မြန်မာ့အားကစား ပြန်လည်ဖွံ့ဖြိုးရန် လိုအပ်ဟု သုံးသပ်နေကြ

E-mail Print
၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME ) တွင် မြန်မာ အားကစား အဖွဲ့သည် ရွှေတံဆိပ် ၁၂ ခုသာ ရရှိခဲ့ပြီး လာအိုနိုင်ငံ အောက်ရောက်ရှိ သွားသည့်အတွက် မြန်မာ အားကစားလောက ကျဆင်းနေမှုအပေါ် ထိပ်တန်းအားကစား ကလောင်ရှင်များက သုံးသပ်ဆင်ခြင်နေကြသည်။

ယခု အခြေအနေသည်  မြန်မာအားကစား အဆင့်အတန်း ထပ်မံ နိမ့်ကျသွားပြီဟု ဆိုနိုင်သော်လည်း SEA GAME တွင် ကမ္ဘာ့ အဆင့်နှင့် ဆီလျော်သည့် အိုလံပစ် အားကစားနည်း ပါဝင်မှု နည်းပါးကြောင်းနှင့် အရှေ့တောင်အာရှ ဒေသတွင်း အားကစား နည်းအများစုကိုသာ ဦးစားပေး ထည့်သွင်းထားခြင်း သည်လည်း မြန်မာအားကစား အဖွဲ့ ရွှေတံဆိပ်ရရှိရန် ခက်ခဲစေသည့် အချက်တချက် ဖြစ်ကြောင်း အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ထောက်ပြ ပြောဆိုသည်။

“မျက်မြင် အကဲဖြတ်ရတဲ့ လက်ဝှေ့ တို့ ၀ူရှူးတို့မှာ အိမ်ရှင် အားသာချက်နဲ့ အနိုင်ယူတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ရွှေတံဆိပ် ရတာနည်းတယ်၊ ကျေနပ်နေရမယ့် အနေအထားတော့ မဟုတ်ဘူး၊ အများကြီး လုပ်ရဦးမယ်”ဟု ၎င်းက ဆိုသည်။

၁၉၅၉ ခုနှစ်က စတင်ကျင်းပခဲ့သည့် အရှေ့တောင်အာရှကျွန်းဆွယ် ပြိုင်ပွဲမှ စတင်ပြီး ကျွန်းဆွယ်ကော်မတီက ကမ္ဘာ့အားကစား နည်း ၊အိုလံပစ်အားကစားနည်းများ အပြင် ဒေသဆိုင်ရာ ရိုးရာအားကစားနည်းများကို ပါထည့်သွင်းရန် ပြဋ္ဌာန်းထားခဲ့သည်။

မြန်မာအမျိုးသား ဘောလုံးအသင်းအနေဖြင့် အိမ်ရှင် လာအိုအသင်းအား သရေ၊ စကာင်္ပူအသင်းအား ရှုံးနိမ့်ကာ အင်ဒိုနီးရှား အသင်းအား အနိုင်ရရှိခဲ့သော်လည်း လာအိုအသင်းနှင့် စကာင်္ပူအသင်းတို့ သရေကစားခဲ့သည့်အတွက် အုပ်စုအတွင်းမှပင် လှည့် ကာ အိမ်ပြန်ခဲ့ရသည်။

စကာင်္ပူ- လာအိုပွဲစဉ် နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)က လုပ်ပွဲဟု ယူဆ၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) သို့တိုင်ကြားရန် စီစဉ်နေကြောင်း၊သို့သော်လည်း ကမ္ဘာတွင် ဘောလုံးအသင်းကောင်းများ ဖြစ် သည့် ဘရာဇီး၊ အာဂျင်တီးနား အစရှိသည့် အသင်းကောင်းများအား မည်သူကမျှ ညစ်ပတ်ခြင်း၊ ညှိနှိုင်း၍ ကန်ခြင်း ဖြင့်ပြိုင်ပွဲမှ ထွက်သွားရန် လုပ်ဆောင်၍ မရနိုင်ပါကြောင်း အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက ဝေဖန်ထောက်ပြသည်။

“ FIFA ကို တိုင်တာကတော့ ကောင်းတာပေါ့၊ အရှုံးအနိုင်ကတော့ ပြောင်းမရပါဘူး၊ ဒါပေမယ့် လည်း ကိုယ့်ဘက်ညံ့ကတာကိုး အစကတည်းက လာအိုကို အနိုင်ကန်ရမယ်”ဟု ဦးခင်မောင်ထွေး ကဆိုသည်။

မြန်မာဘောလုံး အဆင့်အတန်းမှာ ယခင် ၁၉၆၀ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း အအောင်မြင်ဆုံးကာလဖြစ်ခဲ့သော်လည်းနောက်ပိုင်း  တွင် ကျဆင်းသွားကြောင်း၊ ထို့နောက် ၁၉၉၃ ခုနှစ် SEA GAME တွင် ဒုတိယရရှိခဲ့ပြီး ပြန်လည်တိုးတက်မှု ပြခဲ့သော် လည်း လူရွေးချယ်မှုတွင် ၀င်ရောက်စွက်ဖက်မှုရှိခြင်း၊ စည်းရုံးရေးညံ့ဖျင်းခြင်း၊ ငွေအင်အားမသုံးနိုင်ခြင်း၊ လုပ်သင့် လုပ်ထိုက်သည်များကို ဆုံးဖြတ်ချက်ချကာ မလုပ်နိုင်ခဲ့ခြင်း၊ ပြည်သူများ နှင့် မီဒီယာများကပါ စိတ်ဝင်စားမှု မရှိတော့ခြင်းတို့ကြောင့် ကျဆင်းသွားရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ဝေဖန်သည်။

ယခင် မြန်မာ့လက်ရွေးစင်အသင်းတွင် ပဏာမလက်ရွေးစင် အဖြစ်ရွေးချယ်ခံခဲ့ရဖူးသူ ကိုအောင်လတ်ကလည်း“မြန်မာအားကစား အဆင့်အတန်းက အခြေခံကစပြီး မှန်မှန်ကန်ကန်နဲ့ ပြန်စသင့်တယ်၊ ကျောင်းပေါင်းစုံ ပြည်နယ်တိုင်း အားကစားပွဲ တွေ ပြန်လုပ် သင့်တယ်”ဟု ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် SEA GAME တွင် ရွှေတံဆိပ်ဆု နည်းပါးသွားခြင်းမှာ တဦးချင်းစွမ်းရည်ပြရမည့် ပြိုင်ပွဲများဖြစ်သည့် ရေကူး၊ အလေးမ စသည်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည်မှာလည်း အကြောင်းအချက်တခုဖြစ်ကြောင်း အားကစား က လောင် ရှင်တဦးဖြစ်သူ အင်အားဂျာနယ်မှ ဦးကိုကိုကြီးကလည်း ထောက်ပြသည်။

“ပြေးခုန်ပစ် ဆိုတာ ဟိုတုန်းကတော့ ဗမာပေါ့ကွာ၊ အခုတော့ ဒါတွေကို အရင်လိုပြန်ရဖို့ ဆိုရင် လူတိုင်းစိတ်ဝင်စားလာအောင် လုပ် ပေးမှ ဖြစ်မယ်”ဟု ဆိုသည်။

ယခင်က နာမည်ကြီးခဲ့သည့် အမျိုးသမီးဘော်လီဘောအသင်း SEA GAME တွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည်မှာ အချိန် အတော်ပင်ကြာခဲ့ပြီ ဖြစ်ကြောင်း ထိုသို့ ဖြစ်ရခြင်းမှာ ပြုစုပျိုးထောင်မှု အားနည်းခြင်းကြောင့် အားကစားလောကတွင် လူသား အရင်းအမြစ် ကုန်ခမ်းသွားခြင်းဖြစ်ကြောင်း ၊ထိုသို့ဖြစ်ရခြင်း၏ မူလဇစ်မြစ်မှာ မူလတန်း၊  အလယ်တန်း အထက်တန်းနှင့် ရပ်ကွက်၊ မြို့နယ်များတွင် ပြေးခုန်ပစ် ဘော်လီဘောနှင့် တခြားအားကစားပြိုင်ပွဲများကို ပြုလုပ်ခြင်း မရှိတော့သောကြောင့် ဖြစ်သည်ဟု လည်း ဦးကိုကိုကြီးက ဝေဖန်သည်။

ယခင်က ကျောင်းများတွင် ကာယပညာသင်ပေးသည့် ဆရာများရှိသည့် အပြင်၊ အရှေ့ဂျာမနီ၊ ဆိုဗီယက်ယူနီယံ အစရှိသည့် နိုင်ငံ များသို့သွားရောက်၍ အားကစားနှင့် ကာယပညာကိုသင်ယူရန်အတွက် ပညာတော်သင်များ စေလွှတ်ကြောင်း၊ ယခုအခါတွင် ထို အစီအစဉ်များ မရှိတော့ကြောင်း သိရသည်။

အားကစားဖွံဖြိုးတိုးတက်မှုတွင် အရေးကြီးဆုံးမှာ ကစားသမား၏ လေ့ကျင့်မှုတွင် စနစ်တကျ ခေတ်မီ ကိရိယာများဖြင် လေ့ကျင့် ပေးရန်နှင့် အင်အားဖြစ်စေသည့် အစားသောက်များကို ကျွေးမွေးရန်လည်းလိုအပ်ကြောင်း ဦးခင်မောင်ထွေး ကပြောသည်။

“အခုတော့ အားကစားသမားတွေကို စခန်းသွင်းရင် ဟိုတယ်တွေမှာ ထားပြီး ကျွေးမွေးပြီး စခန်းသွင်းနေပြီ ဒါပထမဆုံး အကြိမ်ပဲ၊ အရင်က သုဝဏ္ဍကွင်းအရှေ့ဘက်က အဆောင်လေးတွေမှာ မီးမလာရင် ရေချိုးဖို့တောင် ခက်ခဲတဲ့ အနေအထားပဲ”ဟု ၎င်းက ဆိုသည်။

မြန်မာအားကစား အဆင့်အတန်း ပြန်လည်တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံ ငွေအင်အား၊ လူအင်အား၊ အစိုးရ၏ အားပေးမှု၊ ပြည်သူနှင့် မီဒီယာများ အားပေးမှုတို့သည်အရေးကြီးကြောင်း၊ အစိုးရ၏ အားပေးမှုဆိုသည်မှာလည်း လူရွေးချယ်မှုတွင် ၀င်ရောက်  စွက်ဖက်ခြင်းကင်းရမည် ဖြစ်ကြောင်း၊ ပညာရေးနှင့် အားကစားနယ်ပယ်သည် ဆက်စပ်မှုရှိသည့် အတွက် လူငယ်ကျောင်းသူ ကျောင်းသားများ စိတ်ဝင်စားလာစေရန် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ အားကစားနှင့် ပတ်သက်သည့် ပစ္စည်းများ အထောက်  အပံ့ပေးခြင်းများကို ပြုလုပ်ပေးရမည်ဟု ဦးခင်မောင်ထွေး က သုံးသပ်ပြောဆိုသည်။

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ဟု ဆောင်ပုဒ် ဖြင့် ကြွေးကြော်ခဲ့သေးသည်။

ယခုနှစ် လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် SEA GAME တွင် ဆုတံဆိပ်အများဆုံးရရှိခဲ့သည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး၊ ရွှေတံဆိပ် စုစုပေါင်း ၈၆ ခု၊ ငွေတံဆိပ် ၈၃ ခုနှင့် ကြေးတံဆိပ် ၉၇ ခု ရရှိခဲ့သည်။ မြန်မာနိုင်ငံကမူ ရွှေတံဆိပ် ၁၂ခု၊ ငွေတံဆိပ် ၂၂ခု၊ ကြေးတံဆိပ် ၃၇ ခုရရှိခဲ့ပြီး မြန်မာအားကစားအဖွဲ့၏ အောက်တွင် ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့သာ ရှိ တော့ကြောင်း တွေ့ရသည်။

သို့သော် ယခု လာအို SEA GAME တွင် မြန်မာအားကစား အဖွဲ့၏ အအောင်မြင်ဆုံး အားကစားမှာ ပိုက်ကျော်ခြင်း ဖြစ်ပြီး၊ အမျိုး သားအသင်းသာမက အမျိုးသမီးနှစ်ယောက်တွဲ ပွဲစဉ် နောက်ဆုံးဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးအသင်းကို အနိုင်ယူကာ ရွှေတံ ဆိပ်ကို ဆွတ်ခူးနိုင်ခဲ့သည်။

ယခင်က သံလုံးပစ်၊ သံပြားဝိုင်းပစ် အားကစားနည်းများနှင့် ပြေးခုန်ပစ် အားကစားတို့တွင် ဂျနီဖာတင်လေး၊သန်းသန်း၊ ဂျင်မီ ၊သိန်းဝင်း၊ ရေကူးချန်ပီယံ တင်မောင်နီ အစရှိသည့် အားကစားသမားများသည် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ အဖြစ် နာမည်ကြီးခဲ့သူများ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်