ကာတွန်းကံချွန်၏ တကိုယ်တော် ပန်းချီပြပွဲ ကျင်းပမည်

E-mail Print
အသည်းကင်ဆာ ဝေဒနာခံစားနေရသည့် ကာတွန်း ကံချွန်၏ တကိုယ်တော် ပန်းချီပြပွဲကို မန္တလေးမြို့တွင် မနက်ဖြန်၌ စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အသက် ၆၄ နှစ် ရှိပြီဖြစ်သည့် ကာတွန်းကံချွန်သည် အသည်းကင်ဆာ ဝေဒနာ ကို အပြင်းအထန် ခံစားနေရပြီး ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာလှုပ်ရှား နေရကြောင်း သူ၏ တပည့်တဦးက ဧရာဝတီကိုပြောသည်။

၎င်းက “သူ အရင် ရေးထားတဲ့ကား တွေကော၊ သူ နေမကောင်းတဲ့ ကြားက ရေးထားတဲ့ နောက်ဆုံး လက်ရာ ကားတွေကို ပြမှာပါ၊ ကားပေါင်း ၆၈ ကားလောက်ရှိမယ်” ဟု ဆိုသည်။ ကာတွန်းကံချွန်သည် မန္တလေးမြို့ရှိ “နန်းတော်” အထူးကု ဆေးခန်းတွင် ဆေးကုသမှု ခံယူနေသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

မန္တလေးသားကာတွန်းဆရာ တဦးဖြစ်သူ အော်ပီကျယ်က ကာတွန်းကံချွန် ဝေဒနာခံစားနေရသည်ကို မတ်လကတည်းက သိရှိခဲ့ကြောင်း၊ ကာတွန်းကံချွန်သည် ဝေဒနာခံစားနေရသည့်အတွက် စာရေးရန် အာရုံမစိုက်နိုင်သည့်တိုင်အောင် ပန်းချီဆွဲနေလေ့ရှိကြောင်း ပြောပြသည်။

“ပထမ လနည်းနည်းပဲ နေရတော့မယ်ဆိုတာ သူကိုယ်တိုင်၊ သိတော့လည်း ပျော်ပျော်ပါးပါးပဲနေတယ်၊ ဝေဒနာခံစားနေရတဲ့အပြင် စိတ်ဓာတ်ပါကျနေရင် ၂ ခါရှုံးတယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

မန္တလေးဇာတိဖွား ကာတွန်းကံချွန်သည် ၁၉၆၃ - ၆၄ ခုနှစ်က မန္တလေး အနုပညာကျောင်းတွင် ပန်းချီ သင်တန်း တက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော် တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။

ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။

သူ၏ ပထမဆုံး ကာတွန်းမှာ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း လက်ရှိ အချိန်အထိ ကာတွန်းများ ရေးသားနေဆဲဖြစ်သည်။

သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊  ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ ၁-၂၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။

 သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကို လူသိများသည်။

မနက်ဖြန်တွင် ကျင်းပမည့် “ကာတွန်း ကံချွန် တကိုယ်တော်ပြပွဲ ၂၀၀၉” ဟု အမည်ပေးထားသည့် ပန်းချီ ပြပွဲကို သူ၏ဆန္ဒအရ ကျင်းပရခြင်း ဖြစ်ပြီး ပြပွဲ ခန်းမပိုင်ရှင် က အခမဲ့ခွင့်ပြုကြောင်း ကာတွန်းကံချွန်၏ တပည့်က ပြောသည်။

“ဒါက သူဖြစ်ချင်တဲ့ ဆန္ဒတခုပါ၊ ဒီ ပွဲပြုလုပ်ဖို့ အတွက် ခန်းမ ပိုင်ရှင်က သူ့ကို အခမဲ့ ခွင့်ပြုထားတာပါ၊ မနက်ဖြန် ဖွင့်ပွဲ အတွက်လည်း ကျေးဇူးတင်စကား ပြောချင်တယ်လို့ ပြောတယ်၊ ဆရာဝန်ကြီးတွေကတော့ ဘီးတပ်ကုလားထိုင်နဲ့ စီစဉ်ပေးမယ်လို့ ပြောထားတယ်၊ အဲဒီဟာကလည်း ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူး ဆိုတာ ကျနော်တို့လည်း မပြောနိုင်ဘူးလေဗျ” ဟု ၎င်းကဆိုသည်။

ယခုပြသမည့် ကာတွန်းကံချွန်၏ ပန်းချီကားများကို ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် သုံးမျိုးဖြင့် ရေးဆွဲထားပြီး မန္တလေးမြို့ ၆၄ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ “Oriental House” ခန်းမ၌ သြဂုတ် ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် စတင်မည်ဖြစ်ကာ ၂၀ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်ကတော့ ဒီပြပွဲလေး လုပ်ဖြစ်တဲ့အတွက် သူ့ စိတ်ဓာတ်ကို တကယ်ချီးကျူး ပါတယ်၊ ဘာလို့လဲ ဆိုတော့ ဘာပဲဖြစ်ဖြစ်သူ တနေကုန်ထိုင်မပေးနိုင်ရင်တောင် ခဏတော့ လာရမယ်၊ နောက် သူ ဒီပန်းချီကားတွေကို စီစဉ်ရမယ်၊ သူများလုပ်ပေးတယ် ဆိုရင်တောင် သူစိတ်ပင်ပန်းပါတယ်” ဟု ကာတွန်း အော်ပီကျယ်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်