သတင်းတိုများ

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ဘဝအကြောင်း ရိုက်ကူးထားသည့် ဇာတ်ကားကို “The Lady” ဟု အမည်ပေးမည်

ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး သရုပ်ဆောင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအကြောင်း ရိုက်ကူးထားသော ဇာတ်ကားအား “The Lady” ဟု အမည် သတ်မှတ်မည်ဖြစ်ကြောင်း  Guardian အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ အဆိုပါ ဇာတ်ကားကို ရိုက်ကူးသည့် ပြင်သစ်နာမည်ကြီး ဒါရိုက်တာ Luc Besson က ဒေါ်အောင်ဆန်း စုကြည်သည် ပြင်သစ်အမျိုးသမီး သူတော်စင် Joan of Arc ထက်ပင် သူရဲကောင်း ပိုဆန်ကြောင်း ပြောထားသည်။
သတင်းတိုများ

DKBA နှင့် စစ်အစိုးရ တိုက်ပွဲထပ်ဖြစ်၊ ဒဏ်ရာရ သေဆုံးမှုများ ရှိ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကြီး၊ ဖလူးလေး ရွာဝန်းကျင်၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ(၅)နှင့် စစ်အစိုးရတပ် ခမရ (၅၄၇) တို့ ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာ ခမရ (၅၄၇)မှ ၇ ဦးကျဆုံး၍ ၁၃ ဦး ခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦး ကျဆုံး၍ ၅ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။ ထိုသို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသ ခံများမှာ နီးစပ်ရာ တောထဲတောင်ထဲ ၌လှည့်လည် ပုန်းရှောင်နေရပြီး စစ်ပြေး ဒုက္ခသည် ၁၀၀ ခန့် သည်လည်း ထိုင်းနိုင်ငံ ဘက်သို့ ထပ်မံ တိမ်းရှောင်လာရသည်ဟု ယင်းဒုက္ခသည်များအား ကူညီနေသူများက ပြောသည်။
သတင်းတိုများ

လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား ၁၇ ဦး လွတ်မြောက်

ယမန်နေ့ကအထိ လွတ်ရက် ပြည့်မြောက်သဖြင့် နိုင်ငံတဝန်း အကျဉ်းထောင် အသီးသီးမှ ပြန်လွတ်လာသော နိုင်ငံရေး အကျဉ်းသား ၁၇ ဦး အထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံအကျဉ်းသား ၂၀၀၀ ကျော် ရှိနေဆဲ ဖြစ်သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ ကတော်ဟောင်း ဖုန်းပြော

ယခင် အမေရိကန် သမ္မတ ကတော်ဟောင်း လော်ရာဘုရှ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တယ်လီဖုန်းဖြင့် စကားပြောခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်သည် နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ကျခဲ့သည့်တိုင် မျှော်လင့်ချက် ပျောက်မသွားကြောင်း၊ မြန်မာပြည် လွတ်မြောက်ရေး အတွက် ယုံကြည်နေဆဲ ဖြစ်ကြောင်း၊ တက်ကြွမှု အပြည့်ရှိသော အသံကို ကြားရသဖြင့် အားရမိကြောင်း လော်ရာဘုရှ်က ပြောသည်။
သတင်းတိုများ

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ဇိုမီး တော်လှန်ရေးတပ် တွေ့ဆုံ

အိန္ဒိယပြည်ထဲရေးဝန်ကြီး မစ္စတာ ပီ ချီဒမ်ဘရမ်က အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ချူရာချန်ပူ ခရိုင်ရှိ မြန်မာနှင့် အိန္ဒိယ နိုင်ငံသား ဇိုမီး တိုင်းရင်းသားများ ပါဝင်သည့် ဇိုမီး တော်လှန်ရေးတပ်မတော် တပ်ရင်း ၁၉၃ နှင့်၂၀၃ အခြေစိုက်ရာ မူဗမ်းလိုင်အရပ် သို့ ပထမဆုံး အကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ က သွားရောက်ခဲ့သည်။ နှစ်ဘက်ခေါင်းဆောင်များ၏ မိနစ် ၅၀ နီးပါး ဆွေးနွေးပွဲတွင် ဇိုမီး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အရေးတွင် ငြိမ်းချမ်းစွာ ပူးပေါင်းဖြေရှင်းရေးအတွက် ဆွေးနွေးပြောဆိုကြကြောင်း ဇိုမီး အမျိုးသား ပြန် လည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောခွင့်ရ ဦးဒယ်နီက ဆိုသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးများ မီဒီယာ၌ ဖော်ပြခွင့်မပြု

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းများကို ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခွင့်ပြုမည် မဟုတ်ကြောင်း စစ် အစိုးရ စာပေ စိစစ်ရေးက ပြောသည်။ လက်ရှိတွင် ပြည်တွင်းသတင်းဂျာနယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်း ခန်းများဖော်ပြရန် စာပေစိစစ်ရေးသို့ တင်ပြမှုများရှိလာကြောင်းလည်း စာပေစိစစ်ရေး ရုံးမှ စာစစ်မှူး တဦးက ဆိုသည်။ မကြာသေး ခင်က ပြည်သူ့ခေတ် ဂျာနယ် နှင့် ဗီးနပ်စ် ဂျာနယ် တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိထားပြီး ဂျာနယ်တွင် ဖော်ပြရန် ကြိုးစားနေကြောင်း သိရသည်။
သတင်းတိုများ

အရက်မူးနေသည့် တပ်ကြပ် သေနတ်နှင့်ပစ်သောကြောင့် လူတဦးသေဆုံး

ဒီဇင်ဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကွင်းချောင်းကျေးရွာမှ မအီရွာသို့ သွားသည့် မော်တော်သည် ရမ်းဗြဲမြို့နယ်အပိုင် မင်းချောင်း တံတားအရောက်တွင် ကျောက်ဖြူ အခြေစိုက် တပ်ရင်း အမှတ် ၅၄၂ မှ အရက်မူးနေသည့် တပ်ကြပ်တဦးက လှမ်းခေါ်ပြီး မော်တော် ဆိုက်ကပ်ချိန် ကြာသည်ဟုဆို၍ သေနတ်နှင့် လှမ်းပစ်လိုက်သောကြောင့် မော်တော်ပေါ်တွင် ပါရှိသည့် ကွင်းချောင်းရွာသား ကိုမောင်ဝင်းကို ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
သတင်းတိုများ

ဂီရိ ဒုက္ခသည်များကို NLD နှင့် CRPP လှူဒါန်း

NLDပါတီ နှင့် CRPPအဖွဲ့ တို့က ဂီရိမုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ မင်းပြင် ရွာသို့ ယမန်နေ့က သွား ရောက်ပြီး ဆန်နှင့် အစားအသောက်များ ဝေငှသည်ဟု NLD က ပြောသည်။ အဆိုပါ မင်းပြင်ရွာ၌ တအိမ်ထောင်လျှင် ဆန် ၅ ပြည်နှုန်း ဝေငှခဲ့ကြောင်း၊ မင်းပြင်ရွာသည် အိမ်ခြေ ၄၀၀ ကျော် ရှိပြီး ဂီရိ မုန်တိုင်းကြောင့် အိမ်ခြေ ၁၂၀ ခန့် ပျက်စီးသွားကြောင်း သိရ သည်။
သတင်းတိုများ

လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု ပြော

စင်ကာပူ၏ သြဇာတိက္ကမ ကြီးမားသည့် နိုင်ငံရေး ခေါင်းဆောင် လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီးများအား “မိုက်မဲသူများ”၊ “ထုံပေပေများ” ဟု ပြောကြောင်း ဝီကီလိစ်က ပေါက်ကြားသည့် ပေးစာတွင် ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံရာတွင် မစ္စတာ လီကွမ်ယုက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရခြင်းသည် “လူသေနှင့် စကားပြောရသလိုပဲ” ဟုလည်း ပြောဆိုထားသည်။
သတင်းတိုများ

ရက္ခပူရ ဘောလုံးအသင်းအတွက် ခရိုင်တခု ကျပ် သိန်း ၃၀၀၀ ကောက်ခံ

ရခိုင်ပြည်နယ်တွင် ရက္ခပူရ ယူနိုက်တက် ဘောလုံး အသင်းအတွက် ခရိုင်တခုလျှင် ကျပ် သိန်း ၃၀၀၀ စီ ထည့်ဝင်ရန် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းက ညွန်ကြားထားကြောင်း၊ ထို့ကြောင့် လုပ်ငန်းတခုလျှင် ကျပ် သိန်း ၂၀ မှ သိန်း ၅၀ အထိ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ငွေကို ဂီရိ ဆိုင်ကလုန်း ဒဏ်သင့် ဒေသများတွင်ပါ ကောက်ခံမည်ဖြစ်သောကြောင့် ဒေသခံများ အခက်အခဲနှင့် ကြုံတွေ့နေရသည်။
သတင်းတိုများ

ဂီရိမုန်တိုင်းသင့်ဒေသတွင် မိုးသည်းထန်၍ လေပြင်းထပ်တိုက်

ရခိုင်ပြည်နယ် ဂီရိဆိုင်ကလုန်းဒဏ်အများဆုံး ခံခဲ့ရသော မြေပုံမြို့နယ်တွင် ပြီးသည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သောကြောင့် အနည်းငယ်ကျန်ရှိခဲ့သည့် စပါးခင်းများ ထပ်မံပျက်စီးသွားပြီး ယာယီ နေအိမ်များ ပျက်စီးသွားကြောင်း၊ ထိုသို့ အခက်အခဲများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း NGO အဖွဲ့တချို့မှလွဲ၍ အာဏာပိုင်များက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။
သတင်းတိုများ

ဇေကမ္ဘာဦးခင်ရွှေ လယ်မြေသိမ်းမှု ဗိုလ်ချုပ်မှူးကြီးထံ တိုင်ကြားမည်

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ လယ်မြေများအား ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုရက်ပိုင်းအတွင်း တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ သိမ်းထားသည့် လယ်မြေဧက ၄၀၀ ၀န်းကျင် ရှိပြီး တဧကလျှင် ကျပ် ၁၀ သိန်းနီးပါးတန်သော်လည်း ဇေကမ္ဘာ ဦးခင်ရွှေက တဧကလျှင် ကျပ် ၃ သိန်းခွဲသာ ပေးသောကြောင့် ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
သတင်းတိုများ

မြန်မာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုနှင့် စိတ်ကြွဆေးထုတ်လုပ်မှု မြင့်တက်လာကြောင်း UNODC ၏ ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ပြီးခဲ့သည့် ၁ နှစ် ၂ နှစ်အတွင်း ၂ ဆခန့် မြင့်တက်လာ ကြောင်း UNODC က ဆိုသည်။ ဒေသတွင်းဆိုင်ရာ အစီရင်ခံစာတစောင်ကို နိုဝင်ဘာလ က ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း ဘိန်း စိုက်ပျိုးမှု သိသိ သာသာ မြင့်တက်နေသည့် မြန်မာနှင့် လာအိုနိုင်ငံ အတွက် သီးခြား အစီရင်ခံစာကို ထပ်မံ ထုတ်ပြန်ထားသည်။
သတင်းတိုများ

နိုင်ငံရေး အကျဉ်းသား လွှတ်ရန် ကင်တာနာ တောင်းဆို

နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံးပြန်လွှတ် ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေးလ် ကင်တာနာက စစ်အစိုးရကို တောင်းဆို လိုက်သည်။ နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး ဆိုးရွားမှု ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း မော်လမြိုင်အကျဉ်း ထောင်တွင် နိုင်ငံရေး အကျဉ်းသား ရဟန်း တော် အရှင်နေမိန္ဒ ပျံလွန်တော်မူ ခဲ့၍ စိတ် မကောင်း ကြောင်း၊ ၁၉၈၈ ခုနှစ်မှ စတင်ပြီး ယခုအချိန်အထိ ထောင် တွင်း၌ သေဆုံးခဲ့ရ သည့် နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၄၅ ဦးရှိပြီ ဖြစ်ကြောင်းလည်း ကင်တာနာက ပြောသည်။
သတင်းတိုများ

NLD ရပ်တည်ခွင့် ဆွေးနွေး

NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ နောက်ဆုံးအထူးအယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဥပဒေရေးရာ အကြံပေး အဖွဲ့တို့ ယနေ့တွေ့ဆုံ ဆွေးနွေးကြောင်း NLDက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည့် ကိုယ်တိုင် ကျမ်းကျိန်ဆိုပြီး တင်ခဲ့ သည့် ပါတီရပ်တည်ခွင့် အယူခံကို နေပြည်တော်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့က ပယ်ချခဲ့ခြင်း ဖြစ်သည်။
သတင်းတိုများ

ဂီရိ ဒဏ်သင့်ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ကျပ် သိန်း ၁၀၀ လှူ

ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မှ ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းကြောင်း NLDက ပြောသည်။ ဂီရိမုန်တိုင်းဒဏ်ခံရသည့် မြေပုံမြို့သို့ CRPPအဖွဲ့ဝင်မျာဖြစ်သည့်ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း၊ NLD အမျိုးသမီးအဖွဲ့မှ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဦးကြည်ဝင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒလမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းချိုတို့ ဦးဆောင်ပြီး ယနေ့သွားရောက် လှူဒါန်းကြ ကြောင်း သိရသည်။
သတင်းတိုများ

အိန္ဒိယက မြန်မာ ဘုရားဖူးများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် အိန္ဒိယသို့ ဘုရားဖူးလာလျှင် အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအိုတို့ကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်ဟု အိန္ဒိယ ခရီးသွားလာရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယသတင်းစာ တစောင်တွင် ရေးသားထားသည်။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည့် အစီအစဉ်ကို လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဟု သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ၁ လပြည့် ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တလပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း NLD အဖွဲ့ဝင် ၁၅ ဦးက မန္တလေးဆေးရုံကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရန်ကုန် ၁၀ မိုင်ကုန်းရှိ ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက်နှင့် NLD အဖွဲ့ချုပ် ရုံးတို့တွင်လည်း တလပြည့် အခမ်းအနားများ ကျင်းပနေသည်။
သတင်းတိုများ

ဂျာနယ်များ ပေါ်လစီ ဆောင်းပါး ပြန်ထည့်ရမည်

ပြည်တွင်းထုတ် ဂျာနယ်များအားလုံး ယခုတပတ်မှ စတင်ကာ အစိုးရ ပေါ်လစီ ဆောင်းပါးပြန်ထည့်ရမည်ဟု စာပေစိစစ်ရေးက ညွှန်ကြား ထားကြောင်း သိရှိရသည်။ ဂျာနယ်များတွင် ပေါ်လစီဆောင်းပါး ထည့်သွင်းဖော်ပြခြင်းကို ရပ်နားထားသည်မှာ ၃ လ ကျော် ခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်လည်ထည့်သွင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။
သတင်းတိုများ

မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော

အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်ရအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့က ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားသည်။ ယင်းအခမ်းအနား မိန့်ခွန်း အစအဆုံးတွင် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ဆေးရုံ၊ ဆိပ်ကမ်း စသည်တို့ မည်ရွေ့မည်မျှ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု အရေအတွက် ကိန်းဂဏန်းများကိုသာ ပြောဆိုထားသည်ကို တွေ့ရသည်။
More Articles...
Page 33 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်