မြန်မာ ကလေးများ ကံဆိုးမိုးမှောင်ကျ

E-mail Print
နိုင်ငံတကာ အကူအညီပေးရေး NGO တချို့ ပူးပေါင်း ပါဝင်သည့် နယူးယောက် အခြေစိုက် အဖွဲ့တခုက မြန်မာနိုင်ငံမှ ကလေး သူငယ်များ ကြုံတွေ့နေရသော ဆိုးဝါးသည့် အခြေအနေများ အကြောင်းကို အစီရင်ခံစာ တစောင် ယနေ့ ထုတ်ပြန်လိုက်သည်။

Watchlist on Children and Armed Conflict အဖွဲ့က ထုတ်ပြန်သည့် No More Denial အမည်ရှိ အစီရင်ခံစာတွင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် ဒုက္ခရောက်နေရသည့် ကလေးသူငယ်များကို အကာ အကွယ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုထားသည်။

“မြန်မာကလေးငယ်များ လိုအပ်သည့် အကူအညီကို စစ်အစိုးရက မတားဆီးသင့်တော့ကြောင်း၊ မြန်မာပြည်အတွင်း ဆက်လက် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခတွင် အကြမ်းဖက်ခံနေရသော ကလေးငယ်များကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နှင့် နိုင်ငံတကာ ကလည်း အကာအကွယ် ပေးရမည် ဖြစ်ကြောင်း” အစီရင်ခံစာတွင် ရေးထားသည်။

အစီရင်ခံစာတွင် ကလေးသူငယ်များ စစ်သားအဖြစ် ခိုင်းစေခံနေရခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။

“မြန်မာ့တပ်မတော်က စစ်သား စုဆောင်းရေး အကြီးအကျယ် လုပ်နေရာ ၉ နှစ် အရွယ် ကလေးငယ်များပင် စစ်မှု ထမ်း နေရကြောင်း၊ ကလေးငယ်များကို အဝေးပြေးကားဂိတ်၊ ဘူတာရုံ၊ ဈေး စသည့်နေရာများတွင် ဖမ်းဆီး စုဆောင်း နေကြောင်း၊ တပ်သားသစ် တယောက် ရရန် စည်းရုံးနိုင်ပါက ငွေကြေး သို့မဟုတ် ရိက္ခာ ရရှိသဖြင့် ကလေးများအား ဖမ်းဆီး စုဆောင်းခြင်းကို ဝင်ငွေကောင်းသည့် စီးပွားရေး လုပ်ငန်းတခုသဖွယ် လုပ်ကိုင်နေကြကြောင်း” အစီရင်ခံစာက ဆိုသည်။

မြန်မာအစိုးရကလည်း ကလေးစစ်သား ပပျောက်ရေးကို ဆောင်ရွက်နေကြောင်း အစိုးရက ချုပ်ကိုင်ထားသည့် သတင်း ဌာနများမှတဆင့် တုံ့ပြန်လေ့ ရှိသည်။ အစိုးရက ၂ဝဝ၄ ခုနှစ်တွင် “အရွယ် မရောက်သေးသူ ကလေး သူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီက ကုလ သမဂ္ဂ အရာရှိများ၊ သံတမန်များကို ရန်ကုန် နှင့် မန္တလေးရှိ စစ်သား စုဆောင်းရေး နှင့် လေ့ကျင့်ရေး တပ်များသို့ သွားရောက် လေ့လာပြီး တပ်သားသစ်များကို တွေ့ဆုံ မေးမြန်းနိုင်ရန် စုစုပေါင်း ၇ ကြိမ် စီစဉ် ဆောင်ရွက်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ကလေးများကို စစ်သားစုဆောင်းရေး တပ်သို့ ပို့ဆောင်သူများအတွက် အစိုးရက ပေးသည့် ပြစ်ဒဏ်မှာ အားနည်းနေသေးသည် ဟု Watchlist အဖွဲ့၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။ ကုလသမဂ္ဂ၏ လေ့လာ တွေ့ရှိချက်များ အရ ၂ဝဝ၇၊ ၂ဝဝ၈ ခုနှစ်များအတွင်း ဖော်ထုတ်ခဲ့သည့် အမှု ၂၁ ခုတွင် ပေးခဲ့သည့် ပြစ်ဒဏ်များမှာ ခေါ်ယူ သတိ ပေးခြင်း၊ ငွေဒဏ် ဆောင်ခိုင်းခြင်းတို့သာ ဖြစ်သည်ဟု ဆိုသည်။ အမှုတခုတွင် ပြစ်ဒဏ်မှာ စစ်တပ်မှ အငြိမ်းစား ယူမည့်သက်တမ်းကို တနှစ် နောက်ဆုတ်လိုက်ခြင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။

လူသိထင်ရှား မုဒိမ်းမှုများတွင်လည်း ပြစ်မှု ကျူးလွန်သူကို တရားစီရင်ခြင်း မရှိခဲ့ကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် အစိုးရနှင့် နီးစပ်သည့် အဖွဲ့များက ကလေးသူငယ်များ၊ အရပ်သားများ အပေါ် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ကျူးလွန်နေကြသည်ဟု ဆိုသည်။ လက်နက်ကိုင် အဖွဲ့ အများစသည် ကလေးများကို တပ်သားသစ် အဖြစ် သိမ်းသွင်းလျက်ရှိကြောင်း သတင်းရသည်ဟုလည်း ဖော်ပြထားသည်

လက်နက်ကိုင် ပဋိပက္ခ ဒေသ၊ အထူးသဖြင့် တောတွင်း ပုန်းအောင်း ပြေးလွှားနေရသည့် တိုင်းရင်းသားများ ဒေသရှိ ကလေးများကို ဖမ်းဆီးခြင်း၊ စာသင်ကျောင်းများ ဖျက်ဆီးခံရခြင်း စသည့် အခြေအနေများကို တွေ့နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက ပြောသည်။

အသက် မပြည့်သူများအား စစ်သားအဖြစ် ခိုင်းစေ အသုံးပြုခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရ၏ ဆောင်ရွက်ချက်များတွင် တိုးတက်မှု အနည်းငယ် တွေ့ရသည်ဟု ကိုအောင်မျိုးမင်းက သုံးသပ်သည်။

“ကလေးစစ်သားနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေကို အရေးယူတယ် ဆိုတာတော့ အစီရင်ခံစာ ထွက်လာတယ်။  အရင်တုန်းက ကလေးစစ်သား မရှိဘူး ဆိုပြီး ငြင်းဆန်ရာကနေ အခုလိုမျိုး ကလေးတွေကို ပြန်လွတ်ပေးတာတွေ၊ တာဝန်ရှိသူတွေကို အရေးယူတာ ရှိလာတယ် ဆိုရင် ဒါက ကြိုဆိုနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ကလေးစစ်သားတွေ ဆက်ရှိနေတုန်းပဲ ဖြစ်တဲ့အတွက်  လက်ရှိ အခြေအနေက ရာနှုန်းပြည့် တိုးတက်လာတယ်လို့ ပြောလို့ မရဘူး” ဟု ကိုအောင်မျိုးမင်းက ပြောသည်။

အစီရင်ခံစာသည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း သာမက ဆယ်စုနှစ်များစွာ အခြေအနေဆိုးများကို ကြုံတွေ့ နေရသည့် မြန်မာပြည်သား ကလေးသူငယ်များကို အာရုံစိုက်လာစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

အစီရင်ခံစာ ထုတ်ပြန်သည့် Watchlist အဖွဲ့ကို ၂ဝဝ၁ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့အစည်းသည် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသရှိ ကလေးသူငယ်များ အနိုင်ကျင့် နှိပ်စက်ခံနေရသည့် အခြေအနေများကို လေ့လာပြီး အစီရင်ခံနေသည့် NGO အဖွဲ့များကို စုစည်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လကုန်ပိုင်းတွင်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လုံခြုံရေး ကောင်စီသို့ တင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာပြည်မှ ကလေးစစ်သားများအကြောင်း ပါဝင်သည်။

မြန်မာစစ်အစိုးရက ကုလသမဂ္ဂ နှင့် လက်နက်ကိုင် အဖွဲ့များ ထိတွေ့ ဆွေးနွေးမှု မပြုနိုင်စေရန် ပိတ်ပင်ထားကြောင်း၊ အပစ် အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နီတပ်မတော် (KA) စသည့် အဖွဲ့ ၂ခုသာလျှင် ကုလသမဂ္ဂ၏ ကလေးစစ်သား စုဆောင်းမှု ရပ်ဆိုင်းရေး အစီအစဉ်တွင် ပူးပေါင်း ပါဝင် နေကြကြောင်း ထို အစီရင်ခံစာတွင် ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်