ဗိုလ်ချုပ်မှူးကြီးက အပြောင်းအလဲလိုလားကြောင်း ပြသပြီဟုဆို

E-mail Print
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြားဝင်စွက်ဖက် လိုက်ခြင်းက မြန်မာ စစ်အစိုးရ၏ “အပြောင်းအလဲ” ခြေတလှမ်းကို အစပြုလိုက်ခြင်းပင် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

“အိုဘားမားက စလိုက်တဲ့ Change (အပြောင်းအလဲ) ဆိုတဲ့ စကား တလုံးကြောင့် ယနေ့ကမ္ဘာမှာ Change ဆိုတာဟာ လူတိုင်းရဲ့ သည်းခြေကြိုက် ဖြစ်လာခဲ့ပါတယ်။ ကျနော့်အမြင်ပြောရင် ဒါဟာလည်း နိုင်ငံတော် ပိုင်းက Change ကိုခြေတလှမ်း စလိုက်ခြင်း ဖြစ်နိုင်ပါတယ်” ဟု ဆောင်းပါးရှင် မန်းသာစိန် (ဖာပွန်) က ရေးသား ထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို တရားသူကြီးက ပြစ်ဒဏ် အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက မင်္ဂလာသတင်း တရပ်ကြေညာခဲ့သည် ဟုလည်း ဖော်ပြ ထားသည်။

“အဲဒီလို ပြစ်ဒဏ်ချမှတ်ပြီးလျှင်ပြီးချင်း MRTV၊ MRTV4 တွေကနေ အထူးသတင်းတရပ် ထုတ်လွှင့် ကြေညာပေး ချိန်မှာ ကျနော်တို့ ပြည်သူတွေအားလုံး ဘဝင်နွေးပြီး ရင်အေးသွားကြရတာ အမှန်ပါပဲ” ဟု “မေတ္တာကို မေတ္တာဖြင့်သာ” အမည်ရှိ ၎င်းဆောင်းပါးအတွင်း ထည့်သွင်းရေးသား ထားသည်။

ဆောင်းပါးရှင်က “နေအိမ်အကျယ်ချုပ်” ဟူသော အသုံးအနှုန်းကိုလည်း ကန့်ကွက် ထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အတွင်း သက်သောင့်သက်သာနှင့် လွတ်လပ်စွာ နေထိုင်ခွင့် ပေးထား သည့်အတွက် “နေအိမ်အကျယ်ချုပ်” ဟု မသုံးနှုန်းသင့်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်သည် “သားရွှေအိုး ထမ်းလာသကဲ့သို့” ဖြစ်သည်ဟု ဖော်ပြထားသည်။

“ဒီသတင်းကို ကြားသိလိုက်ရချိန်မှာ စေတနာမေတ္တာရှေ့ထားပြီး အမြော်အမြင်ရှိရှိနဲ့ လိုက်လျောသက်ညှာ ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲရဲ့ ကျေးဇူးကြောင့် နိုင်ငံနဲ့ ပြည်သူ တည်ငြိမ်အေးချမ်းမှု မပျက်ယွင်းဘဲ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ရှေ့ခရီးကို ချောချောမွေ့မွေ့ ရှေ့ဆက်နိုင် တော့မှာကို တွေးပြီး ကျနော်တို့ ပြည်သူတွေအားလုံး ဝမ်းသာကြည်နူးခဲ့ရပါတယ်” ဟု ယင်းဆောင်းပါးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အပြီးသတ်အမိန့်မချခင်တရက်အလိုကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်းပြစ်မှုနှင့်ပတ်သက်၍ လျှော့ပေါ့ ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်း၊ ကောင်းမွန်စွာနေထိုင်ပါက လွတ် ငြိမ်းချမ်းသာခွင့်ပေးခြင်း ဆိုင်ရာ ညွှန်ကြားချက်တရပ်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ အရသိရှိရသည်။

၎င်း အမိန့်ကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ၁၁ ရက်နေ့တွင် အင်းစိန်ထောင် အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားသူကြီးများက ပြစ်ဒဏ်ချမှတ်အပြီး ဖတ်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်ကို ထက်ဝက် လျှော့ ချပေးပြီး ထောင်တွင်မနေစေဘဲ နေအိမ်တွင် ပြန်လည်နေရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ နေအိမ်တွင် နေစဉ်အတွင်း မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့ ကြည့်ခွင့်ရမည်ဖြစ်ပြီး၊ အစိုးရထုတ် သတင်းစာနှင့် ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းများ ဖတ်ရှုခွင့်ပြုမည်ဖြစ်သည်။

ဧည့်သည်ကို အကန့်အသတ်နှင့် တွေ့ခွင့်ရရှိမည်ဖြစ်ပြီး ၎င်း၏ ခြံထဲတွင် လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျန် ၁ နှစ်ခွဲကို ဆိုင်းငံ့ပြစ်ဒဏ် အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ၎င်းဆိုင်းငံ့ကာလ၌ သတ်မှတ်စည်းကမ်းချက်များနှင့် ကောင်းမွန်စွာနေထိုင်မည် ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့် ခံစားရမည်ဟု ဗိုလ်ချုပ်မှူးကြီးအမိန့်တွင် ပါရှိသည်။

ကျန်းမာရေးအတွက် လိုအပ်လျှင် ဆေးကုသခွင့်ရရှိမည်ဖြစ်ပြီး တခြားလိုအပ်ချက်များရှိလျှင်လည်း တောင်းဆိုနိုင်သည်ဟုဆိုသည်။

အခွင့်အရေးများထဲတွင် ရေဒီယို နားထောင်ခွင့်နှင့် နိုင်ငံခြား ရုပ်သံမီဒီယာများ ကြည့်ရှုခွင့်၊ နိုင်ငံခြား စာစောင်များ ဖတ်ရှုခွင့် မပါရှိပေ။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းကိုလည်း ပိုမို လုံခြုံမှုရှိစေရန် အသစ်ပြန်လည် ကာရံခြင်းများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဒေါ်အောင်ဆန်း စုကြည်သည် စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ၆ နှစ် သက်တမ်းစေ့ရန် ရက်ပိုင်းခန့်အလိုတွင် ၎င်း၏ နေအိမ် ခြံဝင်းအတွင်း အင်းလျားကန်မှတဆင့် ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ကျွေးမွေး ပြုစု၍ နေထိုင်ခွင့်ပြုခဲ့ခြင်းကြောင့် စစ်အစိုးရက အင်းစိန်ထောင်တွင်း အထူး တရားရုံးတွင် ခုံရုံးတင် စစ်ဆေးခဲ့သည်။

ယင်းအမှုကို သြဂုတ်လ ၁၁ ရက်နေ့က အပြီးသတ်အမိန့်ချခဲ့ရာ တရားသူကြီးများက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်သတ်မှတ်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ်နှစ်ထက်ဝက်သာ နေအိမ်၌ ကျခံစေရန် ကြားဖြတ် ပြင်ဆင်ညွှန်ကြား ခဲ့သည်။ ဂျွန် ဝီလျံ ယက်ထော ကမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်