ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ကျောက်ဖြူက မဲပေးသူအများစု ရခိုင်ပါတီကိုသာ ပေးခဲ့

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာ တချို့တွင် မဲလာပေးသူ အနည်းငယ် ရှိကြောင်းသိရသည်။ မဲလာပေးသူ အများစုမှာ လေဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသသည့် ရပ်ကွက်များနှင့် ကျေးရွာများမှ မဟုတ်ကြောင်းလည်း သိရသည်။ ကျောက်ဖြူမြို့ပေါ်မှ မဲပေးခဲ့ပြီးသူတချို့ကို ဧရာဝတီက မေးမြန်းကြည့်ရာ ရခိုင်မိဘများမှ မွေးထား၍ ရခိုင်လူမျိုး သီးသန့် ပါတီကိုသာ ရွေးချယ် ပေးခဲ့သည်ဟု ပြောဆိုပြီး တဦးကမူ ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူဖြစ်၍ ကြံ့ဖွံ့ပါတီကို ပေးခဲ့ကြောင်း ဖြေသည်။
ရွေးကောက်ပွဲ သတင်းတို

ရန်ကင်းတွင် အများစု ပယ်မဲဖြစ်စေရန် ပြုလုပ်ခဲ့

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် မဲရုံအမှတ် ၁ နှင့် ၂ တို့ကို မဲလာပေးသူ များပြားကြောင်း၊ သို့ရာတွင် အများစုမှာ မဲ မဖြစ်မနေ လာပေးရမည်ဟု ပြောဆိုထားသောကြောင့် အာဏာပိုင်နှင့် ပြဿနာမတက်ချင် သောကြောင့် လာပေးကြခြင်း ဖြစ်ကြောင်း၊ အများစုမှာ ပယ်မဲဖြစ်သွားရန်သာ ပြုလုပ်ခဲ့ကြကြောင်း ကြားသိရသည်။ အဆိုပါ မဲရုံတရုံစီအတွက် မဲပေးရမည့်ဦးရေ ၈၀၀ ကျော်စီ ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မြစ်ကြီးနားတွင် ရေဘက္ကာဝင်း ကြံ့ဖွံ့အတွက် မဲဆွယ်သီချင်းဆို

မြစ်ကြီးနားတွင် ယမန်နေ့ညက ကြံ့ဖွံ့ပါတီ မဲဆွယ်သည့် ကားနှင့် အဆိုတော် ရေဘက္ကာဝင်းက လိုက်လံ သီချင်းဆို မဲဆွယ်ပေး နေကြောင်း သတင်းရရှိသည်။ ယနေ့ နံနက်တွင် မြစ်ကြီးနား ဒေသခံများ မဲထွက်ပေးကြကြောင်း၊ သို့ရာတွင် နည်းပါးကြောင်း ဒေသခံတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဘိုကလေးမြို့တွင် မဲပုံးများ ချိတ်ပိတ်မထား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင် မဲပုံးအများစုမှာ ချိတ်ပိတ်ထားခြင်း မရှိကြောင်း၊ ယမန်နေ့ ညကတည်းက ရယကများက ကြိုတင်မဲများ ထည့်ထားသဖြင့် လာရောက်မဲပေးသူ နည်းသော်လည်း မဲပုံးများမှာ ပြည့်လုနီးပါးဖြစ်နေကြောင်း သတင်းရရှိသည်။ ထို့အပြင် (၇) ရပ်ကွက်၌ သတင်းထောက်တဦးက မဲရုံရှေ့တွင် ဓာတ်ပုံရိုက်သဖြင့် ကော်မရှင်က တားမြစ်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မန္တလေး အစ္စလမ် ဘာသာဝင်များ ကြံ့ဖွံ့ကိုမဲပေးရမည်

အစ္စလမ် ဘာသာဝင်များ မဲပေးလျှင် ကြံ့ဖွံ့ပါတီကို မဲပေးရန် မန္တလေးတိုင်း ဒေသကြီး(ကြံ့ဖွံ့)က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး ဗလီများသို့ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။ ယင်းစာတွင် အစ္စလမ်သာသနာ မိသားစု အဖွဲ့ဝင်များ အနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့၏ လွတ်လပ်သည့် စိတ်ဆန္ဒအလျောက် မဲပေးရာ၌ ပြည်သူ့အတွက် အင်အားတောင့်တင်းပြီး စိတ်ချ ရသည့် ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်သည့် ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးရန် အသိပေး ကြောင်း ပါရှိသည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ဗိုလ်ချုပ် ဆေထင် မိသားစု မဲထည့်ခွင့်မရ

စစ်အစိုးရက ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ထားသော အသက် ၇၄ နှစ်အရွယ်ရှိ ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၏ မိသားစုဝင် ၄ ဦးကို မဲထည့်ခွင့် မရကြောင်း သိရသည်။ “နန်းခမ်းပေါဝ်ကတော့ ဒီနေ့ ကော်မရှင်ရုံးကို သွားအရေးဆိုမယ်ပြောတယ်၊ သူတို့ လက်ဖက်ရည်ဆိုင် မန်နေဂျာ ကိုတင်နွယ်ထွန်း ကိုလည်း မဲပေးခွင့် မပေးဘူး” ဟု ဗိုလ်ချုပ် ဆေထင် မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

စမ်းချောင်းမှာ NDF အားကောင်း

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီနောက်ပိုင်း၌ မဲပေးသူများ ပိုများလာကြောင်း၊ မဲပေးသူအများစု၏ ပြောဆိုချက်အရ NDF ပါတီ အားကောင်းနေကြောင်း၊ လက်ဖက်ရည်ဆိုင်များတွင်လည်း အရပ်ဝတ်ဖြင့် စောင့်ကြည့်နေ သည့် ရဲများ၊ SB များလည်း ရှိနေကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ပဲခူး ရပ်ကွက် တခု မဲပေးသူများပြား

ပဲခူးမြို့နယ် အင်းတော်ကုန်း ၁၉ ရပ်ကွက်တွင် မဲပေးသူများပြားဟု သတင်းရရှိသည်။ မဲလာပေးသူများက ကြံ့ဖွံ့ပါတီကို မဲပေးသကဲ့သို့ တချို့က မည်သူ့အား မဲပေးသည်ကို မပြောကြောင်း၊ မဲရုံအ၀တွင်လည်း စစ်တပ်၊ မီးသတ်၊ ရဲစသည့် အာဏာပိုင်များက လုံခြုံရေးယူထားကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

တောင်ကုတ်တွင် မဲပေးရန် စိတ်ဝင်စားမှုနည်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်၌ ကြံ့ဖွံ့ပါတီနှင့် တစည ပါတီတို့ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှု လုပ်နေကြသော်လည်း ဒေသခံပြည်သူများမှာ စိတ်ဝင်စားမှု နည်းပါး ကြောင်း၊ ပုံမှန်အတိုင်း သွားလာလှုပ်ရှား နေကြသောကြောင့် ကျေးရွာတချို့တွင် ကြံ့ဖွှံ့ပါတီမှ ကားများဖြင့် မဲထွက်ပေးကြရန်လိုက်လံ ဆော်သြောမှုပြုလုပ်နေကြောင်း ဆားပြင် ရွာသားတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

သန်လျင်တွင် ဒီမိုကရေစီပါတီများ၏ မဲရုံကိုယ်စားလှယ် နည်းပါး

သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်အများစုနှင့် ကျေးရွာအများစုတွင် ဒီမိုကရေစီ အင်အားစု ပါတီများ၏ မဲရုံကိုယ်စားလှယ် မထားနိုင်ကြောင်း၊ ကြံ့ဖွံ့ပါတီမှာ ကိုယ်စားလှယ် နေရာတိုင်းတွင် ရှိကြောင်း၊ လာရောက် မဲပေးသူများကို ကြံ့ဖွံ့ ကိုယ်စားလှယ် များက ကူညီပေးနေသည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီ အင်အားစု ပါတီဝင်များသာ လူခွဲ၍ မဲရုံများကို လှည့်လည် ကြည့်ရှုနေရကြောင်း ဒေသခံလေ့လာသူ များက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရန်ကုန်မှာ မဲပေးသူနည်း၊ အသံချဲ့စက်ဖြင့် ဆော်သြ

ရန်ကုန်မြို့တွင် မဲပေးသူ နည်းပါးသောကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက မဲလာပေးကြရန် ကားများပေါ်မှ အသံချဲ့စက်ဖြင့် လိုက်လံဆော်သြနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဗိုလ်တထောင် မဲရုံတရုံရှေ့ ကြံ့ဖွံ့ မဲဆွယ်ဆိုင်းဘုတ်ရှိ

ဗိုလ်တထောင်မြို့နယ် မဲရုံအမှတ် ၂၂ ရှေ့တွင်  ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ၃ ဦး၏ ကြော်ငြာဆိုင်းဘုတ်များကို ယနေ့အထိ ထောင်ထားဆဲဖြစ်ကြောင်း သိရသည်။
Page 7 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်