သတင်းတိုများ

သတင်းတိုများ

မြန်မာသင်္ဘောသား ၂၃ ဦးကို ဆိုမာလီ ပင်လယ်ဓားပြများ ဖမ်းဆီး

မြန်မာသင်္ဘောသား ၂၃ ဦး ပါဝင်သည့် အမေရိကန်ပိုင် သင်္ဘောတစီးကို ဆိုမာလီ ပင်လယ်ဓားပြများက ယမန်နေ့က ပြန်ပေးဆွဲ ဖမ်းဆီးထားကြောင်း သိရသည်။ အမ်ဗီ ပနားမား အမည်ရှိ သင်္ဘောကို တန်ဇန်နီးယားနှင့် မိုဇမ်ဘစ် နှစ်နိုင်ငံ နယ်ခြားအနီးတွင် ဆိုမာလီဓားပြများက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ အဖမ်းဆီးခံ မြန်မာ သင်္ဘောသားများနှင့် အဆက်အသွယ် မရသေးကြောင်း ဥရောပ သမဂ္ဂ ပင်လယ်ဓားပြ နှိမ်နင်းရေးတပ်ဖွဲ့က ပြောသည်။
သတင်းတိုများ

အက်စ်ဆန်းကို ထောင် သီးသန့်ခန်းသို့ ပြောင်း

မြန်မာနိုင်ငံတွင် လျှို့ဝှက် နျူကလီးယား အစီအစဉ်ရှိကြောင်း အမေရိကန်က သံသယရှိနေသည်ဟု ဝီကီလိစ်မှ နောက်ဆုံး ပေါက်ကြားလာခဲ့ပြီးနောက် ဗြိတိန်ရဲများက ဝီကီလိစ် တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်းကို ယင်း၏ လုံခြုံရေးအတွက် လန်ဒန်ထောင်တွင်းရှိ သီးသန့်ခန်းသို့ ရွှေ့ပြောင်းထားလိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

ကွန်ဒိုလီဇာရိုက်စ်က ဂမ်ဘာရီကို ရာထူးမှ ဖယ်ရှားခံရရန် ကြိုးပမ်းခဲ့ကြောင်း ဝီကီလိစ် ဖွင့်ချ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ကွန်ဒိုလီဇာရိုက်စ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး အကြံပေး ပုဂ္ဂိုလ်ဟောင်း မစ္စတာ အီဘရာဟင် ဂမ်ဘာရီကို ၎င်းရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းခဲ့ကြောင်း ဝီကီလိစ်က ဖွင့်ချလိုက်သည်။
သတင်းတိုများ

လူ့အခွင့်အရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ တွေ့ဆုံ

ယနေ့ကျရောက်သည့် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ NLD ရုံးတွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား မိသားစုများ တွေ့ဆုံခဲ့သည်။ နိုင်ငံရေး အကျဉ်းသား မိသားစုများ အပါအဝင် လူမှုရေး လုပ်ငန်းများ၌ ထောက်ပံ့ ကူညီရန် ရန်ပုံငွေ ရှာဖွေသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ရာ ကွန်ပျူတာ ပန်းချီကားများကို ပို့စ်ကတ်အဖြစ် ထုတ်ဝေ၍ တခု ကျပ် ၁၀၀၀ ဖြင့် စတင် ရောင်းချနေပြီဖြစ်ကြောင်းလည်း သိရသည်။
သတင်းတိုများ

သတင်းသမား ဖိနှိပ်မှု မြန်မာ စတုတ္ထ နေရာရှိ

သတင်းသမား ဖမ်းဆီးထောင်ချသည့် အဆိုးဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံသည် စတုတ္ထ နေရာ ရှိသည်ဟု နယူးယောက်မြို့ အခြေ စိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(CPJ)၏ ယခုနှစ်အတွက် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံတွင် သတင်းသမား ၁၃ ဦးကို အကျဉ်းချထားကြောင်း၊ တရုတ်နှင့် အီရန် နိုင်ငံများသည် ကမ္ဘာ့ အဆိုးဆုံး နိုင်ငံ များဖြစ် ကြောင်း၊ နိုင်ငံပေါင်း ၂၈ နိုင်ငံတွင် ၁၉၉၆ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး သတင်းသမားများ ဖမ်းဆီး ထောင်ချမှု ပိုမို တိုးပွား လာကြောင်း လည်း ပါရှိသည်။
သတင်းတိုများ

မနီလာသိန်း အစာငတ်ခံဆန္ဒပြ၊ ထောင်ဝင်စာပိတ်ခံရ

သရက်ထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မနီလာသိန်းသည် အစာငတ်ခံ ဆန္ဒပြနေကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၆ ရက်နေ့က မနီလာသိန်း၏ ယောက်မဖြစ်သူ မသန္တာယု  ထောင်ဝင်စာ သွားတွေ့စဉ် ထောင်မှူးက မနီလာသိန်း အစာငတ်ခံ ဆန္ဒပြနေကြောင်း အသိပေးလိုက်ခြင်းဖြစ်ပြီး ထောင်ဝင်စာ တွေ့ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။
သတင်းတိုများ

ကျားဖြူပါတီညီလာခံ ကျင်းပခွင့် ရုပ်သိမ်းခံရ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ ညီလာခံအား တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဌာန၌ ကျင်းပခွင့် ပေးထားခဲ့ရာမှ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ထိုနေရာသည် အများနှင့် သက်ဆိုင်သည့် နေရာဖြစ်သောကြောင့် ပါတီညီလာခံ ကျင်းပခွင့်မပြုခြင်း ဖြစ်ကြောင်း နေပြည်တော်က အကြောင်းပြသည်ဟု ကျားဖြူပါတီ၏ ပြောခွင့်ရသူ ဦးစိုင်းလှကျော်က ဆိုသည်။
သတင်းတိုများ

နိုင်ပြီးမှ ပြန်ရှုံးရသည့် ဒေါက်တာ စောနိုင် ဗိုလ်ချုပ်မှူးကြီးထံ တိုင်စာပို့

တောင်ဥက္ကလာပမြို့နယ်တွင် အနိုင်ရကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း အနိုင်ရ ကိုယ်စားလှယ်စာရင်းတွင် မပါဝင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်သည် မဲမသမာမှုများကို ဖော်ထုတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ဒီဇင်ဘာလ ၅ ရက်နေ့က စာပေးပို့ တိုင်ကြားထားကြောင်း သိရသည်။ ဒေါက်တာစောနိုင်၏ ပြိုင်ဘက်မှာ ကြံ့ဖွံ့ပါတီမှ ဦးအောင်ကျော်မိုး ဖြစ်သည်။
သတင်းတိုများ

ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက်ဖြစ်ခဲ့သူများကို ဖိနှိပ်

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက်ဖြစ်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စစ်အစိုးရက ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ အုတ်သဲကျောက် ရောင်းဝယ်ရေးလုပ်ငန်းကို လိုင်စင် တိုးမပေးကြောင်း၊ အစိုးရ ဝန်ထမ်းများကိုလည်း ဦးဇော်မင်းသိန်းထံမှ မဝယ်ယူရန် ဖိအားပေးထားကြောင်းနှင့် ဦးဇော်မင်းသိန်းသည် တခြားစီးပွားရေးကို ပြောင်းလဲလုပ်ကိုင်ရန် ပြင်ဆင်နေရကြောင်း သတင်းရရှိသည်။
သတင်းတိုများ

အရာရှိငယ်များကို လွှတ်တော်တွင် ဝန်ထမ်းခန့်ရန် စာရင်းကောက်

လွှတ်တော်သစ်တွင် ဝန်ထမ်းအဖြစ် ခန့်ထားရန် အစိုးရဝန်ကြီးဌာနများမှ အသက် ၃၀ အောက် အရာရှိငယ်များကို နာမည်စာရင်း ကောက်ယူနေကြောင်း နေပြည်တော်ဝန်ထမ်းများက ဆိုသည်။ အစိုးရဝန်ကြီးဌာန ၃၂ ခုကို ၁၅ ခုအထိ လျှော့ချမည်ဖြစ်ရာ လွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း အစိုးရဌာနများသို့ လွှဲပြောင်းခန့်ထားဖွယ်ရှိကြောင်း၊ စစ်ဘက်အရာရှိနှင့် အကြပ်စစ်သည်များကိုလည်း လွှတ်တော်များတွင် ဝန်ထမ်းအဖြစ် ခန့်အပ်ရန် အငြိမ်းစားပေးပြီး ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဦးအောင်သိန်းလင်း ကတိမတည်

ကြံ့ဖွံ့ပါတီမှ မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲမတိုင်မီက လမ်းများ အခမဲ့ခင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ ပြည်သူများက ငွေကြေးမထည့်ဝင်လျှင် လမ်းမခင်းပေးတော့ကြောင်း သိရသည်။ တောင်ဥက္ကလာပမြို့နယ် နန္ဒ၀န်ဈေးအနီး ၁၇ လမ်းအောက်ပိုင်းတွင် တအိမ်လျှင် ငွေကျပ် ၂ သောင်းမှ ၅ သောင်းအထိ ကြံ့ဖွံ့ပါတီက ကောက်ခံကာ ကျပ်သိန်း ၃၀ ရမှ ကြံ့ဖွံ့ပါတီက လမ်းခင်းပေးကြောင်း ၁၇ လမ်းအထက်ပိုင်းတွင်မူ ငွေကြေးမရသောကြောင့် လမ်းခင်းမပေးကြောင်း သိရသည်။
သတင်းတိုများ

ဂီရိဆိုင်ကလုန်းဒဏ်ခံ ဒေသတချို့ ယခုထိ အကူအညီများ မရသေး

ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိလေဘေးဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်အတွင်းမှ မြို့နှင့်ဝေးလံသော ကြက်မူတောင် ကျွန်းနှင့် မြန်တော်မူကျွန်း ကျေးရွာ ၂ ရွာသည် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့သော်လည်း ကျေးရွာအမည် မပေါက်ခြင်းနှင့် ဆက်သွယ်ရေး ခက်ခဲ့မှုကြောင့် ယနေ့အထိ အကူအညီများ မရရှိသေးကြောင်း၊ ထိုဒေသတွင် အိမ်ခြေပေါင်း ၂၀၀ ၀န်းကျင် နှင့် လူဦးရေ ၅၀၀ ခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
သတင်းတိုများ

တောင်အာဖရိကမှ နည်းယူစရာများရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကြီး မစ္စတာ ဒေါက်ဂလပ်စ် ဂစ်ဘ်ဆင် ယမန်နေ့က ရန်ကုန်မြို့တွင် လာရောက်တွေ့ဆုံကြောင်း NLD မှ ပြောသည်။ “တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုသည် အားတက်စရာဖြစ်ကြောင်း၊ တောင်အာဖရိကမှ နည်းယူစရာများ ရရှိမည်ဟု မျှော်လင့်ကြောင်း”  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု သိရသည်။ ထို့အတူ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးလည်း လာရောက်တွေ့ဆုံကြောင်း သိရသည်။
သတင်းတိုများ

အရပ်ဘက် လူမှုအဖွဲ့အစည်းကို အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်း ပိုမိုအားကောင်းစေမည့် နိုင်ငံတကာ အကူအညီများပေးရေး မူဝါဒများချမှတ်ပြီး ဆောင်ရွက်ရန် တိုက်တွန်းထားသည့် ဗီဒီယိုမိန့်ခွန်းကို ယမန်နေ့က ဖွံ့ဖြိုးရေးဆိုင်ရာ ဥရောပ ညီလာခံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ယင်းညီလာခံကို  ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် ကျင်းပနေပြီး ဒေါ်အောင်ဆန်းစုကြည်က “စီးပွားရေး တိုးတက်ဖို့ မူဝါဒချမှတ်ရသလိုပဲ ကောင်းမွန်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့ လူမှုအဖွဲ့အစည်း အားကောင်းလာအောင် အကူအညီပေးရေး မူဝါဒတွေ ချမှတ်သင့်တယ်” ဟု မိန့်ခွန်းတွင် ပြောကြားထားသည်။
သတင်းတိုများ

သံဃာများကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်းကပ်လှူ

ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့နံနက် ၈ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်မှ သံဃာတော် ၇၅၈ ပါးကို သင်္ကန်းတစုံစီနှင့် သီလရှင် ၁၁၉ ပါးကို တဘက်တထည်စီ ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။  ကြွရောက်သည့် သံဃာတော်များမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေရစဉ် အင်္ဂါနေ့တိုင်း NLD ရုံးချုပ်ရှေ့၌ အပတ်စဉ် ဆွမ်းအလှူခံတော်မူသည့် သံဃာတော်များပင်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ နိုင်ငံရေးအဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက နောင် တက်လာမည့် ဆုံးဖြတ်ချက်ပေးနိုင်သော နိုင်ငံ့ခေါင်းဆောင်များနှင့်ပါ ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တသီးပုဂ္ဂလ လွှတ်တောင် အမတ်လောင်းများကို ယနေ့ ပြောဆိုလိုက်သည်။
သတင်းတိုများ

KNU နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ ၄ ဦး ကျဆုံး

နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ တနင်္ဂနွေနေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ ၊ တပ်မဟာ ၇ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန် တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KNU နှင့် နီးစပ်သူတဦးက ပြောသည်။
သတင်းတိုများ

အမေရိကန် အဆင့်မြင့်အရာရှိ ဂျိုးဇက် ၀ိုင် ယွန်း မြန်မာပြည်ရောက်

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက် ၀ိုင် ယွန်း(Joseph Y Yun ) မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လေးရက်ကြာနေထိုင်မည် ဖြစ်ပြီး လာမည့် သောကြာနေ့တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး အစိုးရ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
သတင်းတိုများ

ကျေးရွာဥက္ကဋ္ဌကို စစ်ဗိုလ်က ရိုက်နှက်

ရခိုင်ပြည်နယ်မှ လေဘေးဒဏ် ခံခဲ့ရသော ပေါက်တော မြို့နယ် ငရဗချိုင် ကျေးရွာ ဥက္ကဋ္ဌ ဦးစိန်လှကျော်အား လေဘေး ကူညီရန် ရောက်ရှိ နေသည့် ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ စစ်ဗိုလ် ကျော်ကျော်အောင်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ခေါ်ယူရိုက်နှက် ခဲ့ကြောင်း သိရသည်။ ဗိုလ်ကျော်ကျော်အောင် သွားလာရန် စက်လှေ စီစဉ်ပေးရာတွင် သတ်မှတ် ထားချိန်ထက် ၁ နာရီ နောက်ကျ ခြင်းကြောင့် ထိုသို့ ခေါ်ယူရိုက်နှက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သတင်းတိုများ

မင်းသမီး မီရှဲလ်ယိုး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ

ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးသည် ယမန့်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် တွေ့ဆုံ၍ ယနေ့နံနက် ၉နာရီခန့်က ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း NLD က ပြောသည်။ မီရှဲလ်ယိုး က ဒေါ်အောင်ဆန်းစုကြည်နှင့် အချိန်အတော်ကြာကြာ တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ် နေရာ၌ ၎င်း သရုပ်ဆောင်နေသည့် ရုပ်ရှင်ဇာတ်ကားမှ ဇတ်ဝင်ခန်းတချို့ကိုလည်း ပြသခဲ့သည်ဟု သိရသည်။
Page 34 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်