ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

မုန်တိုင်းသင့် မြေပုံမြို့၌ မဲထွက်ပေးသူမရှိ

ရခိုင်ပြည်နယ်မှ လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့ပေါ်နှင့် ကျေးရွာ အားလုံး၌ ကြံ့ဖွံ့ပါတီအား မဲမပေးပါက ဒုက္ခဖြစ်နိုင်သည်ဟု ပြောဆိုသည့်အပြင် ခြောက်လစာ ထောက်ပံ့ ပစ္စည်းများကိုလည်း လုံးဝ မပေးတော့ဟု ကြံ့ဖွံ့ပါတီ နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ခြိမ်းခြောက်၍ ကြိုတင်မဲများ ကောက်ခံထားသောကြောင့် ယနေ့ တွင် မဲရုံသို့  လာရောက် မဲပေးသူ မရှိကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရေနံချောင်း မဲရုံတရုံ လျှို့ဝှက်မဲပေးစနစ် မသုံး

မကွေးတိုင်း ရေနံချောင်းမြို့ အေးကုန်းရပ်ကွက် မဲရုံ အမှတ် ၃ သည် ကျောင်းအဆောက်အအုံ ဖြစ်သော်လည်း မဲ ပေးရန် လျှို့ဝှက်အခန်းဖြင့် စီစဉ်ထားခြင်း မဟုတ်ဘဲ အကာအရံမရှိသည့်အတွက် မည်သည့်ပါတီအား မဲပေးသည်ကို သိရှိနိုင်သောကြောင့် မဲဆန္ဒရှင်များ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ကျောက်မဲ၌ အမျိုးသားဝတ်စုံဝတ် မဲပေးရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မဲပေးမည့် ဒေသခံများကို အမျိုးသား ၀တ်စုံ ၀တ်ဆင်ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်းသိရသည်။ ဒေသခံများက အမျိုးသား ၀တ်စုံအဖြစ် ရှမ်းရိုးရာ ၀တ်စုံကို ၀တ်ဆင်ခဲ့သော်လည်း အာဏာပိုင်များက အမျိုးသား ၀တ်စုံဆိုသည်မှာ ပုဆိုးနှင့် တိုက်ပုံဖြစ်ပြီး ယင်း ၀တ်စုံကို ၀တ်ဆင်ရန် ပြောဆိုသဖြင့် ဒေသခံများမှာ မကျေနပ်ကြကြောင်း အများစုမှာ ရှမ်းဝတ်စုံ ကို ၀တ်ဆင်၍ လာရောက်မဲပေးကြကြောင်း SNDP ပါတီဝင်တဦးက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

ပင်လုံ က မဲရုံမှူး တဦး စည်းကမ်းနှင့်မညီ

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံရှိ မဲရုံမှူးမှာ မဲပေးရန်လာသော ဒေသခံပြည်သူများကို ညွန်ကြားချက်များ ပေးနေခြင်းသည် စည်းကမ်းနှင့်မညီသဖြင့် သွားရောက် စစ်ဆေးရန်လိုအပ်သည် ဟု SNDP ပါတီ မဲရုံကိုယ်စားလှယ်က အကြောင်းကြားထားကြောင်း ယင်းပါတီ အမတ် စိုင်းဆိုင်မိုင်းက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

စစ်တွေ မဲရုံတရုံ မဲဆန္ဒရှင်များ မကျေနပ်မှုဖြစ်

စစ်တွေမြို့၊ နာဇီရပ်ကွက်ရှိ မဲရုံတခုအား၌ ကြံ့ဖွံ့ပါတီမှ ၎င်းတို့ပါတီကိုသာ မဲပေးရန်အတင်းအကျပ်ပြောဆိုနေခြင်းကို ပြည်သူများက မကျေနပ်၍ မဲရုံအား လူတထောင်ခန့်က ၀ိုင်းဝန်းထားကြောင်း စစ်တွေဒေသခံများထံမှ သိရသည်။နာဇီရပ်ကွက် မဲရုံတွင်ကြံ့ဖွံ့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့ အားပြိုင်နေ ကြောင်းသိရသည်။
ရွေးကောက်ပွဲ သတင်းတို

လင်းခေး ဒေသခံတချို့ SNDP ကို မဲပေး

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) ကို မဲပေးခဲ့ကြောင်း လင်းခေး ဒေသခံတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ပုဇွန်တောင်တွင် မဲစပေး

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင်  မဲရုံ စတင်ဖွင့်လှစ်၍ မဲများပေးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။ မဲရုံ အနီးတ၀ိုက်တွင် လုံခြုံရေးကို တင်းကျပ်စွာ ချထားခြင်းမရှိသော်လည်း မဲရုံနှင့် မလှမ်းမကမ်း လမ်းထောင့်များတွင်မှု လုံခြုံရေးများ ချထားကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

တစညကို မဲမပေးနိုင်ရန် ကြံ့ဖွံ့ တားဆီး

သာယာဝတီမြို့နယ် သစ်ရာကုန်းအုပ်စု လောက်လေးရွာတွင် တစညပါတီကို မဲပေးမည့် မဲဆန္ဒရှင် ၄၀ ဦးခန့်ကို ကြံ့ဖွံ့ပါတီ၏ ကျေးရွာစည်းရုံးရေးမှူး ဦးဇော်ဝင်းက မဲမပေးရန် ခြိမ်းခြောက်မှု ပြုလုပ်ပြီး ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။ ထိုသို့ ပြုလုပ်သည့်အတွက် တစညပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားရန် စီစဉ်နေသည်ဟု ပါတီစည်းရုံးရေးမှူး ဦးစန်းလွင်က ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ညောင်ရွှေတွင်လည်း မဲစပေးနေ

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ မဲစပေးနေပြီ ဖြစ်ကြောင်း အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆိုသည်။ “လုံခြုံရေးကို သိပ်ပြီးတင်းကျပ်ထားတာတော့ မရှိသေးဘူး။ အခုတော့ မဲရုံတွေကို သွားစစ်ဆေး လိုက်ဦးမယ်” ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဝင်းမြင့်က ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

သီလဝါ ရေတပ်စခန်းမှာ ကြိုတင်မဲအကုန် ပယ်မဲ ဖြစ်နေ

သီလဝါ ရေတပ်စခန်းတွင် ဝန်ထမ်း ၄၀၀ ကျော်ထံမှ ယနေ့နံနက်တွင် ကြိုတင်မဲ ကောက်ခဲ့ရာ မဲအားလုံး ပယ်မဲ ဖြစ်နေ၍ ကောက်ယူမှု ရပ်တန့်ထားကြောင်း သတင်းရရှိသည်။ အမှန်တွင် နိုဝင်ဘာ ၇ ကျမှ ဖွင့်ဖောက်စစ်ဆေးရမည် ဖြစ်သော်လည်း ယနေ့ ဖွင့်ကြည့်လိုက်သဖြင့် ကြိုသိသွားပြီး ရပ်ထားလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဘားအံထောင်တွင် အစာငတ်ခံ ဆန္ဒပြ

ဘားအံထောင်မှ ထောင်ဒဏ် ၁၄ နှစ် ချခံထားရသူ NLD မြို့နယ် စည်းရုံးရေးမှူး ကိုကျော်ကျော်နိုင်က ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ယနေ့နံနက် ၈ နာရီမှစ၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း၊ ကိုကျော်ကျော်နိုင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အဖမ်းခံခဲ့ရသူ ဖြစ်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ဟန်လေး ကာတွန်းများ ရန်ကုန်တွင် ဖြန့်

ဧရာဝတီတွင် ဖော်ပြခဲ့သော ကာတွန်း ဟန်လေး၏ လက်ရာများကို ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် တက်ကြွလှုပ်ရှားသူများက ဖြန့်ဝေခဲ့ကြောင်း၊ A4 စာရွက်ပေါ်တွင် ပုံနှိပ်ထားသော ကာတွန်းများကိုလည်း လိုက်လံ ကပ်ခဲ့ကြောင်း သိရသည်။
Page 8 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်