သတင်းတိုများ

သတင်းတိုများ

ရခိုင် မဟာမုနိ ဘုရားကြီးအလှူငွေများ စစ်တပ်ချယ်လှယ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ဓည၀တီမြို့ဟောင်း၌ တည်ရှိသော မဟာမုနိဘုရားကြီး၏ နေ့စဉ် ကျပ်ငွေ သိန်းချီ ရရှိသော အလှူငွေများကို ဒေသခံ စကခ (၉) စစ်တပ်၏ တပ်မမှူးထံ အပ်နှံနေရကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။ ဘုရားကြီး၏ ဂေါပကအဖွဲ့ကို စစ်တပ်က ချုပ်ကိုင်ထားပြီး ဘုရားကြီးတခုလုံး၏ ကိစ္စမှန်သမျှကို တပ်မမှူးက ချယ်လှယ်နေကြောင်း၊ ဒေသခံများက ရိုသေလေးစားသူများကို ဂေါပကအဖွဲ့အဖြစ် တင်မြှောက်ပိုင်ခွင့်မရှိဘဲ စစ်တပ်က တင်မြှောက်သော ဂေါပက အဖွဲ့ကို ၃ လ တကြိမ်ခန့်ထားကြောင်း သိရသည်။
သတင်းတိုများ

လူမှုရေးလုပ်သူများ သတိပေးခံရ

ရန်ကုန်တိုင်း သန်လျင်မြို့မှ တသီးပုဂ္ဂလ အမတ်လောင်း ဦးဝင်းကိုကိုဝင်းနှင့်အဖွဲ့အား လူမှုရေးလုပ်ငန်းများ ဆက်မလုပ်ရန် အာဏာပိုင်များက သတိပေး တားမြစ်သည်ဟု သိရသည်။ ၎င်းတို့အဖွဲ့သည် ရွေးကောက်ပွဲနောက်ပိုင်းတွင် သွေးလှူခြင်း၊ ကျောင်းနေအရွယ် ကလေးများအား ထောက်ပံ့ခြင်း စသည့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပြီး မကြာသေးခင်က ဘုန်းတော်ကြီး ပညာသင်ကျောင်း တကျောင်းအား သွားရောက်လှူဒါန်းစဉ် သတိပေးခံရခြင်း ဖြစ်သည်။ အလားတူ တောင်ဥက္ကလာပ မြို့နယ်ရှိ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာစောနိုင်အားလည်း လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် လူငယ်ကွန်ယက် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အာဏာပိုင်များက ခေါ်ယူမေးမြန်းခဲ့ကြောင်းသိရသည်။
သတင်းတိုများ

ဇာဂနာကို ဗြိတိန် အနုပညာရှင်အဖွဲ့ ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် သတ်မှတ်

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော စွယ်စုံ အနုပညာရှင် လူမှုကူညီရေး ဆောင်ရွက်သူ လူရွှင်တော် ဇာဂနာအား ဗြိတိန် နိုင်ငံမှ အနုပညာ ရှင်ပေါင်း သုံးသောင်း ကျော် ပါဝင်တဲ့ Equity အဖွဲ့၏ ရာသက်ပန် ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ လူရွင်တော် ဇာဂနာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဂျာမနီနိုင်ငံ ဘရီမင်မြို့၏ သွေးစည်း ညီညွတ်ရေးဆုကို ချီးမြှင့်ခံခဲ့ရသည်။
သတင်းတိုများ

ညောင်ရွှေ ၌ မြေသိမ်းမှုဖြစ်

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ခေါင်တိုင်ရွာသား ၅၀ ခန့်ထံမှ ဟိုပင် ဟိုတယ်က၂၀၀၇ ခုနှစ်တွင် ကိုင်းခြံမြေဧက ၁၈ ဧက ခန့်ကို သိမ်းဆည်းခဲ့ရာ ထိုကိုင်းမြေများ၌ ပြန်လည် စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားထား ကြောင်း သိရသည်။ ခေါင်တိုင်ရွာသား ၁၄ ဦး လက်မှတ်ထိုးကာ ယခုလ ၁၇ ရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင် ဆိုသူက ပြောသည်။ ထိုတိုင်ကြားစာကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ် ၀န်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) စသည်တို့ အပြင် စုစုပေါင်း ၁၈ ဌာသို့ မိတ္တူ ပေးပို့ထားသည်ဟု သိရှိရသည်။
သတင်းတိုများ

ရခိုင်ပြည်နယ် ရေလုပ်ငန်း လေလံ မကျေနပ်မှုများဖြစ်ပေါ်

ရခိုင်ပြည်နယ် အစိုးရသစ်သည် ရခိုင်ပြည်နယ်ရှိ ပင်လယ်ပြင်နှင့် မြစ်ချောင်း အင်းအိုင်များအား မေလ ၈ ရက်၊ ၉ ရက်နေ့တွင် လေလံစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့်အပေါ် လေလံဆွဲသူများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ လေလံဈေးနှုန်း ယခင်နှစ်ထက် ၃ ဆ ကျော်တိုးမြှင့်ခြင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ စစ်တပ် ရန်ပုံငွေ အတွက်ပါ လေလံလုပ်ငန်းရှင် တဦးလျှင် ကျပ် သိန်း၂၀၀ ပေးဆောင်ရခြင်းများကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု လေလံ လုပ်ငန်းရှင် တချို့က ပြော သည်။ ကျပ်သိန်း ၂၀၀ တောင်းခံရာ၌ ပြည်နယ် အစိုးရအတွက်ဟု အမည်ခံကြောင်း သိရသည်။
သတင်းတိုများ

မစ္စတာ ဂျိုးဇက် ၀ိုင်ယွန်းနှင့် NLD ခေါင်းဆောင်များတွေ့

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့နိုင်ငံရေး နှင့် ပတ်သက်၍ ဆွေးနွေး ကြသည်။ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်ပြီး ယမန် နေ့ကလည်း ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
သတင်းတိုများ

မြ၀တီတွင် ဗုံးကွဲ

ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့နံနက် ၈ နာရီကျော်က ဗုံးတလုံးပေါက်ကွဲကြောင်း သိရသည်။ ပေါက်ကွဲမှုသည် မြ၀တီမြို့ရှိ စာတိုက်အနီး၌ ဖြစ်ပြီး စာတိုက် အဆောက်အအုံ အနည်းငယ် ပျက်စီးသည်မှအပ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဒေသခံတဦးက ပြောသည်။ ယမန်နှစ် သြဂုတ်လဆန်းပိုင်းကလည်း မြ၀တီ မြို့ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားရာ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရဖူးသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားမည်

သမ္မတ ဦးသိန်းစိန်သည် မေလ ၂၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် အရေးပါသော ခရီးစဉ်ဖြစ်ကြောင်း မြန်မာ အစိုးရအရာရှိ တဦးကို ကိုးကား၍ AFP သတင်းက ဖော်ပြသည်။ ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင် မည်သည့် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကိုမူ မသိရသေးပေ။
သတင်းတိုများ

အိန္ဒိယက ဖမ်းထားသည့် တော်လှန်ရေးသမား ၃၁ ဦး လွှတ်မည်

ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက်မှ ၃၁ ဦးကို အိန္ဒိယအစိုးရက ၁၂ နှစ်ကျော်ကြာထိန်းသိမ်းထားရာမှ လာမည့် မေ ၁၉ ရက်တွင် ကွင်းလုံးကျွတ် လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကျန် ၃ ဦးမှာမူ ပို့တ် ဘလဲ ကျွန်းတွင် အကျယ်ချုပ် နေ ထိုင်စဉ်က ရှိထားခဲ့သော တရားရေးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရဦးမည်ဟု သိရသည်။ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် လျှို့ဝှက်သဘောတူညီချက်အရ လန်းဖောကျွန်းသို့ရောက်လာသော ၎င်းအဖွဲ့ကို အိန္ဒိယအစိုးရက ထိန်းသိမ်းခဲ့ပြီး ခေါင်းဆောင် ၆ ဦး ကို သတ်ဖြတ်ကာ ကျန်သူများကို ကာလကတ္တားအကျဉ်းထောင်တွင် နှစ်ကြာရှည်စွာ တရား ရင်ဆိုင်စေခဲ့သည်။
သတင်းတိုများ

အမေရိကန် အဆင့်မြင့်အရာရှိ မြန်မာပြည် ရောက်ရှိ

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ လာရောက်လာသည်။ အစိုးရ ခေါင်းဆောင်းပိုင်း အပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။ မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် မြန်မာနိုင်ငံတွင် ၄ ရက်ကြာ နေထိုင်ကာ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ အစိုးရသစ် တက်ပြီးနောက် အမေရိကန် အဆင့်မြင့် အရာရှိတဦး ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။
သတင်းတိုများ

သစ္စာဂျာနယ် ၂ ပတ်ပိတ်ခံရသည့်ကိစ္စ RSF ရှုတ်ချ

သမ္မတသစ် ဦးသိန်းစိန်က မီဒီယာ အခန်းကဏ္ဍအား အလေးထားမည်ဟု ပြောဆိုခဲ့သော်လည်း မကြာသေးမီက True News (သစ္စာ သတင်း) ဂျာနယ် ထုတ်ဝေခွင့် ၂ ပတ် ရပ်နား အရေးယူလိုက်ခြင်းအပေါ် နယ်စည်းမခြား သတင်းထောက် များအဖွဲ့ (RSF) က ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်သည့် တင်းကျပ်သော ဥပဒေများ အကြောင်း၊ အစိုးရ ပြောင်းသည့်တိုင် စာပေ လွတ်လပ်ခွင့် လုံးဝ အပြောင်းအလဲ မတွေ့ရသေးကြောင်း ရေးသားထားသည်။
သတင်းတိုများ

အကျဉ်းကျများကို ပြစ်ဒဏ်လျှော့ လွတ်ငြိမ်းသက်သာခွင့်ပေးမည်

အစိုးရသစ်က နိုင်ငံတ၀န်းရှိ ထောင်များတွင် အကျဉ်းကျခံနေရသူအားလုံးကို ထောင်ဒဏ် ၁ နှစ် လျှော့ပေါ့ပေးမည်ဖြစ်ပြီး သေ ဒဏ် ချမှတ်ခံထားရသူများကို တသက်တကျွန်း ပြစ်ဒဏ်သို့ လွတ်ငြိမ်းခွင့် ပေးမည်ဖြစ်ကြောင်း ယနေ့ ညနေတွင် အစိုးရပိုင် မြ၀တီ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ကြေညာသည်။
သတင်းတိုများ

ပြည်ထဲရေးဝန်ကြီးဟောင်း အာဏာဆက်ပြ

ကြံ့ဖွံ့ပါတီ၏ ရခိုင်ပြည်နယ်တာဝန်ခံ ပြည်ထဲရေးဝန်ကြီးဟောင်းနှင့် ရခိုင်ပြည်နယ် တိုင်းမှူးဟောင်း ဦးမောင်ဦးသည် ၎င်း၏ စည်းရုံးရေး အစည်းအဝေးအား တက်ရောက်ခြင်းမရှိသည့် မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဦးအား မေလ ၁၄ ရက်နေ့က အလုပ်ဖြုတ်လိုက်ကြောင်း နရိဉ္စရာ သတင်းတွင် ရေးသားထားသည်။ အစိုးရ အဖွဲ့ဝင် မဟုတ်တော့သည့်တိုင် အာဏာပြနေဆဲဖြစ်သော ကြံ့ဖွံ့ပါတီဝင် ဦးမောင်ဦး၏ လုပ်ရပ်အား ဒေသခံများကအမျိုးမျိုး ဝေဖန်နေကြကြောင်း သိရသည်။
သတင်းတိုများ

ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်ရှု ရရှိ

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးအနက် အကျဉ်းကျ သံဃာတော်နှင့် သီလရှင်များကို ထောင်ဝင်စာ တွေ့ပေးနေသည့် ဒေါ်ရှုအား မဲအများဆုံးဖြင့် ယမန်နေ့က ရွေးချယ်လိုက်သည်။ နိုင်ငံပေါင်း ၄၀ မှ မဲဆန္ဒရှင် ၂ သိန်းခွဲကျော်က မဲပေးခဲ့ကြကြောင်း သိရသည်။ ယခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမေရိကန် ဒေါ်တာ ၁ သောင်းအထိ တိုးမြှင့် ဆုချီးမြှင့်မည်ဟု သိရှိရသည်။
သတင်းတိုများ

အရှင် ဂမ္ဘီရတို့ နိုင်ငံရေး အကျဉ်းသား ရပိုင်ခွင့် တောင်းဆို

စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော အရှင်ဂမ္ဘီရနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပု အပါအ၀င် နိုင်ငံရေးအကျဉ်းသားများက ဆုံးရှုံးနေသော ထောင်တွင်း အခြေခံ ရပိုင်ခွင့်များပေးရန် အစိုးရထံ တောင်းဆိုလိုက်သည်။ အချက် ၆ ချက်ပါ အဆိုပါတောင်းဆိုချက်များကို အကျဉ်းဦးစီးဌာနမှ တဆင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတတို့ထံနှင့် ကုလသမဂ္ဂ၊ အာရှလူ့အခွင့်အရေးကောင်စီ စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ပါ တပတ်တကြိမ် ပေးပို့မည်ဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ တောင်းဆိုချက်များ မရပါက အစာငတ်ခံ ဆန္ဒပြကြမည်ဟု သိရသည်။
သတင်းတိုများ

ရတနာပုံ အင်တာနက် ၅ နာရီကြာ ရပ်ဆိုင်းမည်

ယနေ့ည ၁၂ ရီမှ နောက်တနေ့ မနက် ၅ နာရီအထိ ရတနာပုံ တယ်လီပို့ အင်တာနက် ဝန်ဆောင်မှုများ ၅ နာရီကြာ ခေတ္တရပ်ဆိုင်းမည်ဟု ရတနာပုံ တယ်လီပို့မှ အကြောင်းကြားကြောင်း ပြည်တွင်းမှ အင်တာနက်ဆိုင်များက ပြောသည်။ ယင်းသို့ ရပ်ဆိုင်းထားရခြင်းမှာ မြန်မာ့ စာတိုက်နှင့် ကြေးနန်း (MPT) လက်အောက်မှ ဟံသာဝတီ နိုင်ငံတကာ Gateway ရှိ ပင်မ ကွန်ရက် ထိန်းသိမ်းပြုပြင်ရန် လိုအပ်သောကြောင့် ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အဓိက အင်တာနက် ဆာဗာ နှစ်ခုရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ ဖြစ်သည်။
သတင်းတိုများ

NLD အဖွဲ့ဝင် လူငယ်များကို အခမဲ့ ပညာသင်ပေးမည်

NLD က ဆယ်တန်း ဖြေဆိုမည့် အဖွဲ့ဝင်လူငယ်များကို လာမည့် ဇွန်လပိုင်းမှ စတင်၍ အခမဲ့ ပညာ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ လူငယ်များ နိုင်ငံရေး လုပ်ဆောင်ရာ၌ ပညာရေးပိုင်း အားမနည်းစေရန်ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင် မှုဖြင့် စီစဉ်ခြင်း ဖြစ်ကြောင်း၊ လတ်တလော၌ သင်ကြားမည့် လူငယ် ၃၀ ခန့်ရှိပြီး NLD မှ ဆရာ၊ ဆရာမ များက သင်ကြားပေးရန် စီစဉ်ထားကြောင်း NLD က ပြောသည်။
သတင်းတိုများ

ကုလအထူးကိုယ်စားလှယ်နှင့် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ယမန်နေ့က ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးသည်။ မစ္စတာ နမ်ဘီယာသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအပါအဝင် နိုင်ငံရေး ၁၀ ပါတီကိုလည်း မေလ ၁၃ ရက်နေ့၌ တွေ့ဆုံရန် အစီအစဉ်ရှိသည်။
သတင်းတိုများ

ဂီရိ ဒဏ်သင့် ကျေးရွာတချို့ ကချင်ကို ရွှေ့

ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေးသင့်ဒေသများဖြစ်သော မင်းပြားမြို့နယ်နှင့်ပေါက်တောမြို့နယ်တို့မှ ကျေးရွာ တချို့သည် ကချင်ပြည်နယ် ဖားကန့်ဒေသ၊ တနိုင်းဒေသ ရှိ ယုဇန ဦးဌေးမြင့်ပိုင်ဆိုင်သော ပီလောပီနံစိုက်ခင်းများ၌ လုပ်ကိုင်ရန် ရွာလုံးကျွတ်ပြောင်းရွှေ့ သွားကြကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့ရခြင်းမှာ ၎င်းတို့လုပ်ကိုင်စားသောက်ရာ မြစ်ချောင်း အင်းအိုင် များကို ပြည်နယ်အစိုးရသစ်က လေလံစနစ်ဖြင့် လုပ်ဆောင်လိုက်ခြင်းနှင့် ဂီရိကြောင့် ပျက်စီးသွားသည့်လယ်မြေများကို လုပ် ကိုင် နိုင်မှု မရှိတော့ခြင်းကြောင့် ဟု ဒေသခံများက ဆိုသည်။
သတင်းတိုများ

စာရေးဆရာ နတ်နွယ် ကွယ်လွန်

စာရေးဆရာ နတ်နွယ် (၇၈)နှစ် သည် ယနေ့ နံနက် ၁၁ နာရီ ခန့်က အမှတ် ၄၈ ရပ်ကွက် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေ အိမ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။ အမည်အရင်း ဦးလှမြင့် ခေါ် ဆရာနတ်နွယ်သည် မြစ်ကြီးနား ဇာတိဖြစ်ပြီး ၁၉၅၀ ခုနှစ်ခန့်မှ စတင်၍ စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး ပင်ကိုရေးနှင့် ဘာသာပြန်စာပေများကို ရေးသားခဲ့သည်။ ဆရာ ရေးးသားခဲ့ သည့် ထင်ရှားသော စာအုပ်များမှာ မြန်မာပြည် မြောက်ပိုင်း၊ တံခွန်တိုင်မောင်နှမ၊ အပြာအ၀ါ၊ တစ်ကွေ့တော့ တွေ့ကြဦးမည်၊ ကာရာမာဇော့ ညီအစ်ကိုများ၊ မိုဗီဒစ်၊ ဂျက်လန်ဒန် စသည့် ၀တ္တုများ ရေးသားခဲ့ပြီး၊ စာရေးဆရာမင်းကျော်နှင့်လည်း တွဲဖက်၍ မလိခ အမည်ဖြင့် မြန်မာဝတ္တု အညွန်းကို ရေးသား ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် နွယ်နီ မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။
Page 17 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်