သတင်းတိုများ

သတင်းတိုများ

အိန္ဒိယ-မြန်မာ နိုင်ငံခြားရေးဝန်ကြီး အဆင့် အစည်းဝေးလုပ်မည်

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်မည့် ၄ ရက်ကြာ နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးတွင် နှစ်နိုင်ငံကြား အပြန်အလှန် ဥပဒေကြောင်း အထောက်အကူပေးရေး စာချုပ် (MLAT) ကို လက်မှတ်ထိုးဖွယ်ရှိကြောင်း သိရသည်။ ယင်းစည်းဝေးပွဲတွင် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခွဲထွက်ရေးသူပုန်များ ကိစ္စ၊ ထောက်လှမ်းရေးသတင်းများ မျှဝေရေး၊ လက်နက်နှင့် မူးယစ်ဆေးဝါး ကုန်ကူးမှု တိုက်ဖျက်ရေးများ ပါဝင်မည်ဟု သိရသည်။
သတင်းတိုများ

DKBA နှင့် နအဖ တပ် တိုက်ပွဲ ရွာသား တဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နအဖ ခြေလျှင် တပ်ရင်း(၂၃၀) ၊ ခြေမြန်တပ်ရင်း(၅၄၇) (၃၅၆) တို့ ယနေ့နံနက်(၆)နာရီကျော်မှ မွန်းလွဲ(၁)နာရီခန့်အထိ ၇ နာရီနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖလူးရွာသားတဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း၊ နှစ်ဘက် ထိခိုက်ကျဆုံးမှုများကိုမူ မသိရှိရသေး ကြောင်း DKBA က ပြောသည်။
သတင်းတိုများ

ဂန္ဒီခန်းမကြီးကို နေရာရွှေ့ပြောင်းမည်

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ဂန္ဒီခန်းမကြီးကို ရန်ကင်းမြို့နယ်ရှိ လယ်/ဆည် ဝန်ကြီးဌာန ရုံးဟောင်းသို့ အာဏာပိုင်များက မကြာမီပြောင်းရွှေ့ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ဂန္ဒီခန်းမသည် သမိုင်းဝင် အဆောက်အအုံတခု ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD သည် ဂန္ဒီခန်းမတွင် အစည်းအဝေးကျင်းပကာ လွှတ်တော် ခေါ်ယူရေးအတွက် “ဂန္ဒီခန်းမ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။
သတင်းတိုများ

ထာဝရနှင်းဆီ အငြိမ့် စင်္ကာပူနှင့် မလေးရှား ၌ ကမည်

လူကြိုက်များခဲ့သည့် ထာဝရနှင်းဆီအငြိမ့်ကို မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေရန် ပွဲလက်မှတ်များ စတင် ရောင်း နေကြောင်း သိရသည်။ ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို မလေးရှားရှိ မြန်မာ့ဥယျာဉ်က စီစဉ်ကာ၂၀၁၁ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကွာလာလမ်ပူ၌ လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပီနန်၌ လည်းကောင်း၂ နေရာ ဖျော်ဖြေမည်ဖြစ်သည်။ စင်ကာပူရောက် အနုပညာချစ်သူများ စီစဉ်သော ထာဝရနှင်းဆီ နှစ်ပါးသဘင်ကိုလည်း မတ်လ ၆ ရက်နေ့၌ စင်ကာပူနိုင်ငံ ချိုင်း နား တောင်း ရပ်ကွက်ရှိ Kreta Ayer People’s Treatre ဇာတ်ရုံတွင် ဖျော်ဖြေမည်ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
သတင်းတိုများ

ကျားဖြူပါတီ ကုမ္ပဏီ ထောင်ရန် ဆုံးဖြတ်

ကျားဖြူပါတီ (SNDP) သည် ပါတီရန်ပုံငွေ အတွက် ကုမ္ပဏီ ထူထောင်မည် ဖြစ်ပြီး ကုမ္ပဏီ အမည်ကိုလည်း ကျားဖြူ ကုမ္ပဏီ ဟုသတ်မှတ်မည် ဖြစ်ကြောင်း မကြာသေးခင်က ကျင်းပသည့် ပါတီညီလာခံတွင် ဆုံးဖြတ်လိုက်သည်။ သစ်၊ စိုက်ပျိုးရေး၊ သတ္ထုတွင်း လုပ်ငန်းများကို အဓိကထား လုပ်ကိုင်မည် ဖြစ်ပြီး ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်ကြောင်း၊ ရရှိသည့် အကျိုးအမြတ်များကို အချိုးကျခွဲဝေပြီး ပါတီအတွက် သုံးမည်ဖြစ်ကြောင်း SNDP ဗဟိုကော်မတီဝင် ဦးစိုင်းလှကျော်က ပြောသည်။
သတင်းတိုများ

တတိယလုပွဲတွင် မြန်မာအသင်း ၂ ဂိုး ၁ ဂိုးဖြင့် ဗီယက်နမ်ကို နိုင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံး ပွဲစဉ် တတိယလုပွဲ၌ မြန်မာအသင်းက ဗီယက်နမ်အသင်းအား ၂ ဂိုး - ၁ ဂိုးဖြင့် နိုင်ကာ ကြေးတံဆိပ်ဆု ရရှိခဲ့သည်။ မြန်မာ အသင်းခေါင်းဆောင် နောက်တန်းကစားသမား စည်သူဇော်ဦးမှာ ပွဲချိန် ၅၇ မိနစ်က ၂ ၀ါ ၁ နီဖြင့် ထုတ်ပယ်ခံခဲ့ရသော်လည်း တိုက်စစ်မှူးများဖြစ်သည့် စောစိန်ဘမြင့်နှင့် ချစ်မိုးဦးတို့က ဦးဆောင် ဂိုးများသွင်း နိုင်ခဲ့သည်။
သတင်းတိုများ

ရခိုင်အနုပညာရှင်များ တင်ဆက်မည့် ဂီရိရန်ပုံငွေပွဲ ကျင်းပမည်

ဂီရိဆိုင်ကလုန်း လေဘေးဒုက္ခသည်များအား ကူညီနိုင်ရန် ရန်ပုံငွေ ဖျော်ဖြေပွဲတရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ၌ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းရှိ မိုးလုံလေလုံ ခန်းမတွင် ကျင်းပမည်ဟု သိရသည်။ ဖျော်ဖြေပွဲတွင် ရခိုင်အနုပညာရှင်များ ဖြစ်ကြသော မင်းသားနေတိုး၊ ခန့်စည်သူ၊ မင်းသားကြီး ဦးအောင်လွင် အပါအဝင် တခြားသော ရခိုင်အနုပညာရှင်များ၊ အဆိုတော်များက ပါဝင်တင်ဆက်မည် ဖြစ်သည်။ ရရှိသောငွေများအား ဂီရိဒုက္ခသည်များအား ကူညီ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ယခုပွဲသည် ရခိုင်အနုပညာရှင်များ၏ ပထမဆုံးသော တေးဂီတ ပဒေသာပွဲဟု သိရသည်။
သတင်းတိုများ

NDF ဗဟိုဦးစီးအဖွဲ့သစ်နှင့် အမျိုးသမီးအဖွဲ့ ပြန်ဖွဲ့မည်

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ ဗဟိုဦးစီး အဖွဲ့သစ်နှင့် အမျိုးသမီး အဖွဲ့အား ၂၀၁၁ နှစ်ဆန်းပိုင်းတွင် တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းသိရသည်။ ထိုသို့ဖွဲ့စည်းရခြင်းမှာ ပါတီ ကျစ်လျစ်ခိုင်မာရေး၊ အင်အားကောင်းရေး၊ အနာဂတ် လုပ်ငန်းစဉ်များ ပိုမိုလုပ်ဆောင်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။
သတင်းတိုများ

အာဆီယံ တက္ကသိုလ်များ အားကစားပွဲ ကြေးတံဆိပ် ၂ ခုသာ မြန်မာ ချိတ်သေး

၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလီဘောပွဲစဉ်တွင် ယနေ့ ကျင်းပသည့် တတိယနေရာလုပွဲ၌ မြန်မာက မလေးရှားအသင်းအား ၃ ပွဲပြတ် ရှုံးနိမ့်ကာ ကြေးတံဆိပ်ဆုနှင့် လွဲချော်သွားသည်။ အမျိုးသမီး တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ တတိယနေရာလုပွဲတွင်မှု မြန်မာက စင်ကာပူကို ၂ ပွဲပြတ်ဖြင့်နိုင်ပြီး ကြေးတံဆိပ်ဆုရရှိသည်။ မြန်မာနိုင်ငံက ယနေ့အထိ ကြေးတံဆိပ် ဆု ၂ သာ ရရှိထားပြီး အိမ်ရှင် ထိုင်းနိုင်ငံက စုစုပေါင်း ဆုတံဆိပ် ၁၁၁ ခုရရှိထားသည်။
သတင်းတိုများ

စိတ်ကြွဆေး ဖမ်းဆီးရမိမှု ယခင်နှစ်ထက် ၃ ဆပိုများလာ

မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ဖမ်းဆီးရမိသော စိတ်ကြွဆေး အရေအတွက်သည် ယခင်နှစ်များထက် ၃ ဆများပြားလာ ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ် UNDOC ၏အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အများစု သည် မြန်မာနယ်စပ် ဒေသများတွင် ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်း-မြန်မာနယ်စပ်၌ ၂၀၁၀ ဇန်န၀ါရီလမှ စက်တင်ဘာလ အတွင်းဖမ်းမိခဲ့သော ဆေးပြားအလုံးရေ ၄၄ သန်း ရှိသည်ဟု ဆိုသည်။
သတင်းတိုများ

ဦးတေဇကို ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌအဖြစ်ခန့်

ဦးတေဇကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌသစ်အဖြစ် လွှဲပြောင်း ပေးလိုက်ကြောင်း ယမန်နေ့ထုတ် သတင်းစာတွင် ပါရှိသည်။ ဦးတေဇသည် ဥက္ကဋ္ဌသစ် ရာထူးအတွက် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်ကို အကုန်ကျခံ တည်ဆောက် ပေးခဲ့ကြောင်း၊ လာမည့် ကျောက်မျက် ရတနာ ပြပွဲ များတွင်လည်း ကျောက်မျက် လုပ်ငန်းရှင်များအပေါ် မည်သို့ ချယ်လှယ်သွားမည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း ကျောက်မျက်ကုန်သည်တဦးက ပြောသည်။
သတင်းတိုများ

သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

၂၀၁၀ သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ မှတ်တမ်းယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျ ကို မင်္ဂလာတောင်ညွန့် တရားရုံးက နယ်စပ်ဖြတ်ကျော် ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်း ရှေ့နေများက ပြောသည်။ ဗုံးဖောက်ခွဲသူ လက်သည်ကိုမူ ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။
သတင်းတိုများ

ဂီရိလေဘေးဒုက္ခသည်များ အခက်အခဲဖြစ်နေဆဲဟု NGO များပြော

ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်း လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး ၂ လ ပြည့်သည့်တိုင် စားစရာနှင့် နေစရာ အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း NGO အဖွဲ့များကပြောသည်။ လေဘေးဒုက္ခသည်များ အနေနှင့် တနိုင်တပိုင် ပြန်လည်ထူထောင်ရေး လုပ်ငန်များ လုပ်လိုသော်လည်း စားစရာ ဆန်မရှိ၍ လုပ်ငန်းခွင် ၀င်ရန် အခက်အခဲ ဖြစ်နေကြောင်း၊ ကူညီပေးနေသည့် NGO များကလည်း တပတ်စာထက် ပိုပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ILO ကိုယ်စားလှယ် စတိဗ်မာရှယ်တို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စတာစတိဗ် မာရှယ်က ယမန်နေ့က သွားရောက်တွေ့ဆုံပြီး မြန်မာစစ်အစိုးရနှင့် ILO အကြား နားလည်မှု စာချွန်လွှာရေးထိုးထားသည့် ကလေးစစ်သား ပပျောက်ရေး၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနှင့် အသိမ်းဆည်းခံ လယ်ယာမြေ ကိစ္စရပ်များအပေါ် NLD အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
သတင်းတိုများ

အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို စခန့်

အနိုင်ရ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို ရပ်ကွက်၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးယန္တရားတွင် အဓိကနေရာမှ ထည့်သွင်း ခန့်အပ်နေပြီဖြစ်ကြောင်း ကြံ့ဖွံ့ပါတီဝင်များက ပြောသည်။ ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးအား ဒီဇင်ဘာလ ၂၀၊ ၂၁ ရက်နေ့ တို့တွင် နေပြည်တော်၌ ကျင်းပနေပြီး တနိုင်ငံလုံးမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၊ ပါတီဝင်များ ပါဝင်သော အစည်းအဝေးကိုမူ ဇန်န၀ါရီလဆန်းပိုင်း၌ ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။
သတင်းတိုများ

UWSA ပန်ဆန်း ၌ နှစ်ချုပ် စည်းဝေး

“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့၌ ယခု တပတ်မှ စတင်ကာ သက်ဆိုင် ရာ ဌာနအလိုက် နှစ်ချုပ် အစည်းအဝေးများ ကျင်းပနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ လယ်/ဆည် နှင့် သစ်တောရေးရာ ဌာန၊ ပြန်ကြားရေး ဌာန၊ ကျန်းမာရေး ဌာန၊ ပညာရေး ဌာန၊ ကာကွယ်ရေး ဌာန စသည့် ဌာနများက တ နှစ်တာ အတွင်း ၎င်းတို့၏ မှတ်တမ်း မှတ်ရာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း အမည်မဖော်လိုသူ ဝ တပ်မှူး တဦးက ပြောသည်။
သတင်းတိုများ

ဖားကန့် ကျောက်စိမ်းကုမ္ပဏီများထံ အခွန်ကောက်ခံမည်ဟု KIA အကြောင်းကြား

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း နယ်မြေ၌ လုပ်ကိုင်နေကြသော ကုမ္ပဏီများထံမှ အခွန် ကောက်ခံမည်ဟု ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က နိုဝင်ဘာ လကုန်ပိုင်းတွင် အကြောင်းကြားစာ ပေးပို့ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ KIA သည် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားချိန်မှစ၍ အခွန်ကောက်ခံခြင်းကို ရပ်ဆိုင်း ထားခဲ့သော်လည်း ယခု ပထမဆုံး အခွန်ပြန်လည် ကောက်ခံရန် စီစဉ်ခြင်း ဖြစ်သည်။
သတင်းတိုများ

ကုန်တင်ခများ ဈေးမြင့်၍ ကုန်ပစ္စည်း တင်ပို့သူများ အခက်ကြုံ

ပုဂ္ဂလိက ကုန်တင်ကားများ၏ ကုန်တင်ခ ဈေးနှုန်းများ မြင့်တက်သွား သော်လည်း ကုန်ပစ္စည်း ဈေးနှုန်းများ မြှင့်တင်ရန် မလွယ်ကူ၍ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းသမားများ အခက်အခဲ ကြုံနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကုန်တင်ကားများကို ယာဉ်နှင့် ကုန်ပစ္စည်း အပါအ၀င် တန် ၃၀ ထက် မပိုရဟု နိုဝင်ဘာ လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်လိုက် ပြီးနောက် ကုန်တင်ခနှုန်းများ မြင့်တက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်းတိုများ

လူငယ်ပညာပေး ဟောပြောပွဲ NLD ရုံးတွင် ကျင်းပမည်

ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ၌ လူငယ်ပညာပေး ဟောပြောပွဲတရပ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD အဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ရာ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်တို့က “ပြည်ထောင်စု စိတ်ဓာတ်” အကြောင်းအရာဖြင့် ဟောပြောမည် ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ရထားလမ်းဖောက်ရန် ရခိုင်ဒေသမှ လယ်မြေဧက ထောင်ချီသိမ်း

ရခိုင်ပြည်နယ်အတွင်း ဖောက်လုပ်နေသော စစ်တွေ-အမ်း-မင်းဘူး မီးရထားလမ်းကြောင့် လယ်မြေဧက ထောင်ချီ၍ အသိမ်းခံနေရပြီး ရော်ဘာခင်း တချို့လည်း ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ ထိုရထားလမ်း ဖောက်လုပ်မှုတွင် အသုံးပြုသည့် မြေတူးစက်များကြောင့် ဒေသခံ စစ်တပ် များကို ဆက်သွယ်ထားသည့် မြေအောက် ကေဘယ်လိုင်းများ ပျက်စီးသွားသဖြင့် စစ်တပ်နှင့် မီးရထား ဌာနတို့ အကြား ပြဿနာတက်နေကြောင်းလည်း စုံစမ်းသိရသည်။
More Articles...
Page 32 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်