သတင်းတိုများ

သတင်းတိုများ

ချင်းမိုင်တွင် ရှမ်းနှစ်သစ်ကူးရိုးရာပွဲ ကျင်းပ

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည့် ရှမ်း နှစ်သစ်ကူး ရိုးရာပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌လည်း ပြည်ပရောက် ရှမ်း တိုင်းရင်းသား များ၊ ရွှေ့ပြောင်းအလုပ်သမားများ ပူးပေါင်း၍ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပကြသည်။ ရှမ်း သက္ကရာဇ် အရ ၂၁၀၅ ခုနှစ်သို့ ကူးပြောင်းသော ကာလဖြစ်သည်။ ရှမ်းရိုးရာ နှစ်သစ်ကို နတ်တော်လဆန်း ၁ ရက်နေ့ ရှမ်း ခုနှစ် နှစ်သစ် ၏ အစ အဖြစ်သတ်မှတ်ခြင်းဖြစ်သည်။ ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်မှ မြို့နယ်တချို့ တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ကန့်သတ်ခံရမှုများ ရှိသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်း ယနေ့ပြန်ပြီ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကိုထိန်လင်း(Kim Aris) ယနေ့နံနက် ၉နာရီ ခန့် က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ သွားပြီဖြစ်သည်။ ကိုထိန်လင်းသည် နိုဝင်ဘာ လ ၂၃ ရက်နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေထိုင်ခွင့် ဗီဇာ၂ ပတ်ရရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုထိန်လင်း တွေ့ခွင့်မရသည်မှာ ၁၀ နှစ် ခန့်ရှိပြီ ဖြစ်သည်။
သတင်းတိုများ

မြ၀တီမြို့နယ်အတွင်း နအဖ တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ မင်းလက်ပံရွာအနီး မေတ္တာ လင်းမြိုင်တွင် ယနေ့ နံနက် ၅ နာရီခန့်က နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ကြောင်း သိရသည်။ ကရင် ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဘက်ကို တိမ်းရှောင်လာရသည့် စစ်ပြေး ဒုက္ခသည် လက်ရှိ ၁၀၀၀ ကျော်ရှိနေပြီး ထပ်မံ ရောက်ရှိလာနိုင်ကြောင်း ထိုင်း သတင်းထောက်များနှင့် နီးစပ်သူတဦးက ပြောဆိုသည်။
သတင်းတိုများ

မာနယ်ပလောတွင် KNLA တပ်စခန်းပြန်ထိုင်

ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။ ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
သတင်းတိုများ

မိုင်းတားဆီးရေး ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို တိုက်တွန်း

မိုင်းဗုံးများ တားမြစ်ပိတ်ပင်ရေး စာချုပ်တွင် လေးနှစ်အတွင်း သဘောတူ လက်မှတ်ရေးထိုးရန် အမေရိကန် သမ္မတ အိုဘားမားသို့ တိုက်တွန်းသည့် နိုဘယ်ဆုရှင်များစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်လာပြီဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်နေ့တွင် သမ္မတ အိုဘားမားထံပေးပို့သော တိုက်တွန်းစာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုဘယ်ဆုရှင် ၁၆ ဦးက လက်မှတ်ရေးထိုးထားသည်။
သတင်းတိုများ

ဦးခင်ညွန့် ဗီဒီယိုဖိုင် အသံဖြင့် ထွက်ရှိ

မကြာသေးမီက အသံမပါဘဲ အရုပ်များဖြင့်သာ ထွက်ရှိလာသည့် ဦးခင်ညွန့်ကို ရဲချုပ်ခင်ရီက လာရောက်ခေါ်သွားသည့် ဗီဒီယိုအခွေ ဖိုင်သည် လူထုအကြား စိတ်ဝင်စားမှု များပြားခဲ့သည်။ ယနေ့တွင် ထိုအခွေသည် အသံဖိုင်ဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ်မှပင် ထွက်ပေါ်လာသည်ကို တွေ့ရသည်။ အခွေထဲတွင် ဦးခင်ညွန့်က ခေါ်သည့်နောက်သို့ အေးအေးဆေးဆေး လိုက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပုန်ကန်သူမဟုတ်ကြောင်း ပြောထားသည်။ ယခုထွက်ပေါ်လာသော အသံဖြင့်ဖိုင်တွင် နေရာသစ်သို့ ရောက်ပြီးနောက် ပြောဆိုခန်းများ မပါရှိပေ။
သတင်းတိုများ

ဝေါ်လေရှိ နအဖ အရံဗျူဟာကုန်းကို DKBA တိုက်ခိုက်

ကရင်ပြည်နယ် မြ၀တီမြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါလေဒေသရှိ သံမဏိတောင်ကုန်းကို  ယမန်နေ့ ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရွေးကောက်ပွဲ ကျင်းပသည့် နိုင်ဝင်ဘာလ ၇ ရက်နေ့မှစ၍ နအဖတပ်နှင့် DKBA ခွဲထွက်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ရာ ၁ လနီးပါး ရှိလာပြီဖြစ်သည်။
သတင်းတိုများ

မြန်မာက ဗီယက်နမ်ကို ၇ ဂိုး ၁ ဂိုးဖြင့်ရှုံး၊ ပရိသတ်များ စိတ်ပျက်

ဆူဇူကီးဖလား ၂၀၁၀ ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းက အိမ်ရှင် ဗီယက်နမ် အသင်းအား ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရ သည့် အတွက် မြန်မာပရိသတ်များ အလွန် စိတ်ပျက် နေကြကြောင်း သိရှိရသည်။ မြန်မာအသင်းမှာ ပွဲချိန် ၁၃ မိနစ်၌ အဖွင့်ဂိုး ပေးလိုက်ရပြီး နောက်ထပ် ၂ မိနစ်အကြာတွင် ရန်ပိုင်၏ ပံ့ပိုးမှုမှတဆင့် အောင်ကျော်မိုးက အပြင်းကန်သွင်းကာ ချေပဂိုးပြန်လည် သွင်းယူနိုင်လိုက်သော်လည်း ကျန် ပွဲချိန်များတွင် မြန်မာအသင်းမှာ အသင်းလိုက်ကစားပုံ ညံ့ဖျင်းလွန်းသည့်အတွက် ဂိုးများ ဆက် တိုက်ပေးလိုက်ရကာ ယခုကဲ့သို့ ၇-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ဘောလုံးအားကစား လေ့လာသူများက ပြောသည်။
သတင်းတိုများ

နေပြည်တော် သတင်းစာ ထွက်မည်

စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၌ လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် “နေပြည်တော်” အမည်ရှိ သတင်းစာတစောင် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။ ယင်း သတင်းစာသည် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေး က ထုတ်ဝေမည် ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း တိုက်ခွဲများထားရှိသွားမည်ဖြစ်ကြောင်း စာနယ်ဇင်း အသိုင်း အ၀ိုင်းက ပြောသည်။
သတင်းတိုများ

တရုတ် ကုန်ပစ္စည်းများ ဈေးတက်နေ

ပြည်တွင်း ဈေးကွက်သို့ တရုတ်နိုင်ငံမှ တင်သွင်းသော အချိုမှုန့်၊ အချိုရည်ဘူး၊ အ၀တ်အထည် စသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တမျိုးလျှင် ကျပ် ၃၀၀ မှ ၅၀၀ ၀န်းကျင် အထိ ဈေးတက်သွားကြောင်း၊ ထို သို့ဈေးတက်ရခြင်းမှာ မြန်မာပြည်တွင်းသို့ တရုတ်ကုန်ပစ္စည်းများနှင့်အပြိုင် တင်သွင်း နေသည့် ထိုင်း ကုန်ပစ္စည်းများ ရှားပါး မှုကြောင့်ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။ ထိုင်း-မြန်မာ နယ်စပ် အဓိက ကုန်စည် စီးဆင်းသည့် မဲဆောက်-မြ၀တီ ဂိတ်ကို စစ်အစိုးရက ဇူလိုင် ၁၈ ရက်နေ့က စတင် ပိတ်ထားသည်မှာ ၄ လ ကျော် ပြီဖြစ်သည်။ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်-မြန်မာ နယ်စပ် ကုန်စည်စီးဆင်းမှုကို တင်းကျပ်ပိတ်ပင် ထားသည်။
သတင်းတိုများ

မြန်မာနိုင်ငံ အလံသစ်ကို ဘောလုံးအသင်း အင်္ကျီ၌ မသုံးပြန်

ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အင်္ကျီတွင် ယခင်က သုံးစွဲနေကျ မြန်မာနိုင်ငံ အလံကို အသုံး မပြု တော့ဘဲ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလံကိုသာ သုံးစွဲမည်ဖြစ်ကြောင်း ဆူဇူကီးဖလားပြိုင်ပွဲသို့ လိုက်ပါသွားသည့် သတင်း ထောက်တဦးက ပြောသည်။ ယနေ့ည မြန်မာစံတော်ချိန် ၇း၀၀ အချိန်တွင် စတင်ကစားမည်ဖြစ်သော အိမ်ရှင်ဗီယက်နမ်အသင်း နှင့် ယှဉ်ပြိုင်မည့် မြန်မာအသင်းသည် အဖြူရောင် ၀တ်စုံ ၀တ်ဆင်ကစားမည် ဖြစ်ကြောင်းလည်း သိရသည်။
သတင်းတိုများ

မန္တလေး စက်သုံးဆီဆိုင်များ စစ်ဆေးရေးဝင်

မန္တလေးရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် သုံးစွဲသူများအလုအယက် တန်းစီ ၀ယ်ယူနေရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။ စွမ်းအင်ဝန်ကြီးဌာန၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ပြည်ထဲရေး ၀န်ကြီးဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဋ္ဌာနမှ အဖွဲများက စစ်ဆေး ခြင်းဖြစ်ပြီး ပြင်ပသို့ မှောင်ခိုထုတ်ရောင်းသည့် အထောက် အထားတချို့တွေ့သည့် အတွက် ဆိုင်သုံးဆိုင်ခန့် ပိတ်ရနိုင်သည်ဟု မန္တလေးမြို့ခံ သတင်းသမားတဦးက ပြောသည်။
သတင်းတိုများ

စာပေ ဂီတ အနုပညာရှင်များနှင့်အတူ ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ကျင်းပ

ယမန်နေ့က ကျရောက်သော ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်၊ သားဖြစ်သူ ကိုထိန်လင်း (ကင်မ် အဲရစ္စ) အပါအဝင် ဂီတ အနုပညာရှင်များ၊ စာပေ အနုပညာရှင်များက HIV/AIDS ဝေဒနာရှင်များကို အားပေးခြင်း၊ ဂီတဖြင့် ဖျော်ဖြေခြင်း၊ ကဗျာရွတ်ဆိုခြင်းများအား ဝေဒနာရှင်များနှင့် အတူတကွ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းတိုများ

Myanmar ကို Burma ဟု နယူးဇီလန် ပြန်ပြောင်းခေါ်မည်

နယူးဇီလန် အစိုးရက မြန်မာနိုင်ငံကို စစ်အစိုးရ ပြောင်းလဲ သတ်မှတ်ခဲ့သည့် အတိုင်း Myanmar ဟု သုံးစွဲခြင်း မပြုတော့ဘဲ Burma ဟုသာ ဆက်လက်သုံးစွဲမည်ဟု သိရသည်။ နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး မာရေး မက်ကူလီက ဤသို့ ပြောင်းလဲ သုံးစွဲခြင်းသည် လက်ရှိ ဆက်လက်အစိုးရကို အသိအမှတ်မပြုသည့်သဘော ဖြစ်သည်ဟု ပြောကြားသည်။ စစ်အစိုးရက Burma ကို Myanmar ဟု ၁၉၈၉ တွင် ပြောင်းခဲ့သည်။
သတင်းတိုများ

မြန်မာပြည်တွင် HIV ဝေဒနာရှင် ၅ ဦးလျှင် ၁ ဦးသာ ဆေးဝါးကုသမှု ရရှိ

မြန်မာနိုင်ငံ၌ HIV/ AIDS ဝေဒနာရှင် ၂ သိန်း ၄ သောင်းကျော်ရှိပြီး ၅ ဦးလျှင် ၁ ဦးသာ ဆေးဝါကုသမှု ခံယူ ရရှိကြောင်း၊ ထို ၁ ဦးသည်လည်း အပြည့်အဝ ဆေးဝါးကုသခွင့် မရရှိကြောင်း UN မှ ထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ AIDS အစီရင် ခံစာတွင် ဖော်ပြထားသည်။ ယနေ့သည် ကမ္ဘာ့ AIDS နေ့ဖြစ်သည်။ မြန်မာပြည်တွင် အဆိုပါ ရောဂါနှင့် ပတ်သက်၍ ပညာပေးမှု အားနည်းနေသည့်အပြင် ဝေဒနာရှင်များမှာ အာဏာပိုင်များ၏ ခြိမ်းခြောက်မှုကိုပါ ခံစားနေရသည်ဟု သိရသည်။
သတင်းတိုများ

AIDS တိုက်ဖျက်ရေးနေ့ မဲဆောက်မြို့တွင် ချီတက်

ယနေ့ကျရောက်သည့် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ မြန်မာ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများ၊ မယ်တော်ဆေးခန်း၊မဲဆောက်ဆေးရုံကြီးနှင့် အစိုးရမဟုတ်သည့် ကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ မဲဆောက်ဆေးရုံကြီးမှ မယ်တော်ဆေးခန်းသို့ လမ်းလျှောက် ချီတက်ခဲ့ကြကြောင်း သိရသည်။ ချီတက်ရာတွင် AIDS ရောဂါ ပညာပေး ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြပြီး ကွန်ဒုံးများလည်း ဝေငှကြသည်။
သတင်းတိုများ

ဝန်ကြီးဌာနများကို ပူးပေါင်း၍ ပြန်လည်ဖွဲ့စည်းမည်

မကြာမီ လွှတ်တော်ခေါ်ယူ၍ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သောကြောင့် ရည်မှန်းချက်တူသော ၀န်ကြီး ဌာနများကို ပူးပေါင်းပြီး အစိုးရ၀န်ကြီးဌာနများကို ပူးပေါင်းကာ ပြင်ဆင်ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခု ၀န်ကြီးဌာန စုစုပေါင်း ၃၂ ခုရှိရာမှ ပေါင်းစည်းလိုက်လျှင် ၁၅ ခုခန့်သာ ကျန်တော့မည် ဖြစ်ကြောင်း၊ မည်သို့ ပေါင်းစည်းမည်ကို အစည်းအဝေးများ ခေါ်ယူ၍ အသေးစိတ် ဆွေးနွေးနေကြောင်း နေပြည်တော် အစိုးရအရာရှိတဦးက ပြောသည်။
သတင်းတိုများ

ကမ္ဘာ့ အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

၂၀၁၀ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။ “ဒီမိုကရေစီအရေး ဆောင်ရွက်မှု၌ မည်သည့်အခါကမှ ဇွဲမလျှော့ခြင်းအတွက်” ဟု ရည်ညွှန်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အဆင့် ၇၅ တွင် ထည့်သွင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ “လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်” ဟူသော စကားကိုလည်း ကိုးကားဖော်ပြထားသည်။
သတင်းတိုများ

ဂီရိဒုက္ခသည်များ သန့်ရှင်းသည့် ရေမရသောကြောင့် ရောဂါဖြစ်

ရခိုင်ပြည်နယ်ရှိ ဂီရိဆိုင်ကလုန်းဒဏ် အများဆုံး ခံခဲ့ရသော မြေပုံ မြို့နယ်အတွင်းမှ ကျေးရွာ တချို့၌ သောက်သုံးရေ ရှားပါးနေပြီး ဆားငံရေ ၀င်ခဲ့သည့် တွင်း၊ ကန်များမှ ရေများကို အသုံးပြုနေရသောကြောင့် ဒေသခံ တချို့မှာ ၀မ်းကိုက်၊ ၀မ်းပျက်ရောဂါနှင့် မျက်စိ ဝေဒနာများ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။ လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး တလကျော်သည့်တိုင် အစားအစာ၊ နေစရာနှင့် သောက်သုံးရေ လုံလောက်မှု မရှိသေး ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန် သံအမတ်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးတို့ ယနေ့နံနက် ၁၀ နာရီ က ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ မသိရှိရပေ။ သံအမတ်ကြီး သည် နေ့လယ်ပိုင်းတွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် NLD ရုံးချုပ်တွင် တွေ့ဆုံသည်ဟု NLD က ပြောသည်။
More Articles...
Page 35 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်