးတွင်မှ ကျူးလွန်သူများကို အရေးယူရန် စီစဉ် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်သည် ၎င်းတို့ ပျက်ကွက်ခဲ့မှုများကို ဖုံးကွယ်ရေး အတွက် ပိတ်ဆို့မှု နည်းနာကို ဆက်လက် ကျင့်သုံးကာ မြန်မာ စစ်အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်မည့် နည်းလမ်းများကို ရှာဖွေနေသည်။ အနောက်နိုင်ငံများ၏ နည်းဗျူဟာသစ်ကို မြန်မာ စစ်ဗိုလ်ချုပ်များက ရှိသည် ဟူ၍ပင် မသတ်မှတ်ပါ။ ဂရုမစိုက်ပါ။

ဤအတောအတွင်း အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ် ဦးဆောင်သော အဖွဲ့သည် နေပြည်တော်တွင် စစ်အစိုးရနှင့် တွေ့ဆုံကာ နည်းဗျူဟာ အသစ်နှင့် ပတ်သက်၍ ဆွေးနွေးနေသည်။

လက်ရှိ အနေအထားတွင် နိုင်ငံရေးအရ တိုးတက်မှုဟု ဗိုလ်ချုပ်များ ပြောဆိုနိုင်သည့်အရာမှာ မတရားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကြောင့် NLD နိတ္ထိတံပြီ ဟူသော အကြောင်း တခုသာ ရှိလေသည်။

ထို့အပြင် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေသော မြန်မာပြည် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးဆိုသည့် လုပ်ငန်းစဉ်သည် အမြင် မတော်လောက်အောင်ပင် ချိနဲ့နေဆဲ ဖြစ်သည်။

မြန်မာပြည်တွင် အကြမ်းမဖက် လှုပ်ရှားမှု ဘာကြောင့် မအောင်မြင်ရသနည်း ဆိုသည်ကို ပြန်လည် သုံးသပ်သင့်သည်။ အမေရိကန် အပါအဝင် နိုင်ငံတကာ မိသားစုသည် မြန်မာပြည်နှင့် ပတ်သက်သော ၎င်းတို့၏ ပေါ်လစီများကို ပြန်လည် သုံးသပ်သင့်သည်။ တချိန်တည်းတွင်လည်း ရာဇဝတ်မှုများ ချိုးဖောက်ခဲ့ ချိုးဖောက်ဆဲ ဖြစ်သော စစ်အစိုးရကို နိုင်ငံတကာ စံသတ်မှတ်ထားသည့် တရား ဥပဒေဘောင် အတွင်းမှ  မည်သို့ မည်ပုံ အရေးယူမည် ဆိုသည်ကို လေးလေး နက်နက် စဉ်းစားသင့်ပေသည်။

State Violence is Allowed to Win in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်