မိုးကြောင့် ဆက်လက်ရေကြီး

E-mail Print

မိုးအဆက်မပြတ် ရွာသွန်းခဲ့သည့် အတွက် မန္တလေးမြို့တ၀ိုက်ရှိ တံတားဦး၊ စဥ့်ကိုင်၊ မတ္တရာ စသည့် မြို့နယ်များ၌ ယနေ့အထိ ရေလွှမ်းမိုးမှုများ ရှိနေကြောင်း သိရသည်။

mandalay-floodပန်းလောင်မြစ်များ မှ ရေလျှံခဲ့သည့် အတွက် တံတားဦးလေဆိပ် သွားရာလမ်းတလျောက်နှင့် မကြာမီဖွင့်လှစ်မည့် မန္တလေး- နေပြည်တော် အမြန်လမ်းမကြီးကိုလည်း ရေကျော်သွားပြီး အနီးရှိ ကျေးရွာများတွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေကြောင်း တံတားဦး မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“ရေက ရင်စို့လောက် ၀င်လာတာ ရေစီးက တအားသန်တယ်၊ ပဲထောပတ်တွေက တန်ဆောင်မုန်းဆို ရိတ်တော့မှာ အခုအားလုံး ဆုံးသွားပြီ”ဟု ၎င်းက ဆိုသည်။

ငှက်ပျောခြံများ၊ ပဲစိုက်ခင်းများ၊ သရက်ခြံများ စသည့် သီးနှံစိုက်ခင်းများ ရေမြုပ်သွားကြောင်း ရေမြုပ် ဧရိယာ အတွင်းရှိ ကျေးရွာ နေ ပြည်သူများကို တံတာဦး လေဆိပ် အဆောက်အအုံတချို့နှင့် ရေလွတ်သော နေရာများတွင် နေရာချပေးထားကြောင်း အဆိုပါ မြို့ခံက ပြောသည်။

ရေမှာပြန်လည် ကျဆင်းနေပြီဖြစ်သော်လည်း တံတားဦး၊ စဥ့်ကိုင်၊ ပလိပ်၊ မြစ်ငယ်မြို့နယ် အတွင်းရှိ ကျေးရွာများ၊ ရှေးဟောင်း နယ်မြေအတွင်းရှိ မက္ခရာ၊ ဧည့်ဗျ၊ ထန်းလုံးတပ်၊ တော်ရဲကုန်း၊ ဟန်လူး ကျေးရွာများ ရေလွှမ်းခံခဲ့ရကြောင်း တံတားဦးမြို့ခံ က ဆက်လက် ရှင်းပြသည်။

ယမန်နေ့ ကလည်း မတ္တရာမြို့နယ် ဆည်တော်ကြီးဆည်မှ ပိုလျှံရေများကို ဖောက်ချလိုက်ရသည့် အတွက် မြို့၏ မြောက်ဘက် တံငါ ချောင်း အနီးရှိ ကျေးရွာများ ရေလွှမ်းသွားကြောင်း၊ ဆည်တော်ကြီး အနီးရှိ ကျေးရွာ ၂ ရွာကိုမူ ကြိုတင်၍ ရွေ့ပြောင်းထား လိုက်နိုင်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် မတ္တရာမြို့ခံတဦးကလည်း ဧရာဝတီသို့ပြောသည်။

“မိုးက မန္တလေးမြို့ပေါ်မှာ သိပ်မရွာတော့ဘူး၊ ဒါပေမယ့် တောင်ပေါ်တွေမှာ ရွာနေတော့ ဆည်ရေတွေတအားပြည့်လို့ ဖောက်ချ လိုက်တာ”ဟု ၎င်းကပြောသည်။

စပါးစိုက်ခင်းများ၊ ပိန္နဲခြံများ၊ ကွမ်းခြံများ၊ ဥယျာဉ်ခြံများနှင့် အုတ်ဖိုများပျက်စီးသွားကြောင်း အပျက်အစီးစာရင်းအတိအကျ မသိ ရသေးကြောင်း  အဆိုပါ မတ္တရာမြို့ခံကဆိုသည်။

မိုးကုတ်- မတ္တရာလမ်းသွားသည့် လမ်းတွင်လည်း ရေလွှမ်းပြီး တံတားတစင်း ကျိုးသွားသည့် အတွက် ကားအသွားအလာများ ပြတ် တောက်သွားကြောင်း အဆိုပါ မြို့ခံက ဆက်လက်ရှင်းပြသည်။

မန္တလေးတိုင်း ဆည်မြောင်း ဦစီးဌာနမှ တာဝန်ရှိသူတဦးကမူ ယခုကဲ့သို့ ပိုလျှံသည့် ရေများကို ဆည်တော်ကြီး ဆည်အတွင်းမှ မဖောက်ထုတ်လျှင် ဆည်ကျိုးနိုင်သည့် အတွက် ဖောက်ချလိုက်ရခြင်း ဖြစ်ကြောင်း၊ ရေထိန်းတံခါး ၅ ပေါက်ကို တပေါက်လျှင် ၇ပေနှုန်း ဖြင့် အချိန် ၅နာရီကြာအောင် ဖွင့်ချခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။

ဆည်တော်ကြီးဆည်၏ ယနေ့ ဆည်၏ ရေချိန်အမှတ်မှာ ၄၁၈.၄ ပေရှိပြီး ရေထိန်းတံခါး ခုနှစ်ပေါက်ကို ၂ပေစီဖွင့်ထားသည်ဟု အဆိုပါ တာဝန်ခံက ဆက်လက်ရှင်းပြသည်။

ယခုအခါ မန္တလေးမြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့ပေါင်း ၄၀ကျော်နှင့် ပုဂ္ဂလိက အလှူရှင်များက ထမင်းထုတ်များကို လှူဒါန်းနေ ကြောင်း၊ ရေကျသွားလျှင် ကျန်းမာရေးစောင့်ရှောက်မှုများ အကူအညီပေးနိုင်ရန် စီစဉ်နေကြောင်း အဆိုပါ ရေမြုပ်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်ပေးလှူနေသည့် မန္တလေး မြို့မှ စာရေးဆရာတဦးလည်း ပြောသည်။

“အစားအသောက်နဲ့ ပတ်သက်လို့ကတော့ အလှူရှင်တွေ တဖြည်းဖြည်း များလာပြီ ဒါပေမယ့် အိမ်သာတွေဘာတွေ ရေမြုပ်ကုန် တော့ ၀မ်းရောဂါတို့ တခြားမလိုလားအပ်တဲ့ ရောဂါတွေ ၀င်မှာစိုးရတယ်”ဟု ၎င်းကပြောသည်။

စစ်အစိုးရက မန္တလေးမြို့တွင် ကွက်သစ်များ၊စက်မှုဇုန်များ ဖော်ထုတ်ပြီးသည့် နောက်ပိုင်းတွင်  ရေကြီးရေလျှံမှု မကြာခဏ ဖြစ်လာ ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တာဝန်ရှိသူများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်လာပြီဖြစ် ကြောင်း အဆိုပါ မြို့ခံ စာရေးဆရာက ထောက်ပြဝေဖန်သည်။

မန္တလေးမြို့တွင် မြို့၏ အရှေ့ဘက် ၆၂လမ်း မှ ပြင်ဦးလွင်မြို့သို့ သွားသည့် ကားလမ်းအထိ ၂မိုင်နီးပါးခန့် ကျယ်ဝန်းပြီး အရှည်မှာ ၃၅ လမ်းဝန်းကျင်မှ တောင်ဘက် စက်မှုဇုန်အထိ ၃ မိုင်ခန့်အတွင်းတွင် ရေလွှမ်းနေကြောင်း၊ မန္တလေးမြို့ အနောက်ဘက် သင်္ဂဇာ ချောင်းဘေးရှိ ဒေးဝန်း၊ မာလကာခြံ၊ ရေနီမြောင်းဘေးရှိ သရက်ကုန်းရပ်ကွက်၊ ရွှေတချောင်းမှ ရေသည်လည်း ရွာဟိုင်းဈေး၊ ဆိုင်း တန်း စသည့် လူနေရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင်ချမ်းမြသာစည်မြို့နယ် ပရံတော် ချောင်းဘေးရှိ ထွန်တုံးရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ မြရည်နန္ဒာ ရပ်ကွက် ရှိ ရေဘေးသင့် အိမ် ထောင်စု ၆၀၀၀ ကျော်အား ယာယီကယ်ဆယ်ရေး စခန်းများသို ၎င်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရေဘေးဒုက္ခသည် အိမ်ထောင်စု ၅၀၀၀ ခန့်ကို ကယ်ဆယ်ရေး စခန်း ၂၃ ခု ဖွင့်လှစ်ပြီး ထမင်းထုပ်၊ ခေါက်ဆွဲထုပ်၊ ရေသန့်ဘူးများကို ဒေသအာဏာပိုင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ဝေငှခဲ့သည်ဟု ဖော်ပြထားသည်။

ယခုအခါ မြန်မာပြည် အလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း ဒီပဲယင်း၊ အင်းတော်၊ အရာတော်၊ ရေဦး၊ မြင်းမူ၊ မုံရွာမြို့နယ်များတွင်လည်း မိုး သည်းထန်စွာ ရွာသွန်းသည့် အတွက် ရေများဝင်ရောက်မှုကြောင့် အိမ်ထောင်စုများကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီး အစား အသောက်များ ဝေငှခဲ့ရကြောင်းလည်း သတင်းစာက ရေးသားထားသည်။

မိုးဆက်တိုက် ရွာသွန်းသည့် အတွက် မကွေးတိုင်းအတွင်း၊ မင်းဘူး၊ စကု၊ ဧရာဝတီတိုင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ မြို့နယ်များ၊ ကချင်ပြည်နယ် ဖားကန့်၊ ၀ိုင်းမော်မြို့နယ်များ၊ ချင်းပြည်နယ်ရှိ မတူပီ မြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ၊ နမ့်ဆန်မြို့နယ်၊ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မောင်းတော၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ်များ၊ ရန်ကုန်တိုင်းတွင် သုံးခွ၊ ခရမ်းမြို့နယ် များတွင် လူနေရပ်ကွက်များအတွင်း ရေ၀င်ရောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့သည်ဟု သတင်းစာ ဖော်ပြချက်အရ သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်