ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့အင်္ကျီနှင့် လုံခြုံရေးယူရန်လာသူကို မဲရုံမှူးနှင်ထုတ်

ရခိုင်ပြည်နယ် ရသေ့တောင်ပေါ်ရှိ မဲရုံတချို့တွင် ကြံ့ဖွံ့ပါတီအင်္ကျီ ၀တ်၍ လုံခြုံရေး တာဝန်ယူမည်ဟု ဆိုကာ လာရောက်သူ တချို့အား မဲရုံမှူးက နှင်ထုတ် လိုက်ကြောင်း၊ အလုပ်အကိုင် အခြေတကျ မရှိ သူများကို ကြံ့ဖွံ့ပါတီ ဝင်များက အရက်တိုက်ကာ လုံခြုံရေးယူရန် စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း၊ မဲရုံမှ နှင်ထုတ်ခံရ ပြီးနောက် ထိုသူများသည် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များ မြို့ပေါ်တွင် ကားများနှင့် လည့်ပတ်ရာ၌ ရှေ့ဆုံးမှ ဆိုင်ကယ်များ စီးကာ လိုက်ပါ အော်ဟစ်သွား ကြောင်း မြို့ခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

တာမွေ ၄ ရပ်ကွက် မဲရုံတွင် မဲလာပေးသူ တဦးမှ မရှိ

တာမွေ ၄ ရပ်ကွက်အတွင်းရှိ မဲရုံတရုံတွင် နံနက် ၁၀ နာရီခွဲ အချိန်၌ မဲလာပေးသူ တဦးမှမရှိသောကြောင့် မဲစာရင်း စစ်သူမှာ စားပွဲပေါ်တွင် ခေါင်းတင်အိပ်၍ စောင့်နေရကြောင်း မျက်မြင်တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မိုးကုတ် မဲရုံတရုံ မဲပေးသူများ

မန္တလေးတိုင်း မိုးကုတ်မြို့ ပိတ်စွယ်ရပ် မဲရုံအမှတ် ၂ တွင် ယနေ့နံနက် မဲပေးသူ ၈၀၀ ကျော်ခန့်ရှိပြီး များပြားနေကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ မဲရုံကိုယ်စားလှယ် ဦးစိုးမြင့်ကပြောသည်။ နံနက် ၆ နာရီခွဲနှင့် ၇ နာရီခွဲ အကြားတွင်ပင် လူဦး ရေ ၅၀၀ ခန့် မဲပေးပြီး ဖြစ်ကြောင်း၊ သို့သော်လည်း အများစုမှာ မဲ မည်သို့ ပေးရမည်ကို မသိရှိကြောင်း၊ ကြိုတင်မဲ ၃ မဲသာရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဘားအံနှင့် လှိုင်းဘွဲ့မှာ ကရင်ပါတီ မဲပေးများ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် နံနက် ၇ နာရီနောက်ပိုင်းမှ စတင်၍ မဲပေးသူ ပိုများလာပြီး ကရင် တိုင်းရင်းသား ဒေသခံ အများစုက ဖလုံ - စဝေါ် ဒီမိုကတစ် ပါတီကို မဲပေး များကြောင်း သတင်းရရှိသည်။ လှိုင်းဘွဲ့မြို့နယ်မှ ဖလုံ-စဝေါ် ဒီမို ကရက်တစ် ပါတီကို မဲသွားမည့် အသက် ၂၀ ကျော် အမျိုးသမီး တဦးက “ဖလုံ-စဝေါ် ပါတီကိုပဲ ထည့်ရ မှာပေါ့၊ ကရင် ပြည်နယ်မှာ နေပြီးတော့ ဖလံ-စဝေါ်ကို မထည့်ရင် ဘာသွား ထည့်ရမလဲ”ဟု ပြောသည်။ ၎င်း၏ နေအိမ်တွင်လည်း မဲပေးခွင့်ရှိသူ ၉ ဦးရှိ ကြောင်း ဖလုံ-စဝေါ် ပါတီကိုပဲ မဲထည့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မန္တလေး၌ မဲပေးနိုင်သူစာရင်း အများအပြားကျန်နေ

မန္တလေးတိုင်း အမျိုးသားလွှတ်တော် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ထားရှိသည့် မဲပုံးတွင် ကြိုတင်မဲများနှင့် ပြည့်နေသည့်အတွက် စိတ်ပျက်မိကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန်း သန်းနု က ပြောသည်။ ထို့အပြင် မဲပေးနိုင်သူ အများအပြား မဲစာရင်းတွင် ကျန်ခဲ့သည့် အတွက်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် တိုင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မဲပေးလျှင် ဒီမိုကရေစီရမည်ဟု စစ်အစိုးရပြော

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတဦး၏ အခြေခံတာဝန်ဖြစ်ကြောင်း၊ တာဝန်ကျေကျေ မဲပေးကြရမည်ဖြစ် ကြောင်း စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာ ခေါင်းကြီးပိုင်းတွင် ရေးသားထားသည်။ ဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီ ရမည်ဟုလည်း ဆိုထားသေးသည်။
ရွေးကောက်ပွဲ သတင်းတို

အင်းစိန်တွင် မဲဆန္ဒရှင် စာရင်းများ ပျောက်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် တိုင်းရင်းသား မဲဆန္ဒနယ်အတွက် ကရင်နှင့် ဗမာတိုင်းရင်းသားများ စာရင်းခွဲခြားရာတွင် နာမည်စာရင်း ပျောက်ဆုံးနေ၍ မဲမပေးခဲ့ရကြောင်း၊ ထိုကဲ့သို့ တိုင်းရင်းသားနေရာအတွက် မဲမပေးခဲ့ရသူ အများအပြားရှိကြောင်းနှင့် မဲပုံးများကို တိတ်အကြည်များနှင့်သာ ပတ်ထားပြီး သေချာစွာ ချိတ်ပိတ်ထားခြင်း မဟုတ်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

လှိုင်သာယာတွင် မဲမပေးလိုသူ များပြား

လှိုင်သာယာ မြို့နယ်တွင် မဲပေးရန် မဲစလစ်များကို ကြံ့ဖွံ့ပါတီဝင်များ ကိုသာ ပေးဝေထား သောကြောင့် တခြားသော မဲဆန္ဒရှင်များမှာ မည်သည့်နေရာတွင် မဲသွားပေးရမည်ကို မသိကြကြောင်း၊ ထို့ကြောင့် မဲပေးရန် စိတ်ဝင်စားသူ နည်းပါး နေကြောင်း လှိုင်သာယာ မြို့နယ် ၅ ရပ်ကွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

တာမွေတွင် မဲစာရွက် မှားပေးမိ

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မဲရုံ အမှတ် ၉ ပြည်သူ့လွှတ်တော် မဲပုံးထဲသို့ ထည့်ရန် မဲစာရွက်များအစား အမျိုးသား လွှတ်တော် မဲစာရွက်များ ပေးမိသဖြင့် မဲဆန္ဒရှင် ၃၁ ဦး မှားယွင်း မဲပေးခဲ့ကြောင်း၊ မှားယွင်းကြောင်း သိရှိသည်နှင့် ထို မဲ ၃၁ ရွက်ကို မဲပုံးထဲမှ ပြန်ထုတ်ခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို ခွင့်တောင်းရာ ခွင့်ပြုခဲ့သဖြင့် ယခုအခါ ထို မဲဆန္ဒရှင် ၃၁ ဦးနှင့် ပြန်လည် ဆက်သွယ်၍ မဲပြန်ပေးခိုင်းရန် ကြိုးစားနေကြောင်း လေ့လာသူ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရမ်းဗြဲတွင် မဲမပေးမနေရ ခြိမ်းခြောက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အတွင်းမှ ကျေးရွာများတွင် ဒေသဆိုင်ရာ အာဏာပိုင်များက မဲမပေး မနေရဟု ခြိမ်းခြောက်ကာ မဲပေးခိုင်း၍ ဒေသခံပြည်သူ တချို့မှာ ကြောက်လန့်ကာ မဲသွားပေး နေကြရကြောင်း၊ မဲမပေးသူအား အပြစ်ပေးမည်ဟု ဆို၍ ပင်လယ်ပြင် ထွက်နေသော ရေလုပ်သားများကို အတင်းခေါ်ယူကာ မဲပေးခိုင်း နေကြောင်း၊ ဒေသခံအများစုမှာ ကြံ့ဖွံ့မဟုတ်သည့် ရခိုင်တိုင်းရင်းသား ပါတီကို မဲပေးသော်လည်း မဲပေးရာတွင် စနစ် တကျမဟုတ်၍ ရလဒ်က မည်သို့ဖြစ်မည်ကို မသိကြောင်း ရမ်းဗြဲ ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မာန်အောင်တွင် လွတ်လပ်စွာ မဲပေးခွင့်ရှိ

ရခိုင်ပြည်နယ် မာန်အောင်မြို့ပေါ်နှင့် ကျေးရွာများတွင် မဲပေးသူ တချို့ရှိပြီး မိမိကြိုက်နှစ်ရာ ပါတီကို လွတ်လပ်စွာ မဲပေးခွင့်ရကြောင်း ဒေသခံ တချို့ထံမှ သိရသည်။ နံနက် ၆ နာရီခန့်ကပင် မဲသွားပေးကြရသည့် ဒေသခံများမှာ မည်သည့် ပါတီကို မဲ ပေးရမည်ဟု ဖိအားပေး မခံရသော်လည်း နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့က သက်ဆိုင်ရာ အာဏာပိုင်များ၊ ကြံ့ဖွံ့ပါတီဝင်များ ရယက စာရေးများက အသက်ကြီး သူများနှင့် ၀န်ထမ်းများ၊ ဒေသခံတချို့ တို့ထံမှ ကြိုတင်မဲ ရယူခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မင်းတပ်တွင် မဲရုံ ၂၀၀၀ ကျော်ရှိသော်လည်း မဲပေးသူ ၁၀၀ ခန့်သာရှိ

မဲရုံပေါင်း ၂၀၀၀ ကျော် ရှိသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် မဲရုံ တချို့တွင် လာရောက်မဲပေးသူ ၁၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ ကြိုတင်မဲ ကောက်သည့် ကာလတွင်  ကြံ့ဖွံ့ပါတီကို အတင်းအကျပ် မဲထည့် ခိုင်းခဲ့ သော်လည်း ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲအတင်း ထည့်ခိုင်းခြင်းမရှိဟု သိရသည်။
Page 6 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်