စိစစ်ရေး မူဝါဒသစ် အပေါ် မေးခွန်းထုတ်မှုများရှိနေ

E-mail Print
ပြောင်းလဲကျင့်သုံးမည့် စာပေစိစစ်ရေး မူဝါဒသစ်အပေါ် ကြိုဆိုမှုများ ရှိသော်လည်း စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ပြည်တွင်း စာနယ်ဇင်း အသိုင်းအ၀န်း၌ မေးခွန်း ထုတ်မှုများ ရှိနေသည်။

21464-Journal670မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင် ယမန်နေ့က ပြုလုပ်သော စာပေစိစစ်ရေးမူဝါဒ အပြောင်းလဲ အစည်းအဝေး ၌ အားကစား ၊ နည်းပညာ၊ ကျန်းမာရေး ၊ အနုပညာနှင့် ကလေးစာပေ စသည့် စာပေအမျိုးအစား ၅ မျိုးကို စာပေ စိစစ်ရေးသို့ တင်ရန်မလိုဘဲ (ထုတ်တင်စနစ်ဖြင့်) ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ထုတ်ဝေခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။

၁၉၈၈ မတိုင်မီ မဆလ ခေတ်က စာပေစိစစ်ရေးမူဝါဒတွင် ထုတ်တင်စနစ်ကို ကျင့်သုံးခဲ့ဖူးကြောင်း၊ ယင်း စနစ်ထက် ယခုကျင့် သုံးမည့် ထုတ်တင်စနစ်သည် ပိုမိုတာဝန်ကြီးလာသည့်အပြင် စာပေလွတ်လပ်ခွင့် ရလာသည်ဟု ပြော၍ မရကြောင်း အယ်ဒီ တာ ဟောင်း ဦးအောင်မြင့် (ကဗျာဆရာ ဖျာပုံ နီလုံဦး) က ဧရာဝတီကို ပြောပြသည်။

“လွတ်လပ်ခွင့်ပေးမယ်ဆိုရင်လည်း သေချာပေးလိုက်ပါ၊ စည်းကမ်းတွေ တဖက်မှာ ပြန်မထုတ်နဲ့ပေါ့။ ကိုယ်ရေးလိုက်တဲ့ သ တင်းတခု ၊ ကဗျာတပုဒ် ထိခိုက်လို့ အဲဒီပုဂ္ဂိုလ်က တိုင်ရင် ဒဏ်ငွေဖြစ်ဖြစ် ၊ ဥပဒေဖြစ်ဖြစ်နဲ့ အရေးယူလိုက်လေ။ ဒီလိုမျိုးပဲ ဖြစ် သင့်တာ။ ဒီစနစ်သစ်က ဂျာနယ် ၊ မဂ္ဂဇင်းမှာ ရှိတဲ့ တာဝန်ရှိသူတွေကို တော်တော်လေး အခက်အခဲဖြစ်စေတယ်”ဟု သူက ဆို သည်။

၁၉၈၈ မတိုင်မီ ကျင့်သုံးခဲ့သည် ထုတ်တင်စနစ်တွင် စာပေ စိစစ်ရေးမှ ခွင့်မပြုသည့် အကြောင်းအရာ စာမျက်နှာပေါ်တွင် မင်အနက်ဖြင့် ပိတ်ခြင်း ၊ ငွေမင်ရောင်ဖြင့် ပိတ်ခြင်း၊ ဖြုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

ဖျာပုံနီလုံဦး က ဆက်၍ “မင်တွေနဲ့ စာသားတွေပေါ်မှာ လိုက်ပိတ်ထားတာကို တွေ့ရင် စာဖတ်ပရိသတ်က စာပေစိစစ်ရေး က ဖြတ်တောက်တယ်ဆိုတာ သိမှာစိုးရိမ်ပြီး တပုဒ်လုံးဖြုတ်ခိုင်းတယ်။ ဖြုတ်တဲ့ စာမျက်နှာအရေအတွက်ကို စိစစ်ရေးရုံးကို တင်ပြ ရတယ်။ ဒီတော့ ထုတ်တင်စနစ်က ဘာမှ အကျိုးမရှိခဲ့ဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အတွင်းရေးမှူး ဦးကိုကို(စက်မှု တက္ကသိုလ်) ကမူ“ဒီမိုကရေစီနိုင်ငံ တခုနဲ့ ကိုက်ညီတဲ့ လွတ် လပ်တဲ့ စာပေရေးသားခွင့် Press Freedom ပေးဖို့ ရှိရတယ်။ အခုလောလောဆယ် စာပေ ၅ မျိုး ကို စပြီးခွင့်ပြုခွင့်ပေးတယ် ဆိုတာ လွတ်လပ်စွာစာပေရေးသားခွင့်ရဲ့ အစောဆုံးလှမ်းတဲ့ ခြေလှမ်းတခုလို့ မြင် တယ်။ ဘာပဲပြောပြော စာပေစိစစ်ရေးကို
ဖြတ်သန်းစရာမလိုဘဲ ရေးသားထုတ်ဝေခွင့်ရတာ ကြိုဆိုပါတယ်”ဟု ပြောသည်။

၎င်းက ဆက်လက်၍“စံနှုန်း စံထားနဲ့ ကိုက်ညီတဲ့ Pree Freedom တခုရဖို့ ကတော့ ခြေလှမ်းတွေ အများကြီးလှမ်းဖို့ လိုပါဦး မယ်။ ဒါကလည်း လက်ရှိ အစိုးရက ဒီမိုကရေစီနဲ့ ပတ်သက်လို့ အတွေ့အကြုံလုံးဝမရှိသေးတဲ့ အစိုးရတခုဖြစ်တော့ လုံးဝ ဥသုံပေး လိုက်မယ်ဆိုရင် တခုခုများဖြစ်မလား စိုးရိမ်စိတ်ရှိတော့ ဒါလေးနဲ့ စပြီး စမ်းသပ်တယ်လို့ ကျနော်မြင်တယ်”ဟု ပြော သည်။

လွန်ခဲ့သည့် ကာလများနှင့် နှိုင်းယှဉ်လျှင် တိုးတက်မှုရှိလာသည်ဟုလည်း ဦးကိုကို က ပြောသည်။

စာပေစိစစ်ရေးမှ ပြောင်းလဲ ကျင့်သုံးမည့် မူဝါဒသစ်တွင် အုပ်စု ၂ စု ခွဲခြားသတ်မှတ်ထားပြီး အုပ်စု(၁)၌ အားကစား ၊ နည်းပညာ၊ ကျန်းမာရေး ၊ အနုပညာနှင့် ကလေးစာပေ စသည်တို့ပါဝင်၍ ဂျာနယ် ၈၂ စောင်နှင့် မဂ္ဂဇင်း ၉၆ စောင် ရှိသည်။

အုပ်စု(၂)တွင် သတင်း၊ စီးပွားရေး၊ ပညာရေး ၊ ဘာသာရေးနှင့်မှုခင်း စသည်တို့ပါဝင်ပြီး စာပေစိစစ်ရေးတင်ရန် လိုအပ်သည် (တင်ထုတ်စနစ်ဖြင့်ပြုလုပ်ရန်)ဟု သတ်မှတ်ထားသည်။

ယခုစနစ်သစ်သည် ယခင်ကဲ့သို့ စာပေစိစစ်ရေးတင်ရန် အချိန်ယူ လုပ်ဆောင်စရာမလိုတော့သောကြောင့် စာဖတ်ပရိသတ် အတွက် သတင်း အရေ အတွက် များများဖြင့် လတ်ဆတ်သည့် သတင်းများကို ပိုမိုဖော်ပြလာနိုင်မည်ဟု အိုလံပစ် အားကစား ဂျာနယ်မှ သတင်း တာဝန်ခံ ကိုထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

“အရင်ကတည်းက သိပ်မလွတ်လောက်တဲ့ ပြည်ပ အားကစားသမားတွေ ပုံတွေ ဘာတွေက ကိုယ့်ဘာသာကိုယ်ဖြတ်တောက် တဲ့ ပုံမျိုးရှိတော့ သိပ်ထူးထူးခြားခြားကြီး အခက်အခဲ ဖြစ်သွားတာမျိုး ၊ ပြောင်းလဲ သွားတယ်လို့တော့ မခံစားရဘူး။ လွတ်လပ် ခွင့်နဲ့ ပတ်သက်ပြီး အခု စာပေစိစစ်ရေးမရှိတော့ဘူးဆိုပေမယ့် သူတို့ သတ်မှတ်ပေးထားတဲ့ အောက်ကပဲ သွားရမှာဆိုတော့ ကျနော်တို့ ထပ်ကွန့်လိုက်တာမျိုးတော့ မဖြစ်ဘူး။ ကိုယ့်မူလေးနဲ့ ကိုယ် ၊ စည်းလေးတခုထားပြီး လုပ်သွားဖို့တော့ စဉ်းစား ထား တယ်”ဟု ၎င်းက ဆိုသည်။

လွတ်လပ်မှုပေးထားသည်ဆိုပြီး ထည့်သွင်းဖော်ပြလိုက်ပါက စာပေစိစစ်ရေးမူနှင့် ကိုက်ညီမှုမရှိလျှင် မိမိဘာသာ တာဝန်ယူဖြေ ရှင်းရတော့မည်ဖြစ်သောကြောင့် ယင်းကဲ့သို့ မဖြစ်စေရန် ပိုမိုတာဝန်ရှိလာ၍ သတိထားရမည်ဖြစ်သည်ဟု စာနယ်ဇင်းသမား
များက ပြောဆိုသည်။

ကိုထွန်းထွန်းဦးက ဆက်လက်ပြီး“အကုန်လုံးစပြောင်းလို့ လဲမရဘူး။ လွတ်လပ်တယ် ဆိုပေမယ့် ထိန်းတာမျိုးမရှိရင်လည်း အရမ်းလွတ်သွား မယ်လို့ထင်တယ်။ ဥပမာ-ဘောလုံးပွဲလောင်းကြေးတွေဆို တရားဝင်မပေးပေမယ့် ထည့်နေတာတွေရှိတယ်။ အဲဒါကို စာပေစိ စစ်ရေးကခေါ်ပြီး သတိပေးတာတွေတော့ ရှိတယ်။ လွတ်လပ်တယ်ဆိုပြီး သွားလုပ်ရင် ကိုယ့်ဘာသာ ရှင်းရမှာလေ”ဟု ဆိုသည်။

မူဝါဒပြောင်းလဲလိုက်မှုကို လက်ခံကြောင်း သို့သော်လည်း မထိတွေ့ဘူးသည့် စနစ်သစ်ကြောင့် အခက်အခဲ အနည်းငယ်ရှိမည်ကိုလည်း မျှော်လင့်ထားကြောင်း ပေါ်ပြူလာ ဂျာနယ်မှ အယ်ဒီတာ ကိုမျိုး(မြန်မာစာ)က ပြောသည်။

“ဟိုးအစောကြီးကတည်းက ဂျာနယ်တွေမှာဒီလို ပြောင်းလဲလာမယ့် စာပေစိစစ်ရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး ဆရာ ဦးဝင်းငြိမ်း ဖြေထားတာကို ကျနော်ကြိုက်လို့ ပြန်ပြောရရင် “က” ကြီးလို့ တင်ပြတာကို “ယ” လို့ မထင်သွားဖို့ပါဘဲ။ ကျနော့် အမြင် ကတော့ ပထမကတည်းက အသစ်ကို မျှော်လင့်တယ်။ ဘာပဲပြောပြော အသစ်က ကျနော်တို့ နိုင်ငံအတွက် အကျိုး ရှိပါစေလို့ ဆုတောင်းပါတယ်”ဟု သူက ပြောသည်။

ထုတ်တင် စနစ်ဖြင့် ခွင့်ပြုပေးထားသည့် စာပေအမျိုးအစားများအနေဖြင့် အသရေဖျက်မှုကဲ့သို့ မှုခင်းကြုံလာပါက ပုံနှိပ်သူနှင့် ထုတ်ဝေသူ ၂ ဦးစလုံးမှ အာမခံငွေ ကျပ်သိန်း ၅၀ ကို စာပေစိစစ်ရေးသို့ စပေါ်တင်ရမည်ဖြစ်ပြီး နောက်တကြိမ် ထပ်မံ ဖောက် ဖျက်ပါက ငွေပမာဏတချို့ကို နိုင်ငံတော် ဘဏ္ဍာ ငွေအဖြစ် သိမ်းယူမည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့ က အမေရိကန်နိုင်ငံ ၀ါရှင်တန် အခြေစိုက် Freedom House အဖွဲ့ ထုတ်ပြန်သည့် အစီရင် ခံစာ တွင် သတင်း လွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံပါဝင်ကြောင်း ဖော်ပြထားပြီး ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက် ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာလွတ်လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်