တရုတ်ဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ်နှင့် လူ့အခွင့်အရေး

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် ဇွန်လ ၂ ရက်နေ့၌ စတင်သည့် မြန်မာပြည် ၂ ရက်ကြာ ခရီးစဉ်အတွင်း ကိစ္စ အတော် များများကို ညှိနှိုင်းဆွေးနွေး လိမ့်မည်ဟု ယူဆရသည်။ သို့သော် ထိုအထဲတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ ပါဝင်လိမ့်မည် မဟုတ်ပေ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယဲ့တာပိုက တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာသို့ ပြောကြားချက်အရ ၀မ်ကျားပေါင်သည် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်အပါအ၀င် အခြား အရာရှိများနှင့် နေပြည်တော်တွင် တွေ့ဆုံသည်ဟု သိရသည်။

“ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ၂ နိုင်ငံ လက်မှတ် ရေးထိုးကြမှာပါ” ဟု တရုတ်နိုင်ငံခြားရေး ဒုတိယ၀န်ကြီး Zhang Zhijun ကို ကိုးကား၍ ဘေဂျင်းတူဒေး သတင်းစာ၌ ဖော်ပြ ထားသည်။

တရုတ်အစိုးရသည် အခြားနိုင်ငံတခု၏ ပြည်တွင်းရေးရာများတွင် “၀င်ရောက်မစွက်ဖက်ရေး” မူဝါဒကို အစဉ်တစိုက် ကိုင်စွဲ ထားသဖြင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရာတွင် ဆိုးရွားနေသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးမည် မဟုတ်သည်မှာ သေချာလှသည်။

မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံအနေနှင့် ၁၃၇၀ မိုင် (၂၁၉၀ ကီလိုမီတာ) ရှည်လျားသော တရုတ်-မြန်မာ နယ်စပ်ဒေသ တလျောက် တည်ငြိမ်မှုရှိရေးကို လိုလားလျက်ရှိသည်။ ယခုအချိန်တွင် မြန်မာစစ်အစိုးရက အင်အား သုံးသောင်း ခန့်ရှိသည့် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေးမှာ တရုတ်အစိုးရအတွက် အခရာဖြစ်နေသည်။

UWSA ကို မူးယစ်ဆေးဝါး မှောင်ခိုလုပ်နေသည့် အဖွဲ့အစည်းဟု မြန်မာစစ်အစိုးရက စွပ်စွဲထားသည်။ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက အစိုးရစစ်တပ်များသည် အနှစ် ၂၀ ကြာ အပစ်အခတ်ရပ်စဲထားသည့် ကိုးကန့်ဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။ ယင်းစစ်ဆင်ရေးကြောင့် ဒုက္ခသည် ၃၇၀၀၀ ကျော် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းသို့ အစုလိုက် အပြုံလိုက် ထွက်ပြေး ခိုလှုံခဲ့ကြရသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသည် စစ်အစိုးရ ထိန်းချုပ်မှု အောက်တွင် နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရန် လုံးဝ ငြင်းဆန်လျက်ရှိသည်ကို တရုတ်အစိုးရက ကောင်းစွာ သိထားသည်။

မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်နောက်ပိုင်းမှ စတင်ဖြစ်ထွန်းလာခဲ့သော နယ်စပ်စီးပွားရေး အခြေခံကောင်းများကို စစ်ပွဲများဖြင့် တဖန် အဆုံးသတ် မသွားစေရေး အတွက် တရုတ်အစိုးရအနေနှင့် သြဇာအရှိန်အ၀ါကို အသုံးပြုရန် အဆင်သင့် ဖြစ်နေပုံရသည်။

ထို့ပြင် တရုတ်အစိုးရသည် မြန်မာစစ်အစိုးရက ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲနှင့် ပတ် သက်၍လည်း စိုးရိမ်နေပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ရွေးကောက်ပွဲမှ ထုတ်ပယ် ထားသည့်အပေါ် စိုးရိမ်မိကြောင်း မကြာသေးခင်ကပင် ထုတ်ဖော်ပြောဆိုခဲ့သေးသည်။  

တရုတ်အစိုးရအနေနှင့် မြန်မာပြည် “နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး” တို့ကို မြင်တွေ့လိုပါသည်ဟု  တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်က ၂၀၀၉ ခုနှစ် ဒီဇင်ဘာ မြန်မာပြည် အလည်အပတ် ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီးကို ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်များအပြင် မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် ဒေသတွင်း နိုင်ငံများအနေနှင့် စိုးရိမ်မှု တိုးပွားလာနေကြောင်း တရုတ်အစိုးရက မြန်မာ စစ်ဗိုလ်ချုပ်များကို ရှင်းရှင်းလင်းလင်း ထောက်ပြဖို့လိုသည်။

မြောက်ကိုရီးယားနိုင်ငံထုတ် တာတိုပစ် ဒုံးလက်နက်များ ၀ယ်ယူမှုအပါအ၀င် နှစ်နိုင်ငံ လက်နက်ခဲယမ်း ကုန်သွယ်မှု တိုးပွား လာခြင်းနှင့် နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် တိုးမြှင့်လာမှုများသည် ဒေသတွင်းနိုင်ငံများကို လွန်စွာ သောက ရောက်စေကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုများသည် ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများကို သိသာစွာ ချိုးဖောက်ရာရောက်ကြောင်း မြန်မာစစ်အစိုးရ လက်ခံလာသည်အထိ တိုက်တွန်းရန်လိုသည်။

တရုတ်နိုင်ငံအနေနှင့် အိမ်နီးချင်း မြန်မာနိုင်ငံ သို့မဟုတ် ဆူဒန်နိုင်ငံကဲ့သို့သော လူဆိုးစာရင်းဝင် နိုင်ငံများအပေါ် ချမှတ်သည့် မည်သို့သော နိုင်ငံတကာ အရေးယူ ဆောင်ရွက်မှုမျိုးကိုမဆို ထောက်ခံလိုစိတ် ရှိပုံမပေါ်ပေ။ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင်လည်း တာဝန်ရှိသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် တစုံတရာ တုံ့ပြန်ခြင်းမရှိဘဲ ခပ်ခွာခွာနေခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ယူဆထားသည်ထက် ပိုမိုစောလျင်စွာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် တရုတ် ခေါင်းဆောင်များအနေနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ တန်ဖိုးများကို အသိအမှတ်ပြုသည့် စိတ်ချယုံကြည်ရသော ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်လာရေးအတွက် ရိုးသားဖြောင့်မှန်မှုကို လက်တွေ့ပြရန် များစွာ ကြိုးပမ်းကြရပေလိမ့်ဦးမည်။

Human Rights Absent from Wen Jiabao's Agenda ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်