သတင်းတိုများ

သတင်းတိုများ

စွမ်းအင်ဝန်ကြီး လောင်စာဆီ ကုန်သည်ကြီးများနှင့်တွေ့

စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ရန်ကုန်နှင့် ပြည်နယ်၊ တိုင်းတချို့မှ လောင်စာဆီကုန်သည်ကြီးများကို ယနေ့ နေပြည်တော်သို့ ဆင့်ခေါ်ထားကြောင်း သိရသည်။ ပြင်ပလောင်စာဆီ ဈေးနှုန်းထက် ပုဂ္ဂလိကပိုင် လောင်စာဆီ ဆိုင်ကြီးများမှ ဈေးနှုန်းက ပိုမို ကြီးမြင့်နေသောကြောင့် ယင်းကိစ္စကို ညှိနှိုင်းရန် ဖြစ်ကြောင်း ဆီကုန်သည်နှင့် နီးစပ်သူတဦးက ပြောသည်။
သတင်းတိုများ

ဗီယက်နမ်-မြန်မာ ဗီဇာကြေးကင်းလွတ်ခွင့် တောင်းဆို

ဗီယက်နမ် နိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံး ဗီဇာကြေးကင်းလွတ်ခွင့်အတွက် အမြန်ဆုံး ဆောင်ရွက်သွားရန် လိုအပ်ဟု ဗီယက်နမ် နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လက်ထောက်ဝန်ကြီး နုယမ်သီ ဇန်သူ က တောင်းဆို လိုက် ကြောင်း သိရသည်။ ထိုကဲ့သို့ တောင်းဆိုရခြင်းမှာ မြန်မာနှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သောကြောင့် နှစ်နိုင်ငံ ဆက်သွယ်ရေး အဆင်ပြေစေရန် ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

မြန်မာ တနိုင်ငံတည်း မြေမြှုပ်မိုင်း သုံးနေ

ကမ္ဘာပေါ်တွင် လူကို အသက် အန္တရာယ် ဖြစ်စေသည့် မြေမြှုပ်မိုင်း အသုံးပြုနေသည်မှာ မြန်မာ တနိုင်ငံတည်းသာ ရှိတော့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှု အဖွဲ့ (International Campaign to Ban Landmines - ICBL)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပြည်ပ နိုင်ငံ ၃ နိုင်ငံ က ထုတ်လုပ်သည့် လူသတ် မြေမြှပ်မိုင်း အသစ်များကို သုံးနေခြင်းဖြစ်ပြီး ယင်း မြေမြှုပ်မိုင်းများကို မည်သည့် နိုင်ငံများက ထုတ်လုပ်သည်ဟူသော မှတ်တမ်း များ မတွေ့ရှိရကြောင်း အစီရင်ခံစာ၌ ပါရှိသည်။
သတင်းတိုများ

မိုင်းလားမြို့သို့ စားသောက်ကုန်တင်ပို့ခွင့် ပိတ်ပင်ထား

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ကို စစ်အစိုးရဘက်က ပိတ်ထားကြောင်း သတင်းရရှိသည်။ တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်လျက်ရှိသည့် မိုင်းလားမြို့သည် အပစ်ရပ်အဖွဲ့တဖွဲ့ဖြစ်သော မိုင်းလား တပ်ဖွဲ့ (NDAA) အခြေစိုက်ရာမြို့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။ ကုန်ပစ္စည်း တင်ပို့ခွင့် ပိတ်ထားခြင်းသည် မိုင်းလားအဖွဲ့ကို စစ်ရေးအရ ဖိအားပေးရန် စစ်အစိုးရဘက်က အစပျိုးလိုက်ခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်တွင် ယနေ့ နံနက် ၁၀ နာရီ ခွဲ ခန့်က ဒီမိုကရေစီအရေးနှင့် လူမှုရေး ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း သတင်းရရှိသည်။
သတင်းတိုများ

SSA-S နှင့် စစ်အစိုးရတပ် တိုက်ပွဲဖြစ်

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ အင်္ဂါနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိပြီး SSA-S ဘက်က ၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ၎င်းတို့ တပ်ဖွဲ့နှင့် နအဖ ခြေလျင် တပ်ရင်း (ခလရ) ၆၅ တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ဒေသတ၀ိုက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ပြောသည်။
သတင်းတိုများ

ကြံ့ဖွံ့ပါတီနှင့် ပူးပေါင်းရန် တိုင်းရင်းသားပါတီများကို စည်းရုံး

စစ်အစိုးရ၏ ၀န်ကြီးတချို့က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များအား ကြံ့ဖွံ့ပါတီနှင့် ပူးပေါင်းရန် နှင့် လိုက်လံ စည်းရုံးနေသော်လည်း တိုင်းရင်းသား ခေါင်းဆောင်များက လက်မခံကြောင်း သိရသည်။ ကြံ့ဖွံ့ပါတီသည် နိုင်ငံရေးအရ အမြတ်ထုတ်ရန်နှင့် တိုင်းရင်းသား အချင်းချင်း သွေးခွဲရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
သတင်းတိုများ

Yangon Airways ခေတ္တ နားမည်

အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ် ပြည်တွင်း လေကြောင်းလိုင်းတခုဖြစ်သော Yangon Airways(YA)၏ ခရီးစဉ်များကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဒီဇင်ဘာလ ၃ ရပ်နေ့ မှ စတင်၍ ယာယီ ရပ်နား ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ကြိုတင်လက်မှတ် ဝယ်ယူထားသူများအတွက်လည်း တခြားလေကြောင်းလိုင်း ဖြင့် ခရီးသွားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် အခက်အခဲ ကြောင့် ခရီးသွားများကို အထူး ပင်တောင်းပန်ကြောင်း YA မှ ထုတ်ပြန်ချက်တွင် ပါရှိသည်။ Yangon Airways ကို ၁၉၉၆ အောက်တိုဘာလ က နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် ထိုင်း Krong-Sombat Co. တို့ ဖက်စပ် စတင် တည်ထောင်ခဲ့ကာ ၁၉၉၇ ခု အောက်တိုဘာ တွင် မေဖလားဝါး ကုမ္ပဏီ အုပ်စုလည်းပါဝင်ခဲ့ကြောင်း Yangon Airways အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ ၎င်းလေကြောင်းလိုင်း ပိုင်ဆိုင်မှုတွင် စစ်အစိုးရနှင့် နီးစပ်သည့် ဘိန်းဘုရင် လော်စစ်ဟန် ၏ သား Asia World ကုမ္ပဏီ ပိုင်ရှင် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ကဲ့သို့သော စီးပွားရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ Yangon Airways သည် စီးပွားရေး အားပြိုင်မှုများ ရှိနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ပြောဆိုမှု များလည်း ရှိနေသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရနိုင်ဟု ယက်ထောပြော

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ၂၀၀၉ ခုနှစ်တွင် ရေကူးပြီး ခိုးဝင်ခဲ့သည့် မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရလိမ့်မည်ဟု ဟောကိန်းထုတ်လိုက်သည်။ အာရှတိုင်းမ်ပါ သတင်းဆောင်းပါးတခုတွင် မစ္စတာ ယက်ထောက ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လုပ်ကြံမည်ဟု မဆိုလိုကြောင်း၊ သို့သော် စစ်အစိုးရအပေါ် လူထု၏ဒေါသ ဦးလှည့်သွားပြီး  စစ်အစိုးရ ပြုတ်ကျသွားစေရန် ခုတုံးလုပ်သည့်အနေဖြင့် လုပ်ကြံမည်ဟု ဆိုလိုကြောင်း ပြောထားသည်။
သတင်းတိုများ

အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

အိန္ဒိယ၏ မြန်မာစစ်အစိုးရအပေါ် ဆက်ဆံရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုလိုက်သည်။ အိန္ဒိယသည် ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးလိမ့်မည်ဟု တွေးထင်ကြည့်လိုကြောင်းနှင့် ယင်းသို့ ထောက်ခံအားပေးခြင်းသည် မဟတ္တမ ဂန္ဓီနှင့် ဂျဝါလဟာနေရူးတို့၏ အစဉ်အလာကို ထိမ်းသိမ်းခြင်း ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အင်ဒီယန်းပရက်စ် သတင်းစာသို့ ပြောသည်။
သတင်းတိုများ

ဂီရိ ဒုက္ခသည်များကို အမေရိကန်က ဒေါ်လာ ၃ သိန်း ကူမည်

ရခိုင်ပြည်နယ်အတွင်း ဂီရိဆိုင်ကလုန်းဒုက္ခသည်များအား ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒေါ်လာ ၃ သိန်း (ကျပ် သိန်း ၃၀၀၀ ခန့်) ကူညီရန် နိုဝင်ဘာလ ၂၃ ရက်နေ့ သဘောတူခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။ အလားတူ ဂျာမနီနှင့် သြစတြေးလျှ နိုင်ငံများကလည်း အကူအညီပေးရန် သဘောတူ ထားကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ကထိန်သင်္ကန်း ကပ်လှူမည်

ဒီဇင်ဘာ ၆ ရက် တန်ဆောင်မုန်း လကွယ်နေ့တွင် ဆရာတော်၊ သံဃာတော်များအား ဒေါ်အောင်ဆန်းစုကြည်က သင်္ကန်းများ ကပ်လှူ သွားမည်ဖြစ်ကြောင်း၊ ၎င်း ပြန်လည်လွတ်မြောက်ပြီး နောက်ပိုင်းတွင် ပြည်သူများ၊ NLD အဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံပြီးဖြစ်သော်လည်း သံဃာတော်များနှင့် မတွေ့ဆုံရသေး၍ ယခုကဲ့သို့ သင်္ကန်းများ ကပ်လှူရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်

ယနေ့နံနက် ၇ နာ၇ီ ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ် အဲရစ္စသည် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ စေတီတော်ပေါ်သို့ NLD လူငယ်များနှင့် တက်ရောက် ဖူးမြော်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အင်္ဂါထောင့်နှင့် သားဖြစ်သူ၏ မွေးနေ့ စနေထောင့်တို့တွင် ရေသပ္ပာယ်ခြင်း၊ ပန်းဆီမီးလှူဒါန်းခြင်းများ ပြုလုပ်ပြီး ဘုရားဖူးများကို နှုတ်ဆက်ကာ ၈နာရီတွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်မှ ပြန်ဆင်း၍ နေအိမ်သို့ ပြန်သွားသည်။
သတင်းတိုများ

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ချင်းမိုင်တွင် ကျင်းပမည်

နိုဝင်ဘာ ၂၅ ရက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဦးစီး၍ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ  BP Chiang Mai City Hotel ၌ ကျင်းပမည်ဟု သတင်းရရှိသည်။ အဆိုပါ အခမ်းအနားတွင် ပြဇာတ်နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်စေရေး ဟောပြောမှုများ ပါဝင်မည်ဟု သိရသည်။
သတင်းတိုများ

ရတနာပုံ ဝက်ဘ်ပေါ်တယ်လ် အဖောက်ခံရ

အမျိုးသားအဆင့် အဖြစ် စတင်လိုက်သော ရတနာပုံ ဝက်ဘ်ပေါ်တယ်လ်တွင် ဟက်ကာများက ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို မကြာသေးမီက တင်သွားပြီးနောက် ယခုအခါ အဆိုပါဆိုဒ်မှာ လုံးဝ ပိတ်သွားသည်ကို တွေ့ရသည်။ ပြည်တွင်း အင်တာနက် လုံခြုံရေးကွန်ရက်အတွက် အမေရိကန် ဒေါ်လာ ၈ သန်း အကုန်အကျ ခံထားရကြောင်း၊ စစ်အစိုးရ ထိန်းချုပ်ထားသည့် ပြည်တွင်း ဆာဗာများ DDoS ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဒေါ်လာ သန်း ၂၀ ဖိုးခန့် ဆုံးရှုံးနစ်နာနေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
သတင်းတိုများ

EU အစည်းအဝေးတွင် မြန်မာပြည်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့

ယမန်နေ့က ကျင်းပခဲ့သော ဥရောပသဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ EU သံတမန် အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကမူ မြန်မာပြည်အရေး ဆွေးနွေးရာတွင် သတိထား၍ မယုတ်မလွန် ပြောဆိုဆွေးနွေးသင့်ကြောင်း သတိပေးသည်။ ၁၉၉၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့သော အတွေးအခေါ်လွတ်လပ်မှု ဆိုင်ရာ ဆုကို ကိုယ်တိုင်လာရောက် ယူရန် EU က ဖိတ်ကြားလိုက်ကြောင်းလည်း သိရသည်။
သတင်းတိုများ

ဂီရိလေဘေးဒုက္ခသည်များ သောက်သုံးရေပြတ်လပ်

ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာတချို့တွင် ရေအခက်အခဲ ရင်ဆိုင်ကြုံတွေ့ နေရပြီး လူများအတွက် သောက်သုံးရေ ပြတ်လပ်နေသည့် အပြင် တိရစ္ဆာန် တချို့ပါ ရေငတ် သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ မြေပုံမြို့နယ် အတွင်းရှိ ရွာများတွင် ရေရှားပါးမှု ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင်များက ယခုအချိန်ထိ ဖြေရှင်းပေးခြင်း မရှိသေးကြောင်းလည်း သတင်းရရှိသည်။
သတင်းတိုများ

UDP ပါတီဥက္ကဋ္ဌ နုတ်ထွက်

ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ၏ ဥက္ကဋ္ဌ ဦးသိန်းဌေးသည် နိုဝင်ဘာလ ၂၂ နေ့တွင် ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်သည်။ ပါတီဝင်များ အကြား သဘောထား ကွဲလွဲမှုများ ရှိနေပြီး ၎င်းအနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းကာ တတိယ အင်အားစု တရပ် ပေါ်လာရေးကို  လုပ်ဆောင်သွားရန် ရှိသောကြောင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ဦးသိန်းဌေးက ပြောသည်။
သတင်းတိုများ

NLD ပါတီ ရပ်တည်ခွင့် တရားရုံးပယ်ချ၊ တရားဝင်စာ ထုတ်ပြန်ခြင်း မရှိသေး

NLD ပါတီဆက်လက် ရပ်တည်ခွင့်အတွက် လျှောက်လဲချက်ကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်ပြီ ဖြစ်ကြောင်း AFP သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။ NLD ဒုဥက္ကဌ ဦးတင်ဦးကမူ တရားရုံးချုပ် အရာရှိတဦးကို ကိုးကားရေးသား ထားသော သတင်းအရသာ ပါတီရပ်တည်ခွင့် ပယ်ချခံရသည်ဟု သိရသေးကြောင်း၊ နေပြည်တော် တရားရုံးချုပ်မှ ပါတီသို့ တရားဝင် အကြောင်းကြားခြင်း၊ တရားဝင် စာထုတ်ပြန်ခြင်းတို့ မရှိသေးကြောင်း ပြောသည်။
သတင်းတိုများ

ဖိလစ်ပိုင်သမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်စကားပြော

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဘီနင်နို အကွီနိုက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဆက်၍ လွတ်မြောက်မှု အတွက် ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က အာရှတွင် ဖိလစ်ပိုင် တနိုင်ငံကသာ ၎င်းကို ဖုန်းဆက်၍ နှုတ်ဆက်ဖော် ရကြောင်း၊ ရန်ကုန်ရှိ တရုတ်နှင့် အိန္ဒိယ သံတမန်များနှင့် အဆက်အသွယ် မပြတ် ရှိနေစေချင်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကို ပြောဆိုသည်ဟု သိရသည်။
Page 37 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်