NDF က မေးခွန်း ၂ ခုနှင့် အဆို ၂ ခု လွှတ်တော်သို့ တင်သွင်းမည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် မတက်ရောက်မီကပင် ကြိုတင်ပြင်ဆင် ထားခဲ့သော မေးခွန်းနှစ်ခုနှင့် အဆိုနှစ်ခုကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

UKMS-mmtimesမေးခွန်းတွင် လယ်ယာမြေ ဥပဒေဆိုင်ရာနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တို့ပါဝင်ပြီး အဆိုတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် စီးပွားရေး လက်ဝါးကြီးအုပ်စနစ် ပယ်ဖျက်ရေးတို့ ပါဝင်ကြောင်း NDF ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

ပထမမေးခွန်းမှာ လယ်ယာမြေ သီးစားချထားရေး ဥပဒေအရ လယ်ယာမြေများမှာ နိုင်ငံပိုင်ဖြစ်နေသော်လည်း လယ်မြေများကို ကုမ္ပဏီများက သိမ်းယူမှုမျိုး ရှိနေရာ ၁၉၆၃ ခုနှစ်တွင် လယ်သမားများအတွက် ထုတ်ပြန်ထားသော ဥပဒေက လယ်သမားများကို အကာအကွယ်ပေးနိုင်မှု ရှိမရှိဆိုသည့် မေးခွန်းဖြစ်ပြီး အဆိုပါမေးခွန်းကို ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က မေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယမေးခွန်းမှာ စာအုပ် စာပေများ လွတ်လပ်စွာ ထုတ်ဝေခွင့်၊ ရေးသားခွင့် မရှိသဖြင့် စာပေလွတ် လပ်ခွင့် (Press Freedom) ကို မည်သို့ ဆောင်ရွက်ပေးနိုင်မည်နည်းဆိုသည့် မေးခွန်းဖြစ်ပြီး အဆိုပါမေးခွန်းကို လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက မေးမြန်းမည်ဖြစ်သည်။

ယင်းမေးခွန်းနှစ်ခု မေးမြန်းရန် လုပ်ထုံးလုပ်နည်းအရ ၁၀ ရက် ကြိုတင်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်သဖြင့် ကြိုတင် တင်ပြထားပြီးဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

လွှတ်တော်အတွင်းတွင် မေးခွန်းမေးရန်အတွက် ၁၀ ရက်၊ အဆိုတင်ရန် ၁၅ ရက်နှင့် ဥပဒေ ကြမ်းတင်သွင်းရန် ရက်ပေါင်း ၃၀ ကြိုတင် တင်ပြကြရမည်ဖြစ်သည်။

NDF က တင်ပြမည့် အဆိုနှစ်ခုအနက် ပထမအဆိုမှာ လွတ်ငြိမ်းချမ်းသာခွင့်အဆိုဖြစ်ပြီး ယင်းအဆိုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက တင်ပြမည်ဖြစ်ကြောင်း သိရသည်။

ဦးခင်မောင်ဆွေက “လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ အစိုးရသစ်တက်တိုင်း လုပ်လေ့လုပ်ထရှိတဲ့ ဟာမျိုးပါ။ ထုံးတမ်းစဉ်လာရှိတာကို လုပ်ပေးဖို့ တောင်းဆိုတာပါ။ နိုင်ငံရေး အကျဉ်းသားအားလုံးနဲ့ တခြား အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့နဲ့ နိုင်ငံပြင်ပရောက်နေတဲ့ ကျောင်းသား၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကိုပါ ပြန်လည်ဝင်ရောက်ခွင့် ပြုပေးဖို့လည်း ပါပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပါ” ဟု ပြောသည်။

NDF ပါတီက တင်သွင်းမည့် အခြားအဆိုတစ်ခုမှာ လူအများပါဝင်နိုင်သော ပီပြင်သည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာနိုင်ရန် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ပယ်ဖျက်ပြီး အပြည့်အ၀ ပြိုင်ဆိုင်ခွင့်ရှိသည့် (Perfect competition law) ထုတ်ပြန်ပေးရန်ဖြစ်ကြောင်း၊ ယင်းအဆိုကို ရန်ကုန်ုတိုင်း မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက မေးခွန်းများ၊ အဆိုတင်သွင်းမှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ချုပ်ကိုင်ဆောင်ရွက်မှုများ ပြုလုပ်ထားသဖြင့် လွှတ်တော်အမတ်များ၏ အဆိုတင်သွင်းမှုများနှင့် မေးခွန်းများမှာ အရာထင်လိမ့်မည်ဟု မထင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“မေးခွန်းမေးဖို့၊ အဆိုတင်ဖို့ ရက်ကြိုတင်ရတယ် ဆိုကတည်းက ဒီဟာတွေကို သူတို့ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။ ကြံ့ခိုင်ရေးပါတီက ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို အချိန်ယူစီစဉ်ဖို့ လုပ်ထားတာပါ။ တခုခု ဆုံးဖြတ်မယ်ဆိုရင်လည်း ကြံ့ခိုင်ရေးနဲ့ စစ်တပ်မဟုတ်တဲ့ပါတီက ၂၀ ရာခိုင်နှုန်းတောင် မရှိဘူး။ သိပ်ပြီးတော့ အရာထင်လိမ့်မယ် မထင်ဘူး” ဟု ဦးအေးသာအောင်က ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအဆိုနှင့် အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ပယ်ဖျက်ရေးအဆိုတို့ တင်သွင်းရန် ကြိုတင် တင်ပြထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် ဥပဒေကြမ်းကို တင်ပြရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်