အဖွဲ့ချုပ်ခေါင်းဆောင်တချို့ကို စစ်အစိုးရက နေပြည်တော်သို့ ခေါ်ဆောင်

E-mail Print
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (CEC) ၄ ဦးကို ယနေ့တွင် စစ်အာဏာပိုင်များက နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန်နေ့က ရဲ အထူးသတင်းတပ်ဖွဲ့(အက်စ်ဘီ)က NLD ဥက္ကဌ ဦးအောင်ရွှေ၏ နေအိမ်သို့ CEC များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ ၊ ဦးလှဖေ တို့အား နေပြည်တော်သို့ လာရောက်ရန် တဦးချင်း အမည်တပ် ထားသော ဖိတ်စာများကိုပေးပို့ ခဲ့သည်ဟု NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က ပြောသည်။

“သူတို့ တယောက်စီရဲ့ နာမည်နဲ့ ဖိတ်စာ ပို့တယ်၊ ဥက္ကဌ အိမ်ကို ပို့တာ၊ မနေ့ကပဲ အက်စ်ဘီက လာပို့သွားတာ၊ အဲဒီ ၄ ယောက်လုံးဟာ မစ္စတာ ဘန်ကီမွန်းလာတုန်းကလည်း သွားတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ ဘာအတွက် ခေါ်တယ်ဆိုတာတော့ မပြောဘူး၊ ဒီမနက် သွားပြီ၊ တညအိပ်၂ ညအိပ် လောက်အထိ ပြင်ဆင်ထားပါလို့ မှာသွား တယ်လို့လည်း ပြောတယ်”ဟု ဦးအုန်းကြိုင်က ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည် လာစဉ် ကလည်း စစ်အာဏာပိုင်များက အဆိုပါ CEC ၄ ဦးကို နေပြည်တော်သို့ ခေါ်ယူ တွေ့ဆုံစေခဲ့သော်လည်း အချိန် အကန့်အသတ်ဖြင့်သာ တွေ့ဆုံခွင့်ပေးသဖြင့် ထိရောက်မှုမရှိ၍ အားရကျေနပ်မှုမရှိကြောင်း NLD က ထုတ်ဖော် ပြောဆိုခဲ့ ဖူးသည်။

ယင်းသို့ CEC အဖွဲ့ဝင်များအား အာဏာပိုင်များက ခေါ်ဆောင်သွားခြင်းသည် ယနေ့တွင် နေပြည်တော်သို့ ရောက်ရှိလာသည့် အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ်ရေးရာကော်မတီ ဥက္ကဌ လည်းဖြစ်သည့် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် တွေ့ဆုံရန် ဖြစ်နိုင်သည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က ပြောသည်။

“ကျနော် ထင်တာကတော့ အမေရိကန် ဆီနိတ်တာ ဂျင်မ် ဝက်ဘ်နဲ့ တွေ့ဖို့၊ အဲဒီလို ဖြစ်နိုင်တယ်၊ တခြား ကိစ္စ လည်းဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb)သည် ၎င်း၏ ၂ ပတ်ကြာ အာရှ ခရီးစဉ်အရ လာအို နိုင်ငံမှ ယနေ့တွင် မြန်မာ နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး စနေနေ့တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ ဆုံဖွယ်ရှိ ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ တွေ့ဆုံခြင်းသည် လက်ရှိ အမေရိကန် အိုဘားမား အစိုးရ က မြန်မာ စစ်အစိုးရအပေါ် ထားရှိသော ပေါ်လစီ နှင့် ပတ်သက်သည့် အပြောင်းအလဲအတွက် ကြိုတင်လာရောက် ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း၊ သို့ သော် မကြာသေးခင်က စစ်အစိုးရက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည့် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ၏ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဆွေးနွေးမည် မဆွေးနွေးမည်မှာ မသေချာကြောင်း လေ့လာသူများ က သုံးသပ်နေကြသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ်  ဝင်ရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအားတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ ၎င်းအား အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြီးခဲ့သည့် အင်္ဂါနေ့တွင် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဂျင်မ် ဝက်ဘ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်းက ၎င်းတို့အနေနှင့် စိတ်ဝင်စားမှု မရှိကြောင်း RFA အသံလွှင့်ဌာန သို့ ပြောဆိုထားသည်။

ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက် မျှော်လင့်ချက် မထားကြောင်း နိုင်ငံရေးလေ့လာသူများကလည်း ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က“မြန်မာ့ နိုင်ငံရေးအခြေ အနေ အရ အမေရိကန် အစိုးရက အပြောင်းအလဲ တခုဖြစ်စေချင်တယ်၊ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရေးတွေကို ပြောင်းလဲစေချင်တဲ့ သဘောထားတွေရှိတယ်၊ အခုဟာက မပြောင်းလဲတဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပြစ်ဒဏ်ချလိုက်ပြီ၊ ဒီအပေါ်မှာ သူလာတဲ့ ခရီးစဉ်အနေနဲ့တော့ သိပ်ပြီးတော့ ပြောင်းလဲလာမယ်လို့ မျှော်လင့်ချက်မထားဘူး”ဟု ပြောသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်