မလေးတွင် ဆန္ဒပြ မြန်မာ အကျဉ်းသားများ အကြမ်းဖက် နှိမ်နင်းခံရ

E-mail Print
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော မြန်မာ အလုပ်သမားများ ဆန္ဒပြကြရာ ယမန်နေ့တွင် လူဝင်မှု ကြီးကြပ်ရေး (လ၀က) ရဲအဖွဲ့၏ မျက်ရည်ယိုဗုံးများ အသုံးပြုပြီး အကြမ်းဖက် နှိမ်နှင်းခြင်း ခံလိုက်ရသည်။

ယင်းအဖြစ်အပျက်သည် ထိန်းသိမ်းရေး စခန်းအတွင်းရှိ ကျန်းမာရေးချို့တဲ့နေသော မြန်မာ ၂ဦးက ဆေးခန်းသို့ သွားရောက်သည်ကို သတ်မှတ် လူဦးရေထက် ပိုမို၍ လာရောက်သည့် အတွက် လ၀ကတာဝန်ရှိသူများ က အဆိုပါ မြန်မာ ၂ ဦးကို ထိုးနှက်ခဲ့ရာမှ စတင်ခဲ့သည်။

ထိုသတင်းကို စခန်းတွင်းရှိ အထိန်းသိမ်းခံ မြန်မာများက တယ်လီဖုန်းဖြင့် ဧရာဝတီသို့ လျှို့ဝှက်စွာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

စခန်းအတွင်းရှိ အထိန်းသိမ်းခံ ကိုအောင်လွင်ဦးက “အဲဒါကြောင့် ကျနော်တို့ မနက်ပိုင်း ထောင်မှာ တန်းမစီတော့ ဘဲဆန္ဒ ပြတယ်၊ အဲဒါမနေ့က ကုလသမဂ္ဂက လို့ပြောပြီး လူ ၁၇ယောက်ကို ဓာတ်ပုံရိုက်မယ် ဆိုပြီး ခေါ်တယ်၊ လိုက်သွားတဲ့ မြန်မာ တယောက် က လိမ်ခေါ်သွားပြီး အခု နှိပ်စက်နေတယ် ဆိုပြီး အော်တယ်၊ အဲဒီမှာ ကျနော်တို့ မခံမရပ်နိုင် ဖြစ်ရာကစတာ တာဝန်ရှိသူတွေက  သေနတ် ၉ချက်လောက် ဖောက်တယ် မျက်ရည်ယိုဗုံး ၆လုံးအထိ အသုံးပြုခဲ့တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြသူများက စခန်းတွင်းတွင် ကာရံထားသော သံဆူးကြိုးနှင့် သံပြားများကို  ခွာလိုက်ကာ ငြိမ်သက်စွာ ဆန္ဒပြ ခဲ့ကြကြောင်း၊ ဖမ်းဆီးထားသောသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ သေနတ်၊ တုတ်၊ ဒိုင်းများ ကိုင်ဆောင် ထား သည့် အနီရောင်ဝတ်စုံ ၀တ်ဆင်ထားသော လုံထိန်းများနှင့် မီးသတ်ကား ၈စီး ခန့်ရောက်လာ ကြောင်း ၎င်းကဆက် ပြောသည်။

“သူများနိုင်ငံမှာ တရားမ၀င်လာ အလုပ်လုပ်တာ ကျနော်တို့မှားတယ်ဆိုတာ ၀န်ခံတယ်၊ ဒါပေမယ့် အခုကျနော်တို့ကို ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားတာ ၆လလောက်ရှိသွားပြီ၊ အဲဒါမခံမရပ်နိုင် ဖြစ်ပြီးတော့ ထွက်ပေါက်တခုကို တောင်းဆိုတယ်”  ဟု ကိုအောင်လွင်ဦးက ပြောသည်။

အနှိပ်စက်ခံခဲ့ရသူ တဦးသည် မျက်လုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ယခုအချိန်ထိ သဲကွဲစွာ မြင်တွေ့ရခြင်း မရှိသေးသည့် အတွက် စိုးရိမ်ရ ကြောင်း သိရသည်။

 မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRမှ ပြောခွင့်ရ Yante Ismailက “သတင်းအရ ဒီနေ့ ကျနော်တို့ ဆီက အဖွဲ့တဖွဲ့က လူဝင်မှု ကြီးကြပ်ရေး စခန်းကို သွားခဲ့တယ်၊ အသေးစိတ်က တော့ မသိရသေးပါဘူး”ဟု ဧရာဝတီသို့ပြောသည်။

ယင်း စခန်းတွင် အဆောင် ပေါင်း ၅ဆောင်ရှိကာ အဆောင်တဆောင်လျှင် လူ ၁၇၀ ခန့်ရှိပြီး ထိန်းသိမ်း ခံထား ရသူ အများစုမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား များ ဖြစ်ကြောင်း၊ ထိန်းသိမ်းခံထားရသူများသည် ယခုအခါ လုံလောက်သော အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေကို မရရှိသကဲ့သို့ တကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ဆေးကုသ ခွင့်မရကြောင်း ကြားသိရသည်။

လဝက ထိန်းသိမ်းရေး စခန်းတွင် ချုပ်နှောင် ခံရသူများကို လဝက ဝန်ထမ်းများ၊ RELA ဟု  ခေါ်သည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမား နှိမ်နင်းရေး အဖွဲ့ဝင်များက နှိပ်စက်ကြသည်ဟု ထိန်းသိမ်းခံရဖူးသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။

RELA တပ်ဖွဲ့ဝင် များသည် စနစ်တကျ လေ့ကျင့် ထားသူများ မဟုတ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ အပေါ် စနစ်တကျ အနိုင်ကျင့် နှိပ်စက်ရန် ခွင့်ပြုထားသည့် မလေးရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေများကို ပြုပြင် ပြောင်းလဲသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ များက ထောက်ပြ ကြသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား လဝက အချုပ်ခန်းများကို ကွပ်ကဲရန်၊ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့် ပေးထားသည်။

လွန်ခဲ့သောလက မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသူ မြန်မာပြည်သား အလုပ်သမား ၂ ဦးသည် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် သေဆုံးသွားခဲ့သည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန် များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်းလည်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အဆင်မပြေသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့်ချီပြီး ရှိနေသည်။  အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ရှိသည်။

မလေးရှားတွင် မြန်မာပြည်သား ၅ သိန်းခန့် ရှိသည်ဟု ခန့်မှန်းကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်