မြန်မာကို စီးပွားရေးပိတ်ဆို့မှု ထိုင်းဝန်ကြီးချုပ် ဆန့်ကျင်

E-mail Print
အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ရာတွင် ကျောက်မြက် ရတနာများ ပိတ်ပင်သည့် ဥပဒေသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက် သည့် အတွက် ဆန့်ကျင်ကြောင်း ထိုင်းဝန်ကြီးချုပ်က ယမန်နေ့တွင် ထပ်မံ ပြောဆိုလိုက်သည်။

“မြန်မာပြည်ကို လက်နက်ရောင်းချဖို့ တားမြစ်ချက်တွေက ထိုင်းကို မထိခိုက်ပေမယ့် ကျောက်မြက် ရတနာ နဲ့ ပတ်သက်တဲ့ ပိတ်ဆို့တားမြစ်တာက ထိခိုက်မှုရှိပါတယ်”ဟူသော ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ၏ ပြောကြားချက်ကို ဘန်ကောက်ပိုစ့် သတင်းစာက ကိုးကား ရေးသားထားသည်။

ထို့အပြင် ဇူလိုင်လက အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံရာတွင် မြန်မာပြည် အပေါ် ချမှတ်ထားသည့် ကျောက်မြတ်ရတနာ ကန့်သတ်မှုနှင့် ပတ်သက်၍ ထိုင်း၏ ရပ်တည်ချက်ကို ထိုင်း ၀န်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်းလည်း ပါရှိသည်။

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် မြန်မာပြည်မှ ကျောက်မြတ်ရတနာများကို အဓိက တင်သွင်း ၀ယ်ယူနေသော နိုင်ငံများ ဖြစ်သည်။

အမေရိကန် သမ္မတဟောင်း ဂျော့ ဘုရှ် လက်ထက် ပြင်းထန်သည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် လွှတ်တော် အမတ် တွမ် လန်းတို့စ်၏ ၂၀၀၈ ခုနှစ် မြန်မာ့ကျောက်မြက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ  ဆန့်ကျင်ရေးလုပ်ရပ်များ အပေါ် အရေးယူသည့် ဥပဒေ) Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 အရ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် အကျိုးတူစီးပွားဖက်များကို တိုက်ရိုက်ဒဏ်ခတ် အရေးယူမှုများ ချမှတ် ဆောင် ရွက်ခဲ့သည်။

ဇူလိုင်လက အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော စီရင်ချက်ကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံကို ပိုမိုတိုးမြှင့် အရေးယူ ဆောင်ရွက်ချက်များ ပြုလုပ်ရန် စီစဉ်နေသော်လည်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့ကြောင့် ထိရောက်ခြင်း မရှိနိုင်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူတချို့က ဆိုသည်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဟောင်ကောင် တက္ကသိုလ် လူမှုသိပ္ပံဌာနမှူး Ian Holliday က “မြန်မာပြည်ကို နိုင်ငံတကာက တားမြစ် အရေးယူဆောင်ရွက်မှုတွေ အတွက် တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေက ကြီးမားတဲ့ အတားအဆီးတွေပါ” ဟူသော ပြောကြားချက်ကို ဘန်ကောက်ပို့စ်တွင် ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ စွမ်းအင်ကဏ္ဍ၌ တရုတ်နိုင်ငံ၏ ပိုမိုရင်းနှီးမြုပ်နှံလာမှုအပေါ်တွင် စိုးရိမ်မကင်း ဖြစ်နေပြီး သံလွင် မြစ်ပေါ်တွင် တည်ဆောက်ထားသော ဟတ်ကြီးနှင့် တာဆန်းရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာမည့် စွမ်းအင်များကို ၀ယ်ယူရန် အတွက် ဇူလိုင်လ (Asean + 3) ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြင်သစ် တိုတယ်ရေနံကုမ္ပဏီက မြန်မာနိုင်ငံတွင် တူးဖော်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း ၏ ဓာတ် ငွေ့ပမာဏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်သွင်းနေသည်။

ထိုင်းနိုင်ငံ သည် လာမည့် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ကျောက်မီးသွေး၊ ဒေသတွင်းလျှပ်စစ်စွမ်းအင် လွှဲပြောင်း ရယူ နိုင်ရေး၊ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး၊ စွမ်းအင်ထိန်းသိမ်းရေး၊ စွမ်းအင်ပြန်လည်အသုံးချရေးနှင့် နျူက လီးယား စွမ်းအင် အသုံးပြုရေး တိုကို့ ဒေသ ၇ ခုတွင် အကောင်အထည်ဖော် မည်ဟုသိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ လက်နက်အရောင်းအ၀ယ်များဆောင် ရွက်နေသည့် အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုလည်း ဗီတိုအာဏာသုံး၍ ပယ်ဖျက် ပေးခဲ့သည့် အတွက်  ဥရောပ သမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားသောနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူဆောင်ရွက်ချက်များ ထိရောက်ခြင်း မရှိကြောင်း သိရသည်။

ယင်းအတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝသံယဇာတနှင့် သဘာဝ ဓာတ်ငွေ့များ ထုတ်လုပ်  ပိုင်ခွင့်ကို ပြန်လည် ရရှိခဲ့ကာ ယခင်နှစ်က ၂ နိုင်ငံ ကုန်သွယ်မှုသည် ၂၆.၄ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံအထိ ရှိခဲ့ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

 “အိန္ဒိယရဲ့ မြန်မာပြည်အပေါ်သဘောထားက တရုတ်နဲ့ တူတော့ မြန်မာအတွက် အထောက်အကူ ပို ဖြစ်သွား တာပေါ့” ဟူသော မစ္စတာ Holliday ၏ ပြောဆိုချက်ကို လည်း ယင်းသတင်းစာက ကိုးကားထားသည်။

အိန္ဒိယနိုင်ငံသည် ယခင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်းတွင် လုံခြုံရေး၊ စွမ်းအင်နှင့် အခြားသော နည်းဗျူဟာများကြောင့် မြန်မာပြည်အပေါ်ထားရှိသော ၎င်း၏ နိုင်ငံခြားရေး မှုဝါဒကို ပြောင်းလဲခဲ့သည်။

အိန္ဒိယအနေဖြင့် မြန်မာပြည်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ၀ယ်ယူနိုင်ရေး ထက်သန်လျက်ရှိပြီး၊ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ခွဲထွက်ရေး သူပုန်များကို နှိမ်နင်းရာတွင် မြန်မာ၏အကူ အညီလိုအပ်လျက်ရှိသည့် အပြင် စစ်ရေး ဗျူဟာအရ အဓိကကျသော မြန်မာကို လက်လွှတ်ဆုံးရှုံးရမည့် အရေးအတွက်လည်း စိုးရိမ်လျက်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်