သတင်းတိုများ

သတင်းတိုများ

မန္တလေးမှာ ပေါက်ကွဲမှုဖြစ်၊ နှစ်ဦး ဒဏ်ရာရ

မန္တလေးမြို့တွင် ယမန်နေ့ ညနေ ၃ နာရီခန့်က မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းအကြားရှိ ဒေါ်မြ ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သံတိုသံစ လာရောက်ရောင်းချသော သိန်းသန်း ဆိုင်ကယ် ပြင်ဆိုင်မှ အောင်ရဲ ကို ၁၉ နှစ်၏ ခြေထောက် ထိမှန်ခဲ့ပြီး ပြေငြိမ်းဦး ၂၁ နှစ်၏ ခန္ဓာကိုယ်လည်း ထိမှန်ခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။“၀ုန်းခနဲ ပေါက်ကွဲသံကြားရပြီး တဆိုင်လုံး မီးခိုးလုံးတွေနဲ့ ပြည့်သွားတယ်။ ပစ္စည်းအဟောင်းတွေထဲက ထ ကွဲတာ။ ဘာမှန်း မသိရဘူး။ ဆိုင်ရှင်တွေကိုတော့ ရဲ စခန်း ခေါ်သွားတယ်"ဟု၎င်းကဆိုသည်။ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် တိတိကျကျ ပြန်လည်ဖြေကြားခြင်းမရှိချေ။
သတင်းတိုများ

မြန်မာတွင် ဘာသာရေး လွတ်လပ်ခွင့်မရှိဟု အမေရိကန် ထုတ်ပြန်

မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆူဒန်၊ ဥဇဘက် ကစ္စတန်၊ အီရစ္စထရီးယား နိုင်ငံ များသည် ဘာသာရေး လွတ်လပ်ခွင့် မရှိသည့် နိုင်ငံများ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ရေး ဌာန က ယမန်နေ့ တွင် ထုတ်ပြန် လိုက် သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က “ မြန်မာပြည်ထဲမှာ ဗုဒ္ဓဘာသာ လှုပ်ရှားမှုတွေကို ဖိနှိပ်တာ အပြင် တခြားသော ဘာသာဝင်တွေနဲ့ သူတို့ရဲ့ဘာသာရေးလှုပ်ရှားမှုတွေကို ဖိနှိပ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေကို စစ်အစိုးရက ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်”ဟုလည်း ယင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
သတင်းတိုများ

ကြံ့ဖွံ့ပါတီ လူမှုရေးလုပ်ငန်းများ ရပ်ဆိုင်း

ကြံ့ဖွံ့ပါတီက ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် နေရာအများစု အနိုင် ရရှိသွားပြီးနောက် လမ်းခင်းခြင်း၊ ရေတွင်းတူးခြင်း၊ ငွေချေးခြင်း  မျက်စိဝေဒနာရှင်များအား ဆေးကုသပေးပြီး မျက်မှန်များ အလကားပေးဝေခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများ အားလုံး ဆက်မလုပ်တော့ဘဲ ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းတိုများ

စစ်တပ်နှင့် ဝန်ထမ်းမိသားစုများ ဒေါ်အောင်ဆန်းစုကြည် သတင်း စိတ်ဝင်စား

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် သတင်းသည် စစ်သားများနှင့် အစိုးရ ၀န်ထမ်းများ အကြားတွင် အပြော အများဆုံး သတင်းဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် မှုအတွက် အလွန် ၀မ်းသာနေကြကြောင်း သတင်းရရှိသည်။ စစ်တပ် မိသားစုများအတွင်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ ဂျာနယ်များ ၀ယ်ယူစုဆောင်းနေပြီး အစိုးရ၀န်ထမ်း အများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ချင်သည်ဟု ပြောဆို နေကြသည်။
သတင်းတိုများ

ကြံ့ဖွံ့ ၇၆.၅ ရာခိုင်နှုန်းဖြင့်နိုင်ဟု ရွေးကောက်ပွဲကော်မရှင် ကြေညာ

ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ရှိ နေရာပေါင်း ၁၁၅၄ နေရာတွင် ကြံ့ဖွံ့ပါတီက ၈၈၃ နေရာ အနိုင်ရပြီး ရာခိုင်နှုန်း အားဖြင့် ၇၆.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစည ပါတီက ၆၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၅၇ နေရာ၊ ရခိုင် တိုင်းရင်း သား များ တိုးတက်ရေး ပါတီက ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ၁၆ နေရာစီ အနိုင်ရရှိ ကြောင်း တရုတ် People Daily အင်တာနက် စာမျက်နှာတွင် ယနေ့ ရေးသားထားသည်။
သတင်းတိုများ

ရန်ကုန်တွင် ဖျက်အားပြင်းဗုံးများတွေ့

ရန်ကုန်မြို့တော်ခန်းမ အနီးရှိ Sky Net အင်တာနက်ဆိုင်တွင် ယမန်နေ့ ညနေက ဖျက်အားပြင်း ဗုံးများ တွေ့ရှိကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဗုံးတွေ့ရှိမှု သတင်းမှာ မှန်ကန်သော်လည်း အသေးစိတ်ကို စုံစမ်းဆဲ ဖြစ်သည့် အတွက် ထုတ်ဖော် မပြောနိုင်သေးဟု ဆိုသည်။  ရန်ကုန် တမြို့လုံးရှိ အင်တာနက် ဆိုင်များ လုံခြုံရေး သတိရှိကြရန်နှင့် ထူးခြားဖြစ်စဉ်များ ရှိလျှင် အာဏာပိုင်များအား အကြောင်းကြားရန် ခေါ်ယူ ညွှန်ကြား ထားကြောင်းလည်း သိရသည်။
သတင်းတိုများ

မဲမသမာမှု မီဒီယာများကို ပြောလျှင် ဥပဒေနှင့်ငြိ

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုများနှင့် ပတ်သက်လျှင် ရွေးကောက်ပွဲ ကော်မရှင်ကိုသာ တိုင်ကြားရန် ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ပြောဆိုနေခြင်းသည် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၄ ပါ ပြဋ္ဌာန်းချက်များ နှင့် ငြိစွန်းနေကြောင်း ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
သတင်းတိုများ

NLD ဆက်လက် ရပ်တည်ခွင့် ကြားနာမည်

NLDပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ ယနေ့ နေပြည်တော်ရှိ တရားရုံးချုပ်တွင် ကြားနာမည်ဖြစ်ရာ NLDပါတီ ရှေ့နေ များဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးကျော်ဟိုးတို့ သွားရောက်ကြောင်း သတင်းရသည်။
သတင်းတိုများ

DKBA တပ်ဖွဲ့တဖွဲ့ KNLA နှင့် ပူးပေါင်း

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၉ တပ်ဖွဲ့သည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ယနေ့ လာရောက် ပူးပေါင်းကြောင်း သတင်းရရှိသည်။ အင်အား ၁၀၀ ခန့်ရှိသည့် DKBA တပ်ရင်း ၉၀၉ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စတီးက ဦးဆောင်၍ လာရောက် ပူးပေါင်းခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် ကရင်ပြည်နယ် ကော့ ကရိတ် ဒေသ တ၀ိုက်တွင် အခြေချသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုဝင်ဘာ ၇ ရက်နေ့က မြ၀တီမြို့တွင် စစ်အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့တဖွဲ့ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဖိလစ်ပိုင်ရောက် မြန်မာများ ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်ရောက်မြန်မာ ၅၀ ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဖုံးများ ဝတ်ဆင်ကာ ယနေ့ ဆန္ဒပြပွဲတရပ် ကျင်းပကြသည်။ ဆန္ဒပြသူများသည် မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ မဲမသမာမှုများ ရှိခဲ့သောကြောင့် ရွေးကောက်ပွဲကို ပယ်ဖျက်ပေးရေးနှင့် UN၊ အာဆီယံတို့က အထက်ပါကိစ္စများအတွက် ဝင်ရောက် စေ့စပ်ပေးရေးတို့ကို တောင်းဆိုခဲ့သည်။
သတင်းတိုများ

မြန်မာ စစ်ပြေးဒုက္ခသည် ၆၀၀ ခန့် ယနေ့ပြန်ပို့

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ် တဖက်ကမ်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသော ရွာသား ၆၀၀ ခန့်ကို တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်း မရှိသည့် အတွက် မြန်မာပြည်သို့ ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် ယနေ့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။ ယင်း ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲ ဖြစ်ပွား သော ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။
သတင်းတိုများ

ဂီရိလေဘေး ဒုက္ခသည်များကို အဓမ္မလုပ်အားပေးခိုင်းစေနေ

ရခိုင်ပြည်နယ်အတွင်းမှ လေဘေးဒဏ် အများဆုံး ခံခဲ့ရသော မြေပုံနယ် အတွင်းမှ ကျေးရွာများမှ ပြည်သူများအား ၎င်းဒေသ၌ အခြေစိုက်သည့် ခလရ - ၂၇၀ နှင့် အမြောက်တပ် ၃၇၆ တပ်ရင်းတို့က အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း၊ ထိုသို့ ခိုင်းစေရာ တွင် လုပ်အားခ မပေးသည့်အပြင် မခြေမငံ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်း ပြောဆိုခြင်းများ ရှိခြင်းကြောင့် ဒေသခံ များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြကြောင်း သိရသည်။
သတင်းတိုများ

မြောက်ဦး ရှေးဟောင်းစေတီပုထိုးများကို ဖျက်၍ မီးရထားလမ်းဖောက်ရန် ပြင်ဆင်နေ

ရခိုင်ပြည်နယ်မှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေ့ဟောင်းဘုရား၊ စေတီ ပုထိုးများ စုပေါင်းတည်ရှိသည့် မြောက် ဦးမြို့ရှိ ဘုရားစေတီများကို ဖျက်စီး၍ စစ်အစိုးရ အာဏာပိုင်များသည် မီးရထားလမ်းဖောက်လုပ်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိစ္စကို ဒေသခံပြည်သူများက ကန့်ကွက်နေပြီး၊ ဆရာတော်၊ သံဃာတော်များကလည်း အစည်းအဝေး ပြုလုပ်၍ ကန့်ကွက်သွားရန် ပြင်ဆင်နေကြ ကြောင်းသိရသည်။
သတင်းတိုများ

HIV ဝေဒနာရှင်များကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေးမည်

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လယ်တွင် မဖြူဖြူသင်း စောင့်ရှောက်လျက် ရှိသော HIV/ AIDS ဝေဒနာရှင်များထံ သွားရောက် အားပေးကြည့်ရှုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းတိုများ

ငြိမ်းချမ်းသည့် တော်လှန်ရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည်ကို BBC ကမ္ဘာ့သတင်းထောက် ဂျွန်ဆင်မ်ဆမ်က တွေ့ဆုံမေးမြန်းခဲ့ရာ ငြိမ်းချမ်းပြီး သွေးထွက် သံယို ကင်းသည့် တော်လှန်ရေးကိုသာ လိုလားကြောင်း၊ ၎င်းပြင် မြန်မာ့ တပ်မတော် ကျဆုံးသည်ကို မလိုလားကြောင်း၊ အရည် အချင်း ပြည့်ဝပြီး စစ်တပ်၏ တာဝန်ကို အပြည့်အဝ နားလည် ထမ်းဆောင်၍ ဒီမိုကရေစီကို ဆောင်ကျဉ်းရာတွင် တတပ် တအား ပါဝင်သည့် မျိုးချစ်ပြည်ချစ် တပ်မတော်အဖြစ်သာ မြင်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ တရုတ် နှုတ်ပိတ်နေ

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ မည်သို့မျှ မပြောဆို လိုကြောင်း၊ နအဖ စစ်အစိုးရ အနေနှင့် ၎င်း ချမှတ်ထားသည့် လမ်းပြမြေပုံ ၇ ချက်ကို အကောင်အထည် ဖော်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ယနေ့ တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) ဥက္ကဋ္ဌ နိုင်ငွေသိန်း အပါအဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငွေသိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကိစ္စများ အပါအဝင် တိုင်းရင်းသား ကိစ္စများ ဆွေးနွေးမည်ဟု ပြောသည်။
သတင်းတိုများ

အင်္ဂလန် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲနှင့် သတ္တိကို ချီးကျူး

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ၎င်း၏ ဇွဲနှင့် သတ္တိ ခံနိုင်ရည်အားကို ချီးကျူးကြောင်း အင်္ဂလန် ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြု၍ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ယမန်နေ့ ပါလီမန်တွင် ပြောကြားလိုက်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗြိတိန် အစိုးရအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် စိုက်လိုက်မတ်တပ် အားပေးကူညီခဲ့သောကြောင့် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

NDF က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ကြေညာချက် ထုတ်ပြန်

ယနေ့ NDF ပါတီက ထုတ်ပြန်သည့် ကြေညာချက်တွင် NDF ပါတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် ဝမ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကစီ အင်အားစုများနှင့် လက်တွဲ ဆောင်ရွက်သွားမည့် အရေးကို ကြိုဆိုကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည် ကြိုးပမ်းရာတွင် NDF ကလည်း ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။
သတင်းတိုများ

ဘုရားသုံးဆူသို့ နအဖ စစ်ကူ တပ်များပို့နေ

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ၌ DKBA နှင့် ဖြစ်ပွားနေ သော တိုက်ပွဲသို့ နအဖ ဘက်မှ စစ်ကူပေးရန် ခမရ ၄၀၅ စစ် ကြောင်း ၂ နှင့် ခမရ ၄၁၀ စစ်ကြောင်း ၁ စသည့် စစ်ကြောင်း ၂ ကြောင်း ယမန်နေ့က ရောက်ရှိလာကြောင်း၊ ယခင်က ဘုရားသုံး ဆူတွင် နအဖ စစ်သား ၁၂၀ ခန့်ရှိပြီး ယခု စစ်ကူများရောက်လာ သောအခါ အင်အား ၃၀၀ ၀န်းကျင်ရှိနိုင်ကြောင်း သိရသည်။ DKBA တပ်ဖွဲ့ဝင်များမှာ ဘုရားသုံးဆူမြို့နယ် မက်ကသာရွာ တွင် ခြေကုပ်ယူထားကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုမရှိသေး ကြောင်း လည်း ထိုင်း ထောက်လှမ်းရေး တဦးက ပြောသည်။
Page 39 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်