ဘောလုံးနှင့် လောင်းကစား ရန်ကုန်တွင် လူကြိုက်များ

E-mail Print
ရန်ကုန်မှ ဘောလုံး ပရိသတ် အလွန်အမင်း နှစ်သက်သည့်  ဥရောပဖလား ပွဲစဉ်များ ရပ်နားထားသည့် အချိန်တွင် ရသေ့စိတ်ဖြေ ကြည့်ရှုနိုင်သည့် ပြည်တွင်းဖြစ် ဘောလုံးပွဲစဉ် တခု ရှိနေသည်။ ထိုပွဲစဉ်မှာ ပရိုစနစ်သို့ ကူးပြောင်းလာသည့် မြန်မာ ဘောလုံး လောက၏ ပထမဆုံး ပြိုင်ပွဲဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် MNL ပြိုင်ပွဲဖြစ်သည်။

လွန်ခဲ့သည့် ၂ လခန့်က စတင်ပြုလုပ်နေသည့် MNL CUP Grand Royal 2009 ပွဲစဉ်များမှာ မကြာမီ ရက်ပိုင်းအတွင်း အဆုံးသတ်မည် ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ  F.C နှင့် ရန်ကုန်တိုင်း ကိုယ်စားပြု ရန်ကုန်ယူနိုက်တက်  F.C တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဤအသင်းနှစ်သင်းသည် ပြီးခဲ့သည့်လက တကြိမ်တွေ့ခဲ့ရာ ၂ ဂိုးစီ သရေကျခဲ့သည့်အတွက် ခြေမကွာသော အသင်းများ ဖြစ်သည်ဟု အများက ယူဆကြသည်။

မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ကလပ်အသင်း ၈ သင်းက မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အသင်း ၁ သင်းလျှင် ပွဲစဉ် ၇ ပွဲစီ ကန်အပြီး အမှတ် အများဆုံး ရသည့် ရတနာပုံအသင်း နှင့် ရန်ကုန် အသင်းတို့ ဗိုလ်လုပွဲ တက်လာကြခြင်း ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်းသည် နာမည်ကျော် လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သည့် ကလပ်အသင်း ဖြစ်သည်။ နည်းပြချုပ်မှာ ယခင် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဦးမျိုးလှိုင်ဝင်းဖြစ်ပြီး အာဖရိက ကစားသမား (၃) ဦး ကို ငှားရမ်းထားသည်။

ရတနာပုံသည် လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း၏ အသင်းဖြစ်သည်။ ရတနာပုံ၏ နည်းပြမှာ ပြင်သစ်နိုင်ငံမှ Mr. Yoan Girard ဖြစ်ပြီး ဘောလုံးသမားများတွင် နာမည်ကျော် ဘဏ္ဍာအခွန်ဘောလုံးအသင်းမှ ကစားသမား ၈ ဦး၊ အာဖရိကတိုက်မှ ကစားသမား ၅ ဦး ပါဝင်သည်။

ရတနာပုံ၏ အိမ်ကွင်းမှာ ဗထူးကွင်း ဖြစ်ပြီး၊ ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်းမှာ အောင်ဆန်းကွင်းဖြစ်သည်။ ယခု ကန်ရမည့် သုဝဏ္ဏဘောလုံးကွင်းမှာ နှစ်သင်းလုံးအတွက် အဝေးကွင်း ဖြစ်နေသော်လည်း ရန်ကုန်ယူနိုက်တက်အတွက် အားသာချက် တခု ရှိနေသည်။ ဗိုလ်လုပွဲကို ရန်ကုန်ပရိသတ်ရှေ့တွင် ပြုလုပ်မည် ဖြစ်သောကြောင့် ရန်ကုန် ယူနိုက်တက် အသင်းသည် ပြိုင်ဘက်အသင်းထက် ပရိတ်သတ်အားပေးမှု ပိုမို ရရှိမည် ဖြစ်သည်။

ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နိုင်မည်ဟု တာမွေမြို့နယ်မှ ဘောလုံးပွဲကြည့်သူတဦးက ထင်ကြေးပေးသည်။

“ရန်ကုန်ယူနိုက်တက်မှာ မြန်မာ့လက်ရွေးစင်အသင်းက လူတွေ ပါတယ်၊ ရန်ကုန်မှာ ကန်တဲ့အတွက် ပရိသတ် အင်အား အပြည့်ရှိတဲ့အပြင် အသင်းကလည်း ကစားသမားတွေကို ဆုငွေ ကောင်းကောင်း ပေးတဲ့အတွက် စိတ်ဓာတ်ပိုင်း အရ သူ့မှာ အားရှိပြီးသား ဖြစ်နေတယ်” ဟု သူကဆိုသည်။

ရန်ကုန်အသင်းမှ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြိုင်ဘက်အသင်း၏ ကစားဟန်မှာ ကောင်းမွန်ကြောင်း ချီးကျူးထားသည်။ “ရတနာပုံအသင်း၏ ကစားဟန်မှာ ကောင်းမွန်သော်လည်း မိမိတို့အနေဖြင့် နည်းဗျူဟာအပိုင်းတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်” ဟု ၎င်းတို့အသင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်မှ ဘောလုံးဝါသနာရှင်တဦးကမူ ရတနာပုံအသင်းလည်း နိုင်ချေရှိကြောင်း သုံးသပ်သည်။

“တခြား အသင်းတွေနဲ့ ယှဉ်ရင် ရတနာပုံက ပေးဂိုးအနည်းဆုံး ဖြစ်တယ်၊ ခံစစ်အား ကောင်းတယ်၊ ကစားပုံ တည်ငြိမ်တယ်။ ဒီ နေရှင်နယ်လိဂ်ပွဲစဉ်မှာ အမှတ် အကောင်းဆုံး အသင်းလည်း ဖြစ်တယ်။ ပြီးတော့ ရှုံးပွဲလည်း မရှိသေးဘူး” ဟု  ၎င်းက ပြောသည်။

ဥရောပဖလား ဘောလုံးပွဲ များကို လောင်းကြေး ကျပ်ငွေ အနည်းငယ်မှ ကျပ်သိန်း ရာနှင့်ချီပြီး အလောင်းအစား လုပ်ကြသော်လည်း ယခု ပြုလုပ်နေသည့် MNL CUP Grand Royal 2009 ပွဲစဉ်များနှင့် ပတ်သက်ပြီး လောင်းကစားလုပ်သူ အနည်းငယ်သာ ရှိသည်ဟု ရန်ကုန်မြို့ တရုတ်တန်းမှ ဒေသခံတဦးက ပြောသည်။

“နေရှင်နယ်လိဂ်ပွဲစဉ်က အခုမှစတာလေ၊ လူသိ မများဘူး၊ လူကြိုက်လည်း ဥရောပပွဲစဉ်တွေလောက် မများဘူး၊ ဒါကြောင့် လောင်းတာတွေ သိပ်မရှိဘူး” ဟု ၎င်းက ရှင်းပြသည်။

ဥရောပဖလားပွဲစဉ်များ ပြန်လည်အစပြုသည့်အခါ ဘောလုံး လောင်းကစားမှုများ ပြန်လည် လှုပ်ရှားလာမည်ဟု ယူဆရကြောင်း ၎င်းက သုံးသပ်သည်။ ဘောလုံးလောင်းကစား၊ နှစ်လုံးထီ လောင်းကစားများက လူအများအပြားအတွက် နေ့စဉ်လုပ်ငန်းတခုသဖွယ် ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

“တလုံး၊ နှစ်လုံး၊ သုံးလုံး သိထားမှ စကားပြောလို့ ကောင်းတယ်” ဟု ရန်ကုန်သား လူငယ်တဦးက ဆိုသည်။

“တလုံး” ဟူသည်မှာ ဘောလုံးပွဲ လောင်းကစားခြင်းကို ဆိုလိုပြီး၊ “နှစ်လုံး၊ သုံးလုံး” ဟူသည်မှာ တရားမ၀င် ထီများကို ဆိုလိုခြင်း ဖြစ်သည်ဟု ရန်ကုန် ဒေသခံတို့က ရှင်းပြသည်။ လမ်းတွင် တွေ့ဆုံနှုတ်ဆက် စကားပြောခြင်းမှ လက်ဖက်ရည်ဆိုင် စကားဝိုင်းအထိ ဘောလုံးပွဲအကြောင်း၊ နှစ်လုံးထီ အကြောင်း ပြောဆိုလေ့ ရှိကြသည်ဟု ဆိုသည်။

လောင်းကစား သုံးမျိုးစလုံးမှာ တရားဥပဒေနှင့် မလွတ်ကင်းသော်လည်း မြန်မာပြည် နေရာအနှံ့တွင် တွင်ကျယ်နေသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူများမှာ အာဏာပိုင်တို့၏  အဆက်မပြတ် စောင့်ကြည့်ခြင်း ခံနေရသော်လည်း လောင်းကစားသမားများမှာမူ နိုင်ငံရေးသမားတို့ထက် ပို၍ အသက်ရှူချောင်နေသည်ဟု ရန်ကုန်မှ စာရေးဆရာတဦးက ပြောသည်။

“ချဲထီထိုး၊ ဘောလုံးပွဲလောင်းတာတွေက အန္တရာယ်ကင်းတဲ့လုပ်ငန်းတွေလို ဖြစ်နေတယ်။ အဖမ်းအဆီး သိပ်မရှိဘူး၊ ဖမ်းလည်း လွတ်အောင် လိုက်လို့ရနေတာပဲ” ဟု အဆိုပါ စာရေးဆရာက သုံးသပ်ပြသည်။

မြန်မာနိုင်ငံတွင် စားဝတ်နေရေး တနေ့ထက်တနေ့ ပိုမို ခက်ခဲ လာသည်ဟု ဆိုသော်လည်း ဘောလုံးပွဲလောင်းကစား၊ နှစ်လုံးထီလောင်းကစားတို့က လူအများအပြားကို ဆွဲဆောင်လျက်ရှိသည်ဟုလည်း ၎င်းက ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်