မဲဆောက် ဆန္ဒပြ အလုပ်သမားများ သပိတ်လှန်

E-mail Print
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမား ၂ဝဝ ခန့်သည် လုပ်အားခ နှင့် အလုပ်သမား အခွင့်အရေး ရရှိရန် ယနေ့ ဆန္ဒပြ တောင်းဆိုကြရာ အလုပ်ရှင်က တောင်းဆိုချက်များ ပေးမည်ဟု သဘောတူလိုက်သောကြောင့် သပိတ်လှန်လိုက်ကြောင်း သိရသည်။

အလုပ်သမားများသည် TK အသေးလေး သိုးမွေးစက်ရုံဟု လူသိများသည့် Panthong Manufacturing ကုမ္ပဏီ လီမိတက်က ပိုင်ဆိုင်သည့် စက်ရုံမှ ဖြစ်သည်။

မဲဆောက်မြို့ရှိ အလုပ်သမား ကာကွယ်ရေးရုံးရှေ့တွင် မနက်  ၈ နာရီကျော်မှ နေ့လယ် ၂ နာရီခွဲ အထိ ဆန္ဒပြခဲ့သည်ဟု အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောသည်။

“တောင်းဆိုတဲ့ အချက် ၃ချက်က  ထိုင်းနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဥပဒေ အတိုင်း အလုပ်သမား လုပ်အားခ ရချင်တယ်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် ရဖို့ နဲ့ သောက်ရေ သုံးရေ လုံလောက်စွာ ရရှိဖို့ ဖြစ်တယ်။ ရေရဖို့ ဆိုတာက ည ၁ဝ နာရီမှာ အချိန်ပို အလုပ် ဆင်းရင် ည ၁၁ နာရီ ဆိုရင် ချိုးရေ မရှိတော့ဘူး။ ချိုးရတဲ့သူ ချိုးရသလို၊ မချိုးရတဲ့သူလည်း ရှိတယ်၊ ဒီအချက်တွေကို တောင်းဆိုခဲ့ကြပါတယ်” ဟု အဆိုပါ အလုပ်သမားက ပြောသည်။

ဆန္ဒပြသည့် နေရာသို့ ထိုင်းရဲများ ရောက်ရှိလာသော်လည်း ဖမ်းဆီးခြင်း မရှိဟု သိရသည်။

ယင်း တောင်းဆိုချက်များကို ပြီးခဲ့သည့်လက အလုပ်သမား ကာကွယ်ရေး ရုံးသို့ စာရေးသား ပေးပို့ပြီး တောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိသည့် အတွက် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏ စက်ရုံတွင် မြန်မာ အလုပ်သမားပေါင်း ၃ဝဝ ကျော် ရှိပြီး တရက်လျှင် အလုပ်ချိန် ၉ နာရီ ရှိကြောင်း၊ အချိန်ပို လုပ်အားခ အဖြစ် ငါးဘတ်တန် ခေါက်ဆွဲထုပ် တထုပ် ရရှိခဲ့ကြောင်း၊ ယခု အချိန်တွင် ထိုခေါက်ဆွဲ တထုပ်ပင် မရတော့ကြောင်းလည်း ၎င်းအလုပ်သမားက ရှင်းပြသည်။

အလုပ်သမား နှင့် အလုပ်ရှင်အကြား ညှိနှိုင်းပြီး သဘောတူညီချက်များ ရခဲ့ကြသည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့မှ တာဝန်ခံ ဦးမိုးဆွေက ပြောသည်။

“လာမယ့် ၂၁ ရက်နေ့မှ လစာ ထုတ်ပေးမယ်၊ ဒီကြားရက်တွေမှာ အလုပ်ရှင်က ထမင်း ၃ နပ် ကျွေးမယ် ဆိုပြီး သဘောတူညီမှု ရတယ်၊ လောလောဆယ် သူတို့အနေနဲ့ ငွေကြေး အခက်အခဲ တွေ့နေလို့ သည်းခံစောင့်ပေးပါလို့ အလုပ်ရှင် ကိုယ်စားလှယ်က အလုပ်သမားရုံးမှာ လာဖြေရှင်းသွားပါတယ်” ဟု ဦးမိုးဆွေက ပြောသည်။

ဤအမှု ပြေလည်စေရေး အတွက် မဲဆောက်အခြေစိုက် အလုပ်သမား ရေးရာအဖွဲ့များ ဖြစ်သည့် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (MAP) နှင့် ရောင်ခြည်ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့သည်။

မဲဆောက်မြို့တွင် မြန်မာပြည်သား အများအပြားသည် စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဈေးဆိုင်များ၊ အိမ်များတွင် ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

၂ဝဝ၂ ခုနှစ်မှ ယခုအချိန်အထိ အလုပ်သမားများက အလုပ်ရှင်ကို လစာ ရရှိရေးအတွက် တရားစွဲသည့် အမှုပေါင်း ၁၃၈ မှု ရှိခဲ့သည်၊ အမှု အားလုံးတွင် ထိုင်းတရားရုံးက မြန်မာပြည်သား အလုပ်သမားများကို အနိုင်ပေးခဲ့သည့် အတွက် လစာ နှင့် လျော်ကြေးငွေများ ရရှိကြသည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

 “အခုလို အလုပ်ပါးတဲ့ အချိန်မှာဆိုရင် တလမှ အများဆုံး ဘတ်၂ထောင် ရတယ် ခင်ဗျ။ တခါတလေ ဆိုရင် ဘတ် ၃ဝဝ လောက်ပဲ ရတယ်။ စားဖို့ သောက်ဖို့ ဒုက္ခ ရောက်ရပါတယ်” ဟု TK  စက်ရုံမှ အလုပ်သမား တဦးက ပြောသည်။

ထိုင်း ဥပဒေအရ မဲဆောက်ဒေသရှိ အလုပ်သမားတဦး အနည်းဆုံး ရရှိမည့် တနေ့ လုပ်အားခမှာ  ၁၅၁ ဘတ် (၄ ဒေါ်လာခန့်) ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်