သတင်းတိုများ

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ပုဂံ ဒေသတွင်း လုပ်ငန်းများ လေ့လာ

ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကိုထိန်လင်းတို့သည် ပုဂံမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ ထန်းလျက်ချက်လုပ်ငန်း လုပ်ကိုင်သည့် ဇီးအုပ်ကုန်းကျေးရွာသို့ သွားရောက်ကြောင်း သိရသည်။ ယင်းကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံပြီးနောက် နေလယ် ၂ နာရီခွဲခန့်တွင် တည်းခိုရာ Bagan Hotel River View သို့ ပြန်လည် ရောက်ရှိကြောင်း၊ ညနေ ၃နာရီခွဲခန့်တွင် ညောင်ဦးဈေးသို့ သွားရောက်ဦးမည်ဖြစ်ပြီး၊ မနက်ဖြန် နံနက်တွင် ပုဂံမြို့မှ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်မည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

အလုပ်သမား စိစစ်မည့်အစီအစဉ် မလေးရှား ရွှေ့ဆိုင်း

တရားမ၀င် ရောက်ရှိနေသူများအား စိစစ်ပြီး နေထိုင်ခွင့်ပြုမည့် အစီအစဉ်ကို ဇူလိုင် ၁၁ ရက်နေ့တွင် စတင်မည်ဟု မလေးရှားအစိုးရက ကြေညာခဲ့သော်လည်း ယခုအခါ ဇူလိုင် ၁၈ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ ၀န်ဆောင်မှု ကုမ္ပဏီ ၂၅၀ တွင် လက်ဗွေ မှတ်တမ်းတင်စက် တပ်ဆင်ခြင်း၊ ၀န်ထမ်း လေ့ကျင့်ပေးခြင်းတို့အတွက် အချိန် မလုံလောက်သဖြင့် ရက်ရွှေ့ခြင်း ဖြစ်ကြောင်း မလေးရှားရှိ အလုပ်သမား အေဂျင်စီများထံမှ သိရသည်။
သတင်းတိုများ

KIA ကို သောင်းကျန်းသူဟု အစိုးရသတင်းစာ မရေးတော့

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ဟိုပင်နှင့် နန်းခွင်ကြား မီးရထားလမ်းကို ဇူလိုင်လ ၅ ရက်နေ့ညက မိုင်းခွဲဖျက်ဆီးသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာမှ စွပ်စွဲရေးသား ဖော်ပြထားသည်။ သို့သော် KIA ကို ယခင်ကကဲ့သို့ “သောင်းကျန်းသူ” ဟု မသုံးနှုန်းတော့ကြောင်း တွေ့ရသည်။
သတင်းတိုများ

GSM ဖုန်း အင်တာနက် တပ်ဆင်ခွင့် ယာယီ ရပ်ဆိုင်း

ရန်ကုန်နှင့် နေပြည်တော်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား ဇွန်လ ၂၁ ရက်နေ့က စတင်၍ အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးခဲ့သော်လည်း ဇူလိုင် ၂ ရက်နေ့က အင်တာနက်လျှောက်ထားခွင့် ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရသည်။ စတင်ခွင့်ပြုသည့်နေ့မှစ၍ အင်တာနက်သုံးစွဲရန် လျှောက်ထားသူ ဦးရေ နေ့စဉ် ရာနှင့်ချီရှိနေပြီး လက်ရှိ အခြေအနေတွင် တာဝါတိုင်များ မလုံလောက်သေးသောကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ပန်းဆိုးတန်းမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
သတင်းတိုများ

ICRC မှ အင်ဂျင်နီယာအဖွဲ့ မော်လမြိုင်ထောင်သို့ ဝင်ခွင့်ရ

ICRC အဖွဲ့မှ အင်ဂျင်နီယာနှင့် ကွင်းဆင်းအရာရှိ နှစ်ဦးပါဝင်သောအဖွဲ့သည် မော်လမြိုင် အကျဉ်းထောင်၌ စက်ရေတွင်း တူးဖော်မည့်နေရာ၊ ရေသိုလျှောင်မှု စသည့် အခြေအနေများကို ဇူလိုင်လ ၁ ရက်နေ့တွင် လေ့လာကြည့်ရှုခွင့်ရကြောင်း သိရသည်။ ဇွန်လ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းကလည်း ICRC အကျဉ်းထောင်များအတွင်း ပြန်ဝင်ခွင့်ရရန် မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။ ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှစ၍ ICRC ၏ အကျဉ်းထောင်အတွင်း ဝင်ရောက်လေ့လာခွင့်ကို အစိုးရက ပိတ်ပင်ခဲ့သည်။
သတင်းတိုများ

ထိုင်းပူးပေါင်းတပ် မြန်မာအလုပ်သမား ၂၀၀ ခန့်ကိုဝင်ဖမ်း

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တောင်ပိုင်း ဖုဖ္ဗရမြို့နယ် အတွင်းရှိ စီခိုထိုင်း၊ ချီပါးဘိုး၊ ပခါးမိုင်၊ ပါဝိုင် စသည့် ရွာများအပါအဝင် နေရာ ၁၀ နေရာ၌ နေထိုင်ကြသော လက်မှတ်မရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ခန့်ကို ယနေ့ နံနက် ၄ နာရီခွဲ ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုင်းစစ်တပ်၊ မှုခင်းရဲနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က ရုတ်တရက် စိုက်ခင်းများထဲအထိ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး ကား ၆ စီးတိုက်ဖြင့် ခေါ်ဆောင်သွားကြောင်း ထိုင်း - မြန်မာနယ်စပ် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသော ကိုမိုးကြိုးက ပြောသည်။
သတင်းတိုများ

လှိုင်းဘွဲ့တွင် ရေကြီး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၌ မိုးများ၍ ရေကြီးလျက်ရှိပြီး လယ်ယာစိုက်ခင်းများ ရေနစ်မြုပ်ကုန်ကြောင်း သိရသည်။ ယင်းရေကြီးမှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာ ၂၀ ကျော်တွင်လည်း လယ်မြေများပျက်စီးပြီး စာသင်ကျောင်းများ ပိတ်ထားရသည်ဟု Myanmar Newsweek ဂျာနယ်တွင် ဖော်ပြထားသည်။ တရွာနှင့်တရွာ ကူးလူးဆက်ဆံရေးအတွက် လှေကို အသုံးပြုနေကြရသည်ဟု သိရသည်။
သတင်းတိုများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် လေကြောင်း တိုက်ရိုက် ပြန်လည် ပြေးဆွဲမည်

ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ တိုက်ရိုက် လေကြောင်းလိုင်း ပြန်လည်စတင်မည်ဟု သိရသည်။ ယခု ရန်ကုန်မှ ဒါကာသို့ သွားလိုသော ခရီးသည်များသည် ဘန်ကောက်မှတဆင့် သွားလာနေရသည်ဟု ပေါ်ပြူလာ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။ ရန်ကုန်-ဒါကာ ခရီးစဉ်ကို ပြေးဆွဲနေသော ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း Biman ကို ၂၀၀၇ ခုနှစ် မတိုင်မီက အရှုံးပေါ်သောကြောင့် ရပ်နားခဲ့သည်။
သတင်းတိုများ

မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ အမေရိကန် မျှော်လင့်

ဒေါ်အောင်ဆန်းစုကြည် ခရီးသွားလာခွင့်ရပြီး လူထုနှင့် ထိတွေ့နိုင်ခြင်းသည် မြန်မာနိုင်ငံအတွက် အလားအလာကောင်းဖြစ်ကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ ခရီးသွားလာခွင့် ရခြင်းမှတဆင့် အလားအလာကောင်းများ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ပုဂံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ပုပ္ပားတောင်သို့ သွားရောက်သည်။
သတင်းတိုများ

MAI ရန်ကုန်-ဂျကာတာ-ဘာလီ တိုက်ရိုက် ပျံသန်းမည်

ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI) သည် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့်ဘာလီကျွန်းသို့ လာမည့် နိုဝင်ဘာလတွင်တိုက်ရိုက် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြီးခဲ့သည့် မေလအတွင်း အင်ဒီုနီးရှားနိုင်ငံသို့ ရောက်ရှိစဉ် သမ္မတ ဦးသိန်းစိန်က ဆွေးနွေးခဲ့သည်ဟု ဆင်ဟွာ သတင်း၌ ရေးသားထားသည်။ ထို့အပြင် MAI သည် ရန်ကုန်-စင်္ကာပူ-ဂျကာတာ ပြေးဆွဲရန်အစီစဉ်လည်း ရှိပြီး လာမည့် အောက်တိုဘာလ တွင် ရန်ကုန်နှင့် ဒူဘိုင်းသို့ Airbus A-320 လေယာဉ်အမျိုးအစားဖြင့် တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။
သတင်းတိုများ

မန္တလေး၌ ယနေ့နံနက် မီးလောင်

မန္တလေးမြို့ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းအကြား ဦးကျားကြီး ၀န်းအတွင်းရှိ စက်ဘီးနှင်တာယာများ သိုလှောင် ရာ ဂိုဒေါင်တခုတွင် ယနေ့ နံနက် ၉နာရီ ခွဲ ၀န်းကျင် က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။ တိုက် ၃ လုံးနှင့် အိမ် ၄ အိမ် မီးလောင်ရာတွင် ပါဝင်ကြောင်း၊ ၁၀း ၃၀ နာရီခန့်၌ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့သော် လည်း မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရသေးကြောင်း ဒေသခံတဦးကပြောသည်။
သတင်းတိုများ

ပြည်တွင်းစစ် ရပ်စဲရေး တောင်းဆိုချက် ထုတ်ပြန်

၁၉၄၈ ခုနှစ်ကတည်း က စတင်ခဲ့သည့် ပြည်တွင်းစစ်သည် န၀တ ၊ နအဖ စစ်အစိုးရများ လက်ထက်နှင့် ယခုအထိ တိုင်းရင်းသား ဒေသများ၌ ဆက်လက်ဖြစ်ပွားနေပြီး စစ်မှန်သော ငြိမ်းချမ်းရေးမတည်ဆောက်ဘဲ ထိုးစစ်များဖြင့် ကျင့်သုံးနေခြင်းကို ရပ်တံ့ရန် ယမန်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့အပါအ၀င် အဖွဲ့ပေါင်း ၉ ဖွဲ့က ကြေညာချက်ထုတ်၍ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်သည်။ ကချင်ပြည်နယ်အတွင်း တည်ဆောက်နေသော ရေကာတာစီမံကိန်းကို အကြောင်းပြု၍ လတ်တလောဖြစ်ပွားနေသည့် အစိုးရနှင့် KIA တပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရမှုများနှင့်ကြုံနေကြရသည့် အတွက် ယင်း ရေကာ တာ စီမံကိန်းများ ရပ်တံ့ပေးရန် တရုတ်အစိုးရသို့ တောင်းဆိုသည့် ကြေညာချက်လည်း ထုတ်ပြန်ထားသည်။
သတင်းတိုများ

အကျဉ်းကျသံဃာများအကြောင်း စာအုပ်ထုတ်ဝေ

မြန်မာနိုင်ငံတွင် အကျဉ်းချခံနေရသည့် ရဟန်းသံဃာများအကြောင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် “သံတိုင်နောက်က မှတ်တမ်းများ” စာအုပ်ကို ပြည်ပအခြေစိုက် သာသနာ့ဥသျှောင်အဖွဲ့က ထုတ်ဝေဖြန့်ချိလိုက်သည်။ ၁၉၈၈ ခုနှစ်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားခဲ့သည့် သံဃာများအား ဖမ်းဆီး နှိပ်စက် ထောင်ချခဲ့သည့် ဖြစ်ရပ်မှန် ဆောင်းပါ ၁၁ ပုဒ် ပါဝင်သည်။ အဆိုပါစာအုပ်ကို မြန်မာဘာသာ သက်သက်ဖြင့် ယမန်နှစ် ဒီဇင်ဘာကလည်း ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတဝန်းတွင် ရဟန်းသံဃာ အပါး ၂၀၀ ခန့် ဖမ်းဆီးထိမ်းသိမ်း ခံထားရကြောင်း သိရသည်။
သတင်းတိုများ

ယင့်လပ် ၏ အောင်မြင်မှုကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းရွေးကောက်ပွဲအတွင် အနိုင်ရရှိထားသော ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လောင်း ယင့်လပ် ရှင်နာဝပ် ပါတီ၏ အောင်မြင်မှုကို ကြိုဆိုလိုက်သည်။ ဒီမိုကရေစီနည်းလမ်းနှင့် အများပြည်သူဆန္ဒအရ ရွေးကောင်တင်မြှောက် ခံရခြင်းကြောင့် ကြိုဆိုခြင်းဖြစ်ကြောင်း ယနေ့နံနက်က ဘုရာဖူးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရသစ်နှင့် ဆက်ဆံရေးကောင်းရန် မျှော်လင့်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည်များကို စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး စထွက်

ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက် ၇ နာရီတွင် ပုဂံမြို့ ရှေးဟောင်းဘုရားများ ဖြစ်သည့် အာနန္ဒာစေတီ၊ သဗ္ဗညုစေတီ၊ မနူဟာ စေတီတို့ကို သွားရောက်ဖူးမျှော်သည်။ မွန်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသည့်  ပုဂံခေတ် မြစေတီကျောက်စာကိုလည်း သွားရောက်ကြည့်ရှုပြီး Bagan Hotel River View ဟိုတယ်သို့ ပြန်လည်ထွက်ခွာသွားသည်။ ပုဂံဒေသခံပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျ ကြိုဆိုပြီး ပန်းစည်းများ ပေးအပ်ခြင်း၊ ဆုတောင်းမေတ္တာ ပို့သခြင်းများကို ပြုလုပ်ကြသည်ဟု လိုက်ပါသွားသည့် NLD လူငယ်တဦးက ပြောသည်။
သတင်းတိုများ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ မွန်ဂိုလီးယားကို မြန်မာနိုင်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ယမန်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်တွင် မွန်ဂိုလီးယား လက်ရွေးစင် ဘောလုံးအသင်းကို ၂ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဂိုးများကို ဒုတိယပိုင်း ၆၁ မိနစ်တွင် ပိုင်စိုးကလည်းကောင်း၊ ဒုတိယ အနိုင်ဂိုးကို ၈၈ မိနစ်တွင် မိုင်းအိုက်နိုင် က လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ ပွဲစဉ်တွင် မြန်မာက မွန်ဂိုလီးယား အသင်းအား(၁-၀)ဂိုးဖြင့် ရှုံးနိမ့်ထား သည်။ ထိုရှုံးနိမ့်မှုကြောင့် နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်အား ထုတ်ပယ်ခဲ့ပြီး အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ် အဖြစ် ဦးဆန်းဝင်းတို့အား ခန့်အပ်ခဲ့သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ပုဂံ ရောက်ရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက် ၈ နာရီခွဲခန့်က အဲမန္တလေး လေကြောင်းလိုင်းဖြင့် ပုဂံမြို့သို့ ရောက်ရှိ သွားသည်။ မိသားစုခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ သားငယ် ကိုထိန်လင်းလည်း လိုက်ပါသွားပြီး ပုဂံမြို့ Bagan Hotel River View ဟိုတယ်တွင် တည်းခိုမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

မြန်မာ ဒု သံရုံးတာဝန်ခံ ဦးကျော်ဝင်း အမေရိကန်၌ ခိုလှုံခွင့်တောင်း

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်သည့် ဦးကျော်ဝင်း သည် အမေရိကန် နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံ လိုက်ကြောင်း သိရသည်။ လက်ရှိ မြန်မာအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့သွားပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်ကြောင်း လွတ်လပ်သော အာရှအသံ ရေဒီယို သတင်းဌာနက ထုတ်လွှင့်သွားသည်။ ဦးကျော်ဝင်းသည် နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ၁၉၈၀ ခုနှစ်က စတင်၍ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။
သတင်းတိုများ

မြန်မာအသင်း နည်းပြချုပ် အထုတ်ခံရ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ဇီဗာဒီနိုဗစ်အား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ကိုဇာနည်က ပြောသည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအကျော့တွင်  မြန်မာအသင်းက မွန်ဂိုလီးယားကို တဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ ယာယီနည်းပြချုပ်အဖြစ် ဦးဆန်းဝင်းအား ခန့်အပ်မည်ဖြစ်ပြီး အတွေ့အကြုံရှိသော ဘောလုံးသမားများ ဖြစ်သည့် ရန်ပိုင်၊ ခင်မောင်လွင်၊ စိုးမင်းဦး၊ကျော်ဇေယျာဝင်းနှင့် သိန်းသန်းဝင်းတို့ကို အသင်းအတွက် အားဖြည့် ခေါ်ယူထားသည်ဟု သိရသည်။
သတင်းတိုများ

ကနေဒါ ၌ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု မော်ကွန်းကျောက်စာ ရေးထိုး

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့အနီးရှိ ကို့တ် စိန့် လုခ် (Côte Saint-Luc) မြို့မှ ကနေဒါ နေ့(ဇူလိုင်လ ၁ ရက်နေ့)၌ ဒေါ်အောင် ဆန်းစုကြည်ကို ဂုဏ်ပြုသည့် မော်ကွန်းကျောက်စာဖွင့်ပွဲ ကျင်းပမည်။ ထိုမြို့မှ လူ့အခွင့်အရေး လမ်းမပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားသော မော်ကွန်းကျောက်စာကို ဒေသစံတော်ချိန် ၅ နာရီခွဲတွင် အခမ်းအနားဖြင့် ဖွင့်လှစ် မည်ဖြစ်ပြီး ယခုအခမ်းအနားသည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကနေဒါနေ့ အခမ်းအနား၏ အစိတ်အပိုင်းတခုအဖြစ် ကျင်းပခြင်း လည်းဖြစ်သည်။ အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမှတဆင့် နှုတ်ခွန်းဆက်ပြောစကား ရုပ်သံကို လည်း ဖွင့်လှစ် ပြသမည် ဖြစ်ကြောင်း သိရသည်။
Page 12 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်