ကချင် မြစ်ဆုံအနီး ကျေးရွာများ မေလတွင် ပြောင်းရွှေ့ရမည်

E-mail Print
မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းအတွက် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၆၀ ကျော်ကို မေလတွင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ပြင်ဆင် နေကြောင်း ဒေသခံများက ပြောသည်။

ရွာသားပေါင်း တသောင်းကျော် ပြောင်းရွှေ့နေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် နေအိမ်တန်းလျားများကို အေးရှားဝေါလ် ကုမ္ပဏီက ဆောက်လုပ်နေကြောင်းနှင့် မကြာခင် ပြောင်းရွှေ့ရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု ဆိုသည်။

ဒေသခံ ရွာသူကြီးများက ၎င်းတို့အတွက် ဆောက်လုပ် ပေးနေသော နေအိမ်များကို သွားရောက် ကြည့်ရှုကာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ ကြကြောင်း သိရသည်။

“ကျနော်တို့ အေးရှားဝေါလ် ကုမ္ပဏီ ဆောက်လုပ်ရေး တာဝန်ခံနဲ့ သွားတွေ့တယ်၊ အိမ်ဆောက်နေတာ အလုံး ၁၀၀ ကျော် ပြီးသွားပြီ ကျောင်းနဲ့ ဆေးပေးခန်း တွေကို ဖေဖေါ်ဝါရီလမှာ အပြီး ဆောက်ပြီး ရွှေ့မယ်၊ ဒေသခံတွေ ကိုလည်း မေလမှာ ရွှေ့ပြောင်း ရမယ်လို့ နအဖက အကြောင်း ကြားထားတယ်လို့ ပြောတယ်”ဟု တန်ဖရဲ ရွာသူကြီးက ဧရာဝတီကို ပြောသည်။

ပြောင်းရွှေ့ရမည့်ရွာသားများ အတွက် စီစဉ်ပေးထားသောနေရာမှာ ပေ ၄၀, ၆၀, ၈၀, ၁၀၀ ရှိ မြေကွက်တွင် ၉ ပေ ၂ခန်းပတ်လည် အိမ်တလုံးစီဖြစ်ပြီး တိုက်အိမ်ရှိသူများကို တိုက်အိမ်ဆောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုး အိမ်ပိုင် သူများကို ပေ ၁၀၀ ပတ်လည်ရှိနေရာများတွင် နေရာချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

“ကျမတို့အတွက် ဒီအိမ်ကလွဲလို့ ကျန်တာဘာမှ ရမှာ မဟုတ်ဘူး၊ ကြက်ခြံလိုအိမ်မှာတော့ မနေနိုင်ဘူး၊ ဘယ်လိုအခြေအနေ ဖြစ်ပါစေ လုံးဝမရွှေ့ဘူးလို့ အားတင်းထားကြပါတယ်”ဟု တန်ဖဲ ဒေသခံ တဦးက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ရေလှောင်တမံ ဆောက်လုပ်မှု ရပ်တန့်ရေး ဆောင်ရွက်နေသူ ကိုနော်လာက “လျော်ကြေးဆိုတာ ဘာနဲ့တိုင်းတာမှာလဲ၊ နေစရာ အိမ်ဆောက်ပေးနိုင်တယ်၊ ဒါပေမယ့် လုပ်ကိုင်စားသောက်ရမယ့် မြေနေရာ၊ မိသားစုဘ၀တွေ ကို ဘာနဲ့ လဲပေးမှာလဲ၊ စားဝတ်နေရေး ပြဿနာကြောင့် နောက်ဆက်တွဲ လူကုန်ကူးမှု စတဲ့ ပြဿနာ အများအပြားဖြစ်ပေါ်လာမယ်”ဟုသုံးသပ်သည်။

စီမံကိန်းအတွက် အေးရှားဝေါလ်က ၂၀၀၉ ဒီဇင်ဘာ အစောပိုင်းတွင် အလုပ်သမား အိမ်ရာများ ဆောက်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ရွာသား တသောင်းခွဲခန့် ပြောင်းရွှေ့ နေထိုင်ရန်အတွက် မြစ်ကြီးနားမြို့အထက် မိုင် ၂၀ ကျော်အကွာရှိ ကျင်ခန်လုန်ကာဇွပ် ရွာအနီးတွင် အိမ်တန်းလျားများ ဆောက်လုပ်ပေးခြင်းကို တာဝန်ယူထားပြီး ကျန်ကိစ္စများကိုမှု စစ်အစိုးရ နှင့် တရုတ် လျှပ်စစ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က တာဝန်ယူသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့ရမည့် ကျေးရွာများထဲတွင် ရေလှောင်တမံ စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ ပါဝင်သည်။

မြစ်ဆုံရေလှောင်တမံ စီမံကိန်း မဖြစ်မြောက်ရေးအတွက် ကချင်နှစ်ချင်း ခရစ်ယာန်များ ၂၄ နာရီဆုတောင်းပွဲ ကျင်းပခြင်း၊ နိုင်ငံတကာရောက် ကချင်များ ကန့်ကွက်လက်မှတ်ရေးထိုးကာ တရုတ် အစိုးရသို့တင်ခြင်း၊ထို ယခုလ ၅ ရက်နေ့က ကျရောက်ခဲ့သည့် ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် နိုင်ငံတကာရောက် ကချင်များက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဌာနနှင့် တရုတ် CPI ကော်ပိုရေးရှင်းတို့သည် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ၇ ခုကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားရန် သဘောတူညီထားပြီး ယင်းစီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ၁၃,၃၆ဝ မီဂါဝပ်ရရှိရန် မျှော်လင့်ထားကြောင်း ၂၀၀၇ ခုနှစ် မေလထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ဒုတိယ အကြီးဆုံးမှာ ရှမ်းပြည်နယ်ရှိ ၇၁ဝဝ မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည် စီမံကိန်း ဖြစ်သည်။

မြစ်ဆုံရေလှောင်တမံ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိသော်လည်း အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံခန့် ရှိနိုင်ကြောင်းနှင့် လျှပ်စစ်ဓာတ်အားကို တရုတ်သို့ ရောင်းချဖွယ်ရှိပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ရရှိနိုင် ကြောင်း ၂ဝဝ၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် KNDG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်