ပြည်ထောင်စုအတွင်း စစ် ပိုမိုဖြစ်ပွားနိုင်

E-mail Print
လာမည့် စနေနေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့သည် ၆၄ ကြိမ်ရှိပြီ ဖြစ်သည့်တိုင် နအဖနှင့် လက်ရှိအစိုးရသစ်၏ လုပ်ရပ်နှင့် မူဝါဒ တို့ကြောင့် တိုင်းရင်းသား ဒေသများအတွင်း လက်နက်ကိုင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

“အစိုးရသစ် တဖွဲ့လုံးက စစ်ဗိုလ်ထွက်တွေ၊ ကြံ့ခိုင်ရေးတွေပဲ ဖြစ်နေတာတွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေကို နေရာ ပေးချင်တဲ့စိတ်၊ ပူးပေါင်းလိုတဲ့ စိတ် မရှိဘူးဆိုတာ ဖော်ပြနေပါတယ်” ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးအေးသာအောင်က ဆိုသည်။

ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်တွင် ပင်လုံမြို့၌ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ရန်နှင့် တပေါင်းတစည်းတည်း လွတ်လပ်ရေး ရယူရန် စုပေါင်းကာ လက်မှတ်ရေးထိုး ခဲ့ကြသောနေ့ကို သတ်မှတ်ထားခြင်း ဖြစ်သည်။

စစ်အစိုးရသည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစိုးရသစ်တရပ် ဖွဲ့၍ စည်းကမ်းပြည့်ဝသော ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်သစ်တရပ် တည်ထောင်မည်ဟု ကြွေးကြော်ကာ ၎င်းတို့၏ မူဝါဒ လမ်းစဉ်များ၏ နောက်ဆုံးအဆင့် အဖြစ် အစိုးရသစ်ကို ဖွဲ့စည်းပြီး ဖြစ်သည်။

“ရွေးကောက်ပွဲအရ အစိုးရသစ်ပေါ်လာသလို တဘက်မှာလည်းပဲ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာတယ်။ အခုဆိုရင် ကရင်ဒေသတွေအပြင် ကချင်ဒေသတွေမှာပါ တိုက်ပွဲကြီးတွေ ဖြစ်လာနေပြီ။ လက်ရှိအခြေအနေအရ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပိုများလာနိုင်တယ်။ ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် CRPP အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ စုပေါင်းကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပပြီး စစ်မှန်သော ပြည်ထောင်စု စစ်စစ်ပေါက်ပေါက်ရေး၊ ဒုတိယ ပင်လုံ အမြန်ဆုံး ဖြစ်မြောက်အကောင်အထည် ဖော်နိုင်ရေး တို့ကို လုပ်ဆောင်မည် ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ၀င်ခဲ့ကြသော ဒီမိုကရက်တစ် အင်အားစုများနှင့် တိုင်းရင်းသားပါတီ စုစုပေါင်း ၁၁ ခု တို့ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခြံဝန်းတွင် ကျင်းပကာ ကြေညာချက်တစောင် ထုတ်ပြန်မည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။

“စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ် တောင်းဆိုမယ်။ အနာဂတ်နိုင်ငံရေးမှာ ပိုမိုပူးပေါင်း
ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးကြမယ်” ဟု ဒေါ်သန်းသန်းနုက ဆိုသည်။

ပြည်ထောင်စုနေ့ စုပေါင်းကျင်းပကြမည့် နိုင်ငံရေး ပါတီများထဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်း)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစု စသည့် ပါတီများ ပါဝင်သည်။

တိုင်းရင်းသား ပါတီများအနက် ရှမ်းတိုင်းရင်သားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ပါတီ၊ ကရင်ပြည်သူ့ပါတီ စသည့် ပါတီများပါဝင်မည် ဖြစ်သည်။

“ပါတီ၁၁ ခုက စီးပွားရေး ပိတ်ဆို့မှုကိစ္စပဲ အဓိကဆွေးနွေးမယ်၊ ပြည်ထောင်စုနေ့က အားလုံးအတွက်အရေးကြီးတယ်၊ ဒုတိယပင်လုံကိစ္စက ကျနော်တို့က အဆိုပြုတာ မဟုတ်တော့ ဆွေးနွေးဖို့ မရှိပါဘူး”ဟု NDF ပါတီမှ ဘဏ္ဍာရေးမှူး ဦးကြည်သန်းက ဧရာဝတီ ကို ပြောသည်။

စီးပွားရေးပိတ်ဆို့မှုသည် ပြည်သူများအား တိုက်ရိုက်ထိခိုက်နေ ခြင်းကြောင့် ပြန်ရုပ်သိမ်းပေးရေး ကိုတောင်းဆိုရခြင်းဟု၎င်းက ဆိုသည်။

နှစ်ပေါင်း ၂၀ ကျော် အတွင်း နိုင်ငံရေးပါတီများ စုပေါင်း၍ ပထမဆုံး ကျင်းပသော ပြည်ထောင်စုနေ့ တခုဖြစ် သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကမူစီးပွားရေး ပိတ်ဆို့မှုသည် စစ်ဗိုလ်ချုပ်များကိုသာ တိုက်ရိုက်ထိခိုက်၍ ဆက်လက်ထားရှိ သင့်ကြောင်း ပြီးခဲ့သည့် ရက်အတွင်းကြေညာ ချက်ထုတ်ပြန်ထားသည်။

“စီးပွားရေး ပိတ်ဆို့တာက စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းပါတွေကိုပဲ တိုက်ရိုက်ထိတယ်၊ ဒီမိုကရေစီ အရေးအတွက်လည်း ထိရောက်မှုတွေ ရှိလို့ ကျနော်တို့က ထောက်ခံတာပါ” NLD၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် တောင်းဆိုနေသူများသည် စစ်အစိုးရအား ထောက်ခံပြီး လွှတ်တော်ထဲ ရောက်နေသူများသာ ဖြစ်ကြောင်း၊ စစ်အစိုးရ လွှတ်တော်မှလည်း ပြည်ထောင်စု စနစ်ကို ဖော်ဆောင်နိုင်မည် မဟုတ် ဟု  ၎င်းကဆိုသည်။

ယနေ့ထုတ် သတင်းစာများ၌ ဆောင်းပါးရှင် မောင်မန်းညိုက ပြည်ထောင်စုနေ့ကျရောက်သည့်အချိန်သည်လွှတ်တော် အသီးသီးကျင်းချိန်နှင့် ဒွန်တွဲနေခြင်းကြောင့် ပြည်ထောင်စုကြီး တည့်တံ့ခိုင်မြဲတော့မည့် နိမိတ်ကောင်းဟု ဆိုနိုင်ကြောင်း ရေးသားထားသည်။

“ဗေဒင်တွေ၊ ကိန်းဂဏန်းတွေနဲ့ ဒီရက်တွေမှာ ရွေးပြီးလုပ်တာကို နမိတ်ကောင်းတယ်ပြောတယ်ဆိုရင်တော့ အံ့သြစရာပဲပေါ့” ဟု ဦးဝင်တင်က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်