လူ သန်း ၁၀၀ ပင် စား၍မကုန်ဟု ဗိုလ်ချုပ်မှူးကြီးပြော

E-mail Print
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ကဏ္ဍပိုင်း၌ တိုးတက် အောင်မြင်မှုများ ရရှိရန်အတွက် ကြိုးပမ်းလုပ်ကိုင်ခဲ့ပြီး ယခုအခါ ရိက္ခာဖူလုံရုံသာမက ပိုလျှံနေကြောင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောကြားလိုက်သည်။    

နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး ခန်းမ၌ ပြီးခဲ့သည့် တနင်္လာနေ့က ကျင်းပသော အထူးစီမံကိန်းများ အကောက်အထည် ဖော်ရေးအဖွဲ့၏ (၁/၂၀၀၉) ညှိနှိုင်း အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “စိုက်ပျိုးရေး ကဏ္ဍပိုင်း၌ တိုးတက်အောင်မြင်မှုများ ရရှိရန်အတွက် ကြိုးပမ်း လုပ်ကိုင်ခဲ့ရာ ယခုအခါ ၀မ်းစာရိက္ခာ ဖူလုံရုံသာမက ပိုလျှံနေသည်”ဟု ပြောကြားကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ထို့အပြင် တိုင်းပြည်တာဝန်ကို စတင်ယူချိန်၌ စပါးထွက်ရှိမှုမှာ စုစုပေါင်း စပါးတင်း သန်း ၆၀၀ ကျော်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ စပါးတင်း သန်း ၁၆၀၀ ခန့် အထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ပြီး ဖြစ်ရာ နောင်လူဦးရေ သန်း (၁၀၀) တိုးပွားလာသည်အထိ စားနပ်ရိက္ခာအတွက် ပူပင်ကြောင့်ကြရန် မရှိဘဲ လုံလုံ လောက်လောက် စားသုံးနိုင်ပြီး ဆက်လက်၍လည်း စပါးတင်းသန်း ၂၀၀၀ ထွက်ရှိရန် ရည်မှန်းချက် ထားရှိ၍ ကြိုးပမ်းလုပ်ကိုင် နေကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါဝင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သူရတင်အောင်မြင့်ဦး စသဖြင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ထုတ်ပြန်သည့် စပါးအထွက်နှုန်း ခန့်မှန်းချက်မှာ များစွာသံသယ ဖြစ်ဖွယ်ရှိသည်ဟု သြစတေးလျ နိုင်ငံ Macquarie တက္ကသိုလ်၊ စီးပွားရေးဌာနမှ ပါမောက္ခ Sean Turnell က ဧရာဝတီသို့ ပြောသည်။

“သိတဲ့အတိုင်းပဲ လယ်သမားတွေက အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အတိုင်း စိုက်ရတယ်။ မစိုက်ရင် လယ်အသိမ်းခံရမယ်။ ဒါကြောင့် လယ်သမားတွေ ကလည်း သတ်မှတ်တဲ့ အတိုင်း စိုက်တယ်လို့ သတင်းပို့တယ်။ ဒေသခံ အာဏာပိုင် တွေကလည်း အထက်ကို အစီရင်ခံတဲ့အခါ အထွက်နှုန်း ကောင်းတယ်လို့ အစီရင်ခံရတယ်။ ဒါကြောင့် အခြေအနေတွေက အရင် ဆိုဗီယက် ယူနီယံလို ဖြစ်နေတယ်”ဟု Sean Turnell က ပြောသည်။

အမေရိကန်အစိုးရ စိုက်ပျိုးမွေးမြူရေး ၀န်ကြီးဌာန၏ နိုင်ငံခြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အဖွဲ့၏ ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန် ကြေညာချက်အရ မြန်မာပြည်၏ စပါးအဓိက ထွက်သော ဒေသမှာ နာဂစ်မုန်တိုင်း အပြီး၌ ဆားငန်ရေများ ၀င်ရောက်သဖြင့် ပျက်စီးသွားသည့် လယ်မြေများမှာ ဟက်တာ ၉ သိန်းခန့် ရှိမည်ဟု ဆိုသည်။

အဆိုပါ ဆားငန်ရေ ၀င်ရောက်သည့် လယ်မြေ ပမာဏမှာ တနိုင်ငံလုံးရှိ လယ်မြေ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း ရှိသည်ဟုသိရပြီး ဆန်တန်ချိန် ၁.၃၅ သန်းခန့် ထွက်ရှိသည့် ဧရိယာဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ အမည်မဖော်လိုသူ စီးပွားရေး ပညာရှင်တဦးက ယခုလို ပြောဆိုလိုက်ခြင်းသည် ကုလသမဂ္ဂ အပါဝင် တစ်ခြားလူမှု ကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ ထုတ်ပြန် ကြေညာချက်များကို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။   

“စာရင်းဇယား တွေအရ မြန်မာပြည်တွင်းမှာ ဆန်စပါးကို ဘယ်လိုဖြန့်ချိပြီးတော့ ဘယ်လို လည်ပတ်နေတယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်၂၀၀၈ ခုနှစ်၌ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အပါဝင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဆန်စပါး မလုံလောက်မှုများ ရှိနေသေးကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်