သင်္ကြန် အတက် မန္တလေးမှာ မိုးသက်လေပြင်းကျ

E-mail Print
သင်္ကြန် အတက်နေ့ နံနက် စောစောက မိုးသက်လေပြင်း တိုက်ခတ်ခဲ့သည့် အတွက် မန္တလေးမြို့ ကျုံးမြောက် ဘက်ခြမ်းရှိ ရေကစား မဏ္ဍပ်တချို့ ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း မန္တလေးနန်းတွင်း၏ မြောက်ဘက်ခြမ်းရှိမဏ္ဍပ် ၁၄ ခုခန့် ပျက် ဆီးသွားကြောင်း၊ အလုပ်သမားဆေးရုံကြီး ရှေ့ရှိကျန်းမာရေးဝန်ကြီး ဋ္ဌာနမဏ္ဍပ် နှင့် တခြားသော မဏ္ဍပ်တခုတို့ ပြိုကျသွားသည် ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

“မနက် ၆နာရီလောက်ကြီး လေတွေအသံမြည်ပြီးတိုက်လာတာ၊ သစ်ပင်တွေ၊ မီးပွိုင့်တွေ၊ ဓာတ်တိုင်တွေကျိုးကုန်တယ်”ဟု ၎င်းက  ဆိုသည်။

ကျန်းမာရေးမဏ္ဍပ်မှာ သစ်ပင်ပိသွားသည့် အတွက် လုံးဝပြိုကျသွားကြောင်း၊ တခြားသောမဏ္ဍပ်များမှာ ကာရံထားသည့် ကြော်ငြာ ဆိုင်းဘုတ်များ ပျက်စီးသွားပြီး ဖျော်ဖြေရေးအတွက် အသုံးပြုသည့် တီးဝိုင်းပစ္စည်းများ ထိခိုက်သွားသည်ဟု အဆိုပါ မန္တလေးမြို့ ခံက ဆက်ပြောသည်။

မန္တလေးသင်္ကြန်သည် နှစ်စဉ် အလှပြယာဉ်များ၊ တေးဂီတများနှင့် ညလုံးပေါက် ဆင်နွှဲကြသော်လည်း  ယခုနှစ်သင်္ကြန်တွင်မူ အာဏာပိုင်များက ည ၉နာရီ ခန့်အထိသာခွင့်ပြုသည်ဟု သိရသည်။

ရန်ကုန်သင်္ကြန်တွင်လည်း ပြီးခဲ့သည့် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၃ နာရီ ခန့်က ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့သည့်အတွက် လူ ၈ ဦးသေဆုံးပြီး လူပေါင်း ၁၇၀ ဒဏ်ရာရရှိခဲ့ ကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက အဖျက်အမှောင့် သမားများ၏ လုပ်ရပ်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် လုံခြုံရေးကို အထူးသတိရှိရန်နှင့် သက်ဆိုင်ရာသို့ တယ်လီဖုန်း အပါအ၀င် နည်းလမ်းမျိုးစုံနှင့် အချိန်မီသတင်းပေးပို့ရန် သတင်းစာ တွင် ရေးသားထားသည်။

အေပီသတင်းဌာနကမူ ယင်း ဗုံးပေါက်ကွဲမှုတွင် လူ ၉ ဦး သေဆုံးခဲ့သည်ဟု ဆေးရုံတာဝန်ရှိသူကို ကိုးကား၍ ရေးသားသည်။

အဆိုပါ ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဖိလစ် ခရိုလေ က  “အပြစ်မဲ့ပြည်သူများ အပေါ်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အပြင်းအထန်ရှုတ်ချပါတယ်”ဟု ထုတ်ဖော် ပြောဆိုကြောင်း AFP သတင်းက ယနေ့ ဖော်ပြထားသည်။

ဗုံးပေါက်ကွဲချိန်တွင် မဏ္ဍပ်များမှ ဟစ်ပ် ဟော့ပ်နှင့် ဒီဂျေသီချင်းသံများကြောင့် ပေါက်ကွဲမှုကို လူအများကမသိကြောင်း အဆိုပါ မဏ္ဍပ် အနီးတွင် ရေကစားနေသည့် ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို ကားတွေနဲ့ သယ်သွားတာတွေ့လိုက်တယ်၊ ဒဏ်ရာရတဲ့သူတွေကို ကူညီပြီးသယ်ပေးတဲ့ လူငယ်တွေကို ရဲ တွေက ဒုတ်နဲ့ရိုက်လို့ တချို့တွေလည်း ဒဏ်ရာထပ်ရသွားတယ်”ဟု ၎င်းက ဆိုသည်။

ယနေ့နှစ်ဆန်း ၁ ရက်နေ့တွင်မူ ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရားဖူးများနှင့် စည်ကားနေပြီး စတုဒီသာ ကျွေးမွေးမှုများ၊ ငါးလွှတ်ပွဲ များနှင့် သွေးလှူဒါန်းမှုများ စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်နေကြောင်း အဆိုပါ လူငယ်ကပြောသည်။

ယင်း ဗုံးပေါက်ကွဲမှုတွင် ရန်ကုန်တိုင်းအတွင်းရှိ အမှတ် ၄ စစ်ဒေသမှူး၏ သားလည်း သေဆုံးသွားသည်ဟု အတည်မပြုနိုင်သော သတင်းများအရ သိရသည်။

နေပြည်တော်တွင်မူ စစ်အစိုးရက အထူး စည်းကားရန် စီစဉ်ထားသည့် သင်္ကြန်ရေသဘင်ပွဲမှာ အေးချမ်းစွာပြီးဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

နေပြည်တော်အနီးရှိ လယ်ဝေး မြို့ခံတဦးက“ရန်ကုန် ဗုံးကွဲပြီးကတည်းက လုံခြုံရေးတွေကို အထူးကျပ်ထားတယ်၊ မြန်မာ လူမျိုးတွေကတော့ မပျော်ရတာကြာလို့လား မသိဘူး၊ အကုန်လုံးမေ့ပြီး ပျော်နေတာပဲ”ဟု ဆိုသည်။

စစ်အစိုးရက နေပြည်တော်တွင် ယခုနှစ်မှစတင်၍ သင်္ကြန်ပွဲ ကျင်းပခြင်းဖြစ်ပြီး စည်ကားစေရန်အတွက် ဟိုတယ်ဇုန်နှင့် ပုဂ္ဂလိက ကုမ္မဏီကြီးများ၏ မဏ္ဍပ်များ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့များတွင်လည်း စည်ကားစေရန် အထူးပြုလုပ်ခဲ့သည်ဟု သိရ သည်။

ယခုနှစ် သင်္ကြန်ရေသဘင်ပွဲကို မြန်မာနိုင်ငံတွင် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကျင်းပခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်