သတင်းတိုများ

သတင်းတိုများ

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရုဒ် သည် မနက်ဖြန် စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ နေအိမ်တွင် တွေ့ဆုံရန်ရှိသည်။ မစ္စတာ ကယ်ဗင် ရုဒ် သည် ယနေ့ နနက်ပိုင်းက နေပြည်တော် သို့  ရောက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု သိရသည်။ သြစတြေးလျ နိုင်ငံသည် မြန်မာ့ ဒီမိုကရေစီရေးအတွက် ထောက်ခံအားပေးသော နိုင်ငံလည်းဖြစ်သည်။
သတင်းတိုများ

ပြန်ပို့ခံရခြင်းအတွက် ဝမ်းနည်းမိကြောင်း မီရှဲလ်ယိုး ပြော

ဒေါ်အောင်ဆန်းစုကြည်အဖြစ် The Lady ရုပ်ရှင်တွင် သရုပ်ဆောင်ထားသော မလေးရှားနိုင်ငံဖွား သရုပ်ဆောင် မီရှဲလ်ယိုးက ရန်ကုန် နိုင်ငံတကာ လေဆိပ်မှ ပြန်ပို့ခံရခြင်းနှင့် ပတ်သက်၍ အထိတ်တလန့် ဖြစ်ခဲ့ရပြီး အလွန် ဝမ်းနည်းခဲ့ရသည်ဟု မလေးရှား မီဒီယာများသို့ ပြောဆိုသည်။ လူဝင်မှု ကြီးကြပ်ရေးက ကောင်းမွန်စွာ ဆက်ဆံကြောင်း၊ သို့သော် ပြန်ပို့ခံရခြင်းအတွက် အကြောင်းပြချင်လည်း မပေး၊ သင့်လျှော်သည့် အထောက်အထားလည်း မပြခဲ့ကြောင်း မီရှဲလ်ယိုးက ပြောသည်။
သတင်းတိုများ

ပင်စင်လစာများ တိုးမြှင့်ပေးမည်

ပင်စင်စားများ၏ လစာခံစားခွင့်ကို ယခု ဇူလိုင်လမှ စ၍ တိုးမြှင့်ပေးတော့မည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီ အငြိမ်းစားယူခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာနှင့် ၂၀၀၆ ဧပြီလ ၁ ရက်နေ့ မတိုင်မီ ခံစားခွင့်ရခဲ့ကြသည့် နိုင်ငံရေး ပင်စင်လစာများကို လက်ရှိ ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ခံစားခွင့်အတိုင်း တိုးမြှင့်ပေးမည်ဟု အစိုးရက ကြေညာသည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း၌ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကို ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း အခြေအနေတို့ကို ထည့်သွင်းစဉ်းစားပြီး တိုးမြှင့်ပေးမည်ဟု ပြောခဲ့သည်။
သတင်းတိုများ

ရော့စ် ဒန်ကလေအမှု ပြတ်ပြီ

မြန်မာတိုင်းမ် ဂျာနယ် CEO မစ္စတာ ရော့စ် ဒန်ကလေအား မခိုင်ဇာလင်းကို သာမန်နာကျင်စေမှုအတွက် ထောင်ဒဏ် ၁ လ၊ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဥပဒေ အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ (၁၃/ ၁) အရ ထောင်ဒဏ် ၆ လ (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၁ သိန်း ပေးဆောင်ရန် ကမာရွတ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။ မစ္စတာ ရော့စ် ဒန်ကလေသည် ချုပ်ရက် ၄၄ ရက် ကျခံထားပြီးဖြစ်သောကြောင့် မခိုင်ဇာလင်းကို နာကျင်စေမှုဖြင့် ထောက်ဒဏ် ကျခံစရာ မလိုတော့ဘဲ လဝက အမှုအတွက် ကျပ် ၁ သိန်း ဒဏ်ငွေပေးဆောင်လိုက်ခြင်းဖြင့် အမှုပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ကမမောင်းတွင် အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းတွင် ယမန်နေ့ညက ဗိုလ်ပိ ဦးဆောင်သည့် နယ်ခြားစောင့် တပ်ဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။ တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ်က တံတားတစင်းကို ချိုးလိုက်သည်ဟု ကြားသိရသော်လည်း ပျက် စီးဆုံးရှုံးမှု နှင့် သေဆုံး ဒဏ်ရာရ စာရင်း အတိအကျကို မသိရှိရသေးကြောင်း ကရင် လွတ်မြောက်ရေး တပ်မတော် တာဝန်ရှိသူ တဦးက ပြောသည်။
သတင်းတိုများ

တရားဥပဒေ စိုးမိုးရေးဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီးထံ NLD စာပို့

တရား ဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ယမန်နေ့ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို ထံ စာတစောင် ပေးပို့လိုက်သည်။ ယခုစာမှာ ဇွန်လ ၂၈ ရက် နေ့က NLD ခေါင်းဆောင် များဖြစ်သည့် ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်သို့ ပြည်ထဲရေး ၀န်ကြီးဌာနက NLD ၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်း များ ရပ်ဆိုင်းရန်နှင် ဥပဒေနှင့်အညီ လိုက်နာရန် သတိပေးချက်ကို ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် တုံ့ပြန်သည့် စာဖြစ် သည်။ ယင်းစာကို အများပြည်သူ သိရှိရန် ကြေညာချက်အဖြစ်လည်း NLD ထုတ်ပြန်ထားသည်။
သတင်းတိုများ

မြန်မာအစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုဟု ဒဲရက် မစ်ချယ်ပြော

မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက အမည်စာရင်း တင်သွင်းခံရသူ ဒဲရက် မစ်ချယ်က မြန်မာအစိုးရနှင့် “တိုက်ရိုက် ပွင့်ပွင့်လင်းလင်း” ဆွေးနွေး ဆွေးနွေးနိုင်ရန် အခွင့်အလမ်းရှာမည်ဟု အမေရိကန် လွှတ်တော် ကြားနာမှုတွင် ပြောဆိုလိုက်သည်။ အမေရိကန်ဘက်ကလည်း ပျော့ပြောင်းစွာ တုံ့ပြန်ရန်လိုပြီး မြန်မာအစိုးရဘက်မှ လမ်းခင်းပေးသည့် အခွင့်အလမ်းကို အလျင်အမြန် ဆုပ်ကိုင်ရန် လိုကြောင်းလည်း ဒဲရက် မစ်ချယ်က ပြောသွားသည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယတို့နှင့် ပူပေါင်းလုပ်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဟု သိရသည်။
သတင်းတိုများ

ဗုံးကွဲမှုများအတွက် ရှမ်းအမျိုးသား ၃ ဦးကို စွပ်စွဲ

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ရှမ်းအမျိုးသား ၃ ဦးကို အစိုးရက စွပ်စွဲထားပြီး ၎င်းတို့၏ အမည်၊ အသက်၊ ပုံပန်းသဏ္ဍန်တို့ကို ဖော်ပြကာ ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ သုံးဦးမှာ အသက် ၂၅ အရွယ်ခန့်ရှိကြသည့် စိုင်းဆမ်၊ စိုင်းအိုက်၊ စိုင်းကျော်မြင့်ဦးတို့ ဖြစ်သည်ဟု ရေးသားထားပြီး မည်သည့် အဖွဲ့အစည်းများနှင့် ပတ်သက်သည်ကိုမူ ဖော်ပြခြင်းမရှိပေ။
သတင်းတိုများ

NLD ၏ လှုပ်ရှားမှုများ အစိုးရကို ဆန့်ကျင်ဟု ဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခံရပြီး ဖြစ်သောကြောင့် NLD ၏ လှုပ်ရှားမှုများသည် ဥပဒေကို ဖောက်ဖျက်ပြီး အစိုးရကို ဆန့်ကျင်ရာရောက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ အကြောင်းကြားစာ ပေးပို့လိုက်သည်။ လှုပ်ရှားမှုများကို ဆက်မလုပ်ရန်နှင့် လူမှုရေးကိစ္စ လုပ်လိုပါက အသင်းဖွဲ့စည်းရန် ပြည်ထဲရေးသို့ လျှောက်ရမည်ဟုလည်း ယင်းပေးစာတွင် ပါသည်ဟု သိရသည်။
သတင်းတိုများ

ရန်ကုန်ရှိ တက္ကသိုလ်များ လုံခြုံရေး တင်းကျပ်

ရန်ကုန်မြို့ မှော်ဘီရှိ နည်းပညာ တက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ် (လှိုင်သာယာ)၊ ဒဂုံ တက္ကသိုလ် နှင့်တခြားသော တက္ကသိုလ်ကျောင်း တချို့၌ လုံခြုံရေး တင်းကျပ်စွာချထား ကြောင်း သိရသည်။ မြို့ကြီး ၃ မြို့၌ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တက္ကသိုလ် ကျောင်းများတွင် ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်ချထားကြောင်း၊ နည်းပညာ တက္ကသိုလ် ကျောင်းဝင်းများထဲသို့ လာရောက်ရာ၌ လူစိမ်း ဧည့်သည်ဖြစ်ပါက စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင် နေကြောင်း ရန်ကုန်ရှိ နည်းပညာ တက္ကသိုလ် ကျောင်းသား တချို့က ဆိုသည်။
သတင်းတိုများ

စီးပွားရေးသမား ၄၂ ဦးကို ဘဏ္ဍာရေး ဒဏ်ခတ်မှု စာရင်းတိုးရေး တိုက်တွန်း

အစိုးရနှင့် နီးစပ်ပြီး စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသည့် စီးပွားရေးသမားများနှင့် ဝါဒဖြန့်သူ၊ အစိုးရလုပ်ရပ်ကို ထောက်ခံသူ ၄၂ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ယင်းတို့၏ စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားသည့် ဘဏ်ဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်မှု ပြုလုပ်ရန် US Campaign for Burma က အမေရိကန် လွှတ်တော်အား တိုက်တွန်းလိုက်သည်။ စီးပွားရေးသမားများထဲတွင် ဦးအောင်ကိုဝင်း၊ ဦးအိုက်ထွန်း၊ ဦးထွန်းနိုင်ရွှေ၊ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး၊ နေရွှေသွေးအောင် စသူတို့ ပါဝင်ပြီး ဝါဒဖြန့်သူ၊ အစိုးရလုပ်ရပ်ကို ထောက်ခံသူများတွင် ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာ နေဝင်းမောင်၊ မြတ်ခိုင်၊ ဇင်ယော်မောင်မောင် စသူတို့ ပါဝင်သည်။
သတင်းတိုများ

မီရှဲလ်ယိုးကို မြန်မာပြည် ၀င်ခွင့်မပြု

ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုးကို မြန်မာ အာဏာပိုင်များက နာမည်ပျက် စာရင်းသွင်း၍ ပြည်ဝင်ခွင့် မပေးတော့ကြောင်း သိရသည်။ မီရှဲလ်ယိုးအား ရန်ကုန်မြို့ နိုင်ငံ တကာ လေဆိပ်မှပင် ပြန်ခိုင်းလိုက်သည်ဟု အမည် မဖော် လို သည့် မြန်မာအရာရှိ တဦး၏ ယနေ့ပြောကြားချက်ကို ကိုးကား ၍ AFP သတင်း၌ ရေးသား ထားသည်။ မီရှဲလ်ယိုးသည် ယမန်နှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းမှာ ပြင်သစ် လူမျိုး ဒါရိုက်တာ Luc Besson က ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရိုက်ကူးသည့် “The Lady” ဟု အမည် ပေးထားသော ရုပ်ရှင်ကား၌ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ထားသည်။
သတင်းတိုများ

အိန္ဒိယသို့ မြန်မာ ၀က်သားတင်သွင်းမှု ရပ်ဆိုင်း

ဝက်နားရွက်ပြာ ရောဂါပြန့်ပွားမှုကို ကာကွယ်သည့် အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ် ပြည်နယ် အင်ဖားမြို့သို့ မြန်မာနိုင်ငံမှ ၀က်သားတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း မဏိပူရ်ပြည်နယ် အစိုးရက ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတွင်း ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားနေရာ အိန္ဒိယနိုင်ငံ၌ ယင်းရောဂါဖြစ်ပွားမှု မတွေ့ရသေးကြောင်း၊ ရောဂါကူးစက်မှုကို ကာကွယ်သည့် အနေဖြင့် မြန်မာနယ်စပ်မှ ၀က်နှင့်ဝက်သား တင်သွင်းမှုကို ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း၊ မဏိပူရ် နယ်စပ်အပြင် အခြားသော နယ်စပ်များမှ ၀က်တင်သွင်းမှုများကို ရပ်ဆိုင်းထားကြောင်း မဏိပူရ်အစိုးရ တာဝန်ရှိသူက ဆိုသည်။
သတင်းတိုများ

မန္တလေးတွင် တရုတ်နှင့် မြန်မာအချင်းများ

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကျောက်မျက် အရောင်းအဝယ် ဈေးကွက်အတွင်း မြန်မာနှင့် တရုတ်တို့ အချင်းများရာမှ ရန်ပွဲဖြစ်လာ သောကြောင့် ထိုလမ်းကို ရဲများက ပိတ်ထားလိုက်ကြောင်း သိရသည်။ မဟာအောင်မြေ အမှတ် ၇ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ယင်းသို့ ဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။ ယင်း ပြဿနာကြောင့် ရဲကား ၇ စီး၊အချုပ်ကား ၁ စီးကို လုံခြုံရေး ချထားကြောင်းလည်း မျက်မြင်သက်သေများက ပြောသည်။
သတင်းတိုများ

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု လုံခြုံရေး စိတ်ချရရန် လို

ထိုင်းကုမ္ပဏီများက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၌ ရင်းနှီးမြှုပ်နှံကြရာတွင် ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လုံခြုံတည်ငြိမ်ရေးကိစ္စများကို သေချာအောင် ပြန်လည်စိစစ်ရန်လိုသည်ဟု ထိုင်း PTT ကုမ္ပဏီက ပြောဆိုလိုက်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံနေသည့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ပူးတွဲရင်းနှီးမြှုပ်နှံရေးတွင် အလားအလာရှိနေသော PTT ကုမ္ပဏီမှ အကြံပေးပုဂ္ဂိုလ်က ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၅၀ ဖိုး ဖျက်ဆီး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ် မြန်မာအစိုးရက ဖမ်းဆီးရမိထားသော ဘိန်းနှင့် မူးယစ်ဆေးဝါး ဒေါ်လာ သန်း ၅၀ ကျော်ဖိုးကို မီးရှို့ဖျက်ဆီးကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဘိန်းအများဆုံး ထွက်ရှိရာ ဒေသဖြစ်နေပြီး ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။
သတင်းတိုများ

ကချင်ဒေသ တိုက်ခိုက်မှုများအပေါ် အမေရိကန်စိုးရိမ်

အစိုးရစစ်တပ်က မြန်မာပြည်မြောက်ပိုင်း ဒေသ၌ ကချင် လက်နက်ကိုင်တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းအား ရပ်တန့်ရန် အမေရိကန်က ထပ်မံတောင်းဆိုလိုက်သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ နယ်မြေများမှ ထိခိုက်သေကြေ ပျက်စီးမှုများ၊ ဒုက္ခသည် ထောင် နှင့် ချီ၍ ထွက်ပြေး တိမ်းရှောင်ရမှုများ၊ ဒေသခံ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများအပေါ် စိုးရိမ်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ Victoia Nuland က သောကြာနေ့က ပြောကြားသည်ဟု AP သတင်းတွင် ရေးသားထားသည်။
သတင်းတိုများ

မန္တလေးတွင် ဒုတိယမြောက် ဗုံးကို ရှင်းလင်းနိုင်

မန္တလေးမြို့ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၄ လမ်းမကြီးပေါ်ရှိ စိန်စပယ်ဖူး ရွှေဆိုင်အနီးတွင်  ညနေ ၃ နာရီကျော်က ဒုတိယမြောက် ဗုံးတလုံးကို တွေ့ရှိပြီးနောက် အချိန်မီ ရှင်းလင်းနိုင်လိုက်ကြောင်း သိရသည်။ ပထမအကြိမ်တွင် ဈေးချိုတော် ဟိုတယ်ရှေ့၌ ပေါက်ကွဲ ခဲ့ပြီး ယခု ဒုတိယမြောက် ဗုံးကို အမှိုက်ပုံတွင် တွေ့ရှိရခြင်းဖြစ်သည်။
သတင်းတိုများ

ပြင်ဦးလွင်တွင်လည်း ဗုံးပေါက်ကွဲ၊ အိမ်တလုံးပြို

မေမြို့တွင်လည်း ယနေ့ နေ့လယ်က ဗုံးကွဲကြောင်း သတင်းရရှိသည်။ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးက ပြင်းထန်သဖြင့် အိမ်တခုလုံး ပြိုကျသွားသည်ဟု သိရသည်။
သတင်းတိုများ

မန္တလေးနှင့် နေပြည်တော်တွင် ဗုံးကွဲ

မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ်ရှေ့တွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ကားဗုံးတလုံး ပေါက်ကွဲသည်။ တချိန်းတည်းမှာပင် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ နေအိမ်တလုံးတွင်လည်း ဗုံးတလုံးပေါက်ကွဲသည်။ မန္တလေးဗုံးကြောင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသော်လည်း နေပြည်တော်ဗုံးနှင့် ပတ်သက်၍ အထိအခိုက်စာရင်းကို အတိအကျ မသိရသေးပေ။
Page 13 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်