သတင်းတိုများ

သတင်းတိုများ

စစ်တကောင်းဒေသတွင် အဓိကရုဏ်းဖြစ်ပွား

ဧပြီ ၁၇ ရက်နေ့ နှစ်ဆန်း ၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်း ဒေသ၌ ဒေသခံ ဗုဒ္ဓဘာသာဝင် သက်၊ မရမာ လူမျိုးများနှင့် မြေပြန့်ဒေသမှ ရောက်ရှိလာသော အစ္စလမ်ဘာသာဝင်များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ဒေသခံ ၃၀၀ ကျော် ပျောက်ဆုံးနေကြောင်း၊ ဗုဒ္ဓဘာသာဝင်များ နေထိုင်သည့် ကျေးရွာ ၄ ရွာနှင့် ဘုန်းတော်ကြီး ကျောင်း တကျောင်း မီးရှို့ခံခဲ့ရကြောင်း၊ ဘင်္ဂလားစစ်တပ်က ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း သိရသည်။ ထိုဒေသ၌ အခြေချ နေထိုင်ရန်ရောက်ရှိလာသော အစ္စလမ်ဘာဝင်များက ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ လယ်မြေများကို အတင်းဝင်ရောက် လုပ်ကိုင်ရာမှ မကျေနပ်ကြဘဲ အထိကရုဏ်း စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သတင်းတိုများ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှု စတင်

ယမန်နေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှစ၍ NLD နှင့် ပြည်တွင်းမှ ဒီမိုကရေစီအရေး လှုပ်ရှားသူများက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုမှုကို စတင်လိုက်သည်။ တောင်းဆိုချက်နှင့် လက်မှတ်များကို သမ္မတ ဦးသိန်းစိန်ထံ ဧပြီလ ၂၂ ရက်နေ့တွင် ပေးပို့မည်ဟု သိရသည်။
သတင်းတိုများ

အမေရိကန်က လျာထားသည့် ကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပြုသဘောမြင်

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်က စေလွှတ်ရန် အဆိုပြုထားသည့် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ် အပေါ် မျှော်လင့်ချက်ထားကြောင်း၊ သတိရှိရှိဖြင့် အပြုသဘောမြင်ကြောင်း ပြောသည်။ မစ္စတာ ဒဲရစ် မစ်ချယ်၏ တာဝန်အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်းရေးတွင် ချောမွေ့ရန်နှင့် တတ်နိုင်သမျှ မြန်ဆန်မှု ရှိစေရန်ဖြစ်သည်ဟု မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်ဟု အေပီသတင်းတပုဒ်တွင် ဖော်ပြထားသည်။
သတင်းတိုများ

၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူးယူရန် မြန်မာပြင်ဆင်

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မေလ ၇ နှင့် ၈ တွင် ကျင်းပမည့် စည်းဝေးပွဲ၌ မြန်မာအနေဖြင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူး ယူရေး မယူရေးကို အာဆီယံနိုင်ငံများက ဆုံးဖြတ်ကြဖွယ်ရှိကြောင်း The Nation သတင်းစာတွင် ရေးသားထားသည်။ ၂၀၀၄ ခုနှစ်တွင် မြန်မာစစ်အစိုးရက ပြည်တွင်းရေးရာ ကိစ္စများကြောင့်ဟု အကြောင်းပြကာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ငြင်းပယ်ခဲ့သည်။
သတင်းတိုများ

ချင်းမိုင်၌ မြန်မာ့ရိုးရာ သင်္ကြန်နှင့် ယဉ်ကျေးမှုပြိုင်ပွဲကျင်းပမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမအကြိမ် မြန်မာ့ရိုးရာ သင်္ကြန်ရေသဘင်ပွဲတော်အား ချင်းမိုင်ရောက် မြန်မာနိုင်ငံသားများ၊ အနုပညာရှင်များက သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့တွင် သင်္ကြန်သီချင်းများ၊ ရိုးရာအကများဖြင့် ချင်းမိုင်မြို့ကို လှည့်လည် ဖျော်ဖြေကြမည်ဖြစ်သည်။ ဧပြီ ၁၁ ရက်နေ့ကလည်း ချင်းမိုင်တက္ကသိုလ် ပန်းချီပြတိုက်တွင် မြန်မာနိုင်ငံသား များက သင်္ကြန်အကြို ဖျော်ဖြေပွဲကျင်းပခဲ့သည်။ ဧပြီ ၁၃ ရက်နေ့တွင်ပင် ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားများက ရိုးရာ ၀တ်စုံ၊ သီချင်းများသီဆိုကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အားလှည့် ယာဉ်ပြိုင်မည်ဖြစ်ပြီး အကဲဖြတ်အဖွဲ့များက အမှတ်ပေး စနစ်ဖြင့် အမှတ်ပေး ကာ ဆုရရှိသည့်အဖွဲ့ကို ဆုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

မြန်မာဒုက္ခသည် ၁ သိန်းကို ထိုင်းက ပြန်ပို့ရန် ဆွေးနွေး

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများရှိ မြန်မာဒုက္ခသည် ၁ သိန်းကို ပြန်ပို့ရန် ထိုင်းအစိုးရက မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း သိရသည်။ မည်သည့်အချိန်တွင် ပြန်ပို့မည်ကို အတိအကျ မသိရသော်လည်း ဒုက္ခသည်စခန်းများကို ပိတ်ပစ်မည်ရန် အစီအစဉ်ရှိသည်ဟု ထိုင်းအရာရှိတဦးကို ကိုးကား၍ သတင်းများက ဖော်ပြသည်။ ထိုင်းမြေပေါ်တွင် အနှစ် ၂၀ ကြာ ရောက်ရှိနေကြသော မြန်မာဒုက္ခသည်များကို ကြည့်ရှုစောင့်ရန် ထိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောထားသေးသည်။
သတင်းတိုများ

မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး စုံစမ်းရန် တောင်းဆို

မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတို့ ၏ ဆက်ဆံရေး တိုးမြှင့်နေမှုနှင့် ပတ်သက်ပြီး လွှတ်တော်သို့ စုံစမ်းတင်ပြရန် အမေရိကန် အထက် လွှတ်တော်အမတ် ရစ်ချတ် လူဂါ (Richard Lugar) က သမ္မတ အိုဘားမားကို တိုက်တွန်းတောင်းဆိုလိုက်သည်။ မြောက်ကိုရီးယားက မြန်မာကို စစ်လက်နက် ပစ္စည်း အပါအ၀င် နည်းပညာများ ပေးအပ်နေသည့် လုပ်ရပ်ကို မျက်ချည်မပြတ် အသေးစိတ် သိရှိရန် အာရုံစိုက်သင့်သည်ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဝင် ရီပတ်ဘလစ်ကန် အမတ် ရစ်ချတ် လူဂါ က ပြောဆိုကြောင်းလည်း သိရသည်။
သတင်းတိုများ

စင်္ကာပူက မြန်မာကို ဆက်လက် ထောက်ပံ့မည်

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုးက လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံကို ဆက်လက် အထောက် အပံ့ပြုသွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ၏ အရှေ့အာရှဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ အ လွတ်သဘောတွေ့ဆုံရာတွင် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်အား မစ္စတာ ဂျော့ယိုး က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ လုပ်မည်

သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလတွင် သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာများကိုလည်း ဖိတ်ကြားမည်ဟု သိရသည်။
သတင်းတိုများ

မဏ္ဍပ်ကြီးများတွင် ရေကစားမည့်သူ နည်းပါး

ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်ကြီးများတွင် CCTV လုံခြုံရေးကင်မရာများကို ကျပ်သိန်း ၅၀ အထိ အကုန်အကျခံ တပ်ဆင်နေသည့်တိုင် ရေကစားရန် စာရင်းသွင်းသူ နေပါးနေကြောင်း သိရသည်။ ယမန်နှစ်က မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့သောကြောင့် လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာ ရခဲ့သည်။
သတင်းတိုများ

ငလျင်ဒဏ်ခံဒေသတွင် ဝမ်းရောဂါ စဖြစ်

ငလျင်ဒဏ်ခံ ရှမ်းပြည်အရှေ့ပိုင်းတွင် သန့်ရှင်းသော သောက်ရေ မရမှုနှင့် ယင်လုံအိမ်သာများ ပျက်စီးခဲ့မှုကြောင့် ဒေသခံ ၉၆ ဦးတွင် ဝမ်းရောဂါ စတင်ဖြစ်ပွားနေပြီး ၄၈ ဦးမှာ စိုးရိမ်ရသော အခြေအနေရှိကြောင်း ပြည်တွင်းမီဒီယာတခုက ဖော်ပြသည်။ ငလျင်ကြောင့် ရေပိုက်လိုင်းများ ပျက်စီးကုန်ပြီး ရေကန်များမှ ရေများလည်း နောက်ကျိကာ အမှိုက်များကြောင့် အနံ့အသက် ဆိုးဝါးနေကြောင်း၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ရေသန့်ဆေးပြားနှင့် အိမ်သာသုံးပစ္စည်းများ ထောက်ပံ့ပေးနေကြောင်း သိရသည်။
သတင်းတိုများ

နယ်စပ်ဖြတ်ကျော်သည့် ကနေဒါနိုင်ငံသား ပြည်နှင်ဒဏ် ခံရနိုင်

ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ မတ်လ ၂၃ ရက်နေ့က ဝေါ်လေဒသတွင် ဓာတ်ပုံဝင်ရိုက်ခဲ့သော အသက် ၆၁ နှစ်အရွယ် ကနေဒါနိုင်ငံသာ မစ္စတာ ရွန် ဇက်ရက်စကီသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။ ဘန်ကောက်ရှိ ကနေဒါသံရုံး နိုင်ငံခြားရေးဌာနက မစ္စတာ ရွန် အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် ကနေဒါသံရုံးမရှိသဖြင့် သြစတေးလျသံရုံးက အကူအညီပေးနေပြီး မစ္စတာ ရွန်သည် ပြည်နှင်ဒဏ် ပေးခံရဖွယ်ရှိကြောင်း သိရသည်။
သတင်းတိုများ

ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသည့် မြန်မာများကို ပြန်ဖမ်း

မလေးရှားရှိ ဒုက္ခသည် ထိန်းသိမ်းရေးစခန်း ဆူပူမှုဖြစ်ပြီး ၁၀၉ ဦး လွတ်မြောက်သွားရာမှ ၇၆ ဦးကို ပြန်လည် ဖမ်းဆီးလိုက်ပြီး ကျန် ၃၃ ဦးကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။ ဖမ်းမိသူအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ယင်းတို့ကို ပြည်နှင်ဒဏ်ပေးဖွယ်ရှိကြောင်း သတင်းများက ဖော်ပြသည်။ ထိန်းသိမ်းရေးစခန်းတွင် လူများပြည့်ကြပ်နေပြီး ကြာရှည် ဖမ်းဆီးထားမှုကြောင့် မြန်မာများ အပါအဝင် လူ ၁ ထောင်ကျော်သည် စခန်းကို မီးရှိုးကာ အကာအရံများကို ချိုးဖျက် ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ကျောက်မီးသွေးတွင်းလုပ်ငန်း DKBA၊ KNU ပတ်သက်နေ

ကျောက်မီးသွေးများ တူးဖော်ရန် အတွက် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်းရှိ ဖလူးနှင့် ချောင့်ခက် ဒေသများတွင် မြန်မာနှင့် ထိုင်းကုမ္ပဏီနှစ်ခုက DKBA ၊ KNU စသည့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နားလည်မှုယူ၍ လုပ်ငန်းများ စတင် လုပ်ကိုင်လျှက်ရှိသည် ဟုသိရသည်။ ယင်း ကျောက်မီးသွေး တူးဖော်မှုလုပ်ငန်းကို ထိုင်းနိုင်ငံမှ Dynamic Energy Enterprise Co.,Ltd. Thailand နှင့် မြန်မာနိုင်ငံမှ Seintharaphu Gem Co.,Ltd ကုမ္ပဏီတို့က လုပ်ကိုင်ခြင်းဖြစ်ပြီး၂၀၁၀ နှစ်ကုန်ပိုင်းက ၁၀ နှစ်သက်တမ်းရှိ လုပ်ငန်းသဘောတူညီချက်အား ရန်ကုန်မြို့တွင် စာချုပ်ချုပ်ဆိုခဲ့ကြ သည်ဟု မြန်မာလုပ်ငန်းရှင် တဦးက ပြောသည်။
သတင်းတိုများ

ဖိလစ်ပိုင်က မြန်မာငလျင်အတွက် ငွေလှူ

ဖိလစ်ပိုင်နိုင်ငံက ရှမ်းပြည်အရှေ့ပိုင်းငလျင် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၅ သောင်း လှူဒါန်းသည်။ စစ်အစိုးရသတင်းစာက ငလျင်ကြောင့် သေဆုံးသူ ၇၃ ဦးဟု စာရင်းထုတ်ပြန်ထားသော်လည်း ဒေသခံများနှင့် အကူအညီပေးနေသူများ၏ ပြောကြားချက်အရ လူ ၃၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
သတင်းတိုများ

နယ်စပ်ဒေသ တည်ငြိမ်ရေး တရုတ်မျှော်လင့်

တရုတ်ထိပ်တန်း အကြံပေး မစ္စတာ ကျာ ချင်းလင်သည် ယမန်နေ့က သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံသည်။ မစ္စတာ ကျာ ချင်းလင်က မြန်မာအစိုးရသစ်အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် တည်ငြိမ်သည့် ပတ်ဝန်းကျင် ဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်း ဦးသိန်းစိန်ကို ပြောသည်။ တရုတ်တပြည်ထောင်တည်း မူဝါဒကို မြန်မာအစိုးရသစ်က ဆက်လက်ကိုင်စွဲခြင်းကိုလည်း အလေးထားကြောင်း မစ္စတာ ကျာ ချင်းလင်က ဆိုသည်။
သတင်းတိုများ

မဟာချိုင် ကားတိုက်မှု၊ မြန်မာများ သေဆုံး

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်တွင် ယနေ့နံနက်က အလုပ်သမား ကြိုပို့ကားကို ဆယ်ဘီးကားကြီး တစီးက ဝင်တိုက်မိသဖြင့် ကားပေါ်ပါ မြန်မာ အနည်းဆုံး ၉ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရကြောင်း သိရသည်။ ပုဇွန်စက်ရုံသို့အသွားတွင် ကားကြီးက အနောက်မှ ဝင်တိုက်မိခြင်းဖြစ်ပြီး အခြေအနေဆိုးရွားကြောင်း မျက်မြင်များက ပြောသည်။
သတင်းတိုများ

ဦးသိန်းညွန့်နှင့်အဖွဲ့ NDF မှ ခွဲထွက်

ဦးသိန်းညွန့် ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ် ၄ ဦးပါအဖွဲ့သည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ ခွဲထွက်ကြောင်း မတ်လ ၂ ရက်နေ့က ကြေညာသည်။ အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်ပါတီအဖြစ် ပြန်လည် ထူထောင်ပါက ပူပေါင်းရန်ဆန္ဒရှိကြောင်းလည်း ပြောသည်။
သတင်းတိုများ

မြန်မာအတွက် အထူးကိုယ်စားလှယ် အမေရိကန် ခန့်မည်

အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမေရိ ကန် နိုင်ငံ အာရှနှင့် ပစိဖိတ်ရေး ဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီး Mr. Derek J.Mitchell ကို ခန့်ထား မည်ဖြစ်ကြောင်း သိရသည်။ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း လူပုဂ္ဂိုလ်ချင်း တွေ့ဆုံဖူးသူ တဦးဖြစ်သည့် အပြင် တရုတ်၊ အန္ဒိယ၊ အာဆီယံ နိုင်ငံများ အပါအ၀င် ဒေသတွင်း သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များနှင့် ရင်းနှီးသိကျွမ်းသူ တဦးဖြစ်သည်ဟု ဆိုသည်။
သတင်းတိုများ

ပိတ်ဆို့အရေးယူမှုဖြင့် ဆက်လက် ဖိအားပေးရန် အမေရိကန် အမတ်များလိုလား

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်အနေဖြင့် စစ်မှန်သော နိုင်ငံရေး ပြောင်းလဲမှုများ ဖော်ဆောင်လာသည့် ကာလအထိ ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ပြုထောင်းသင့်ကြောင်း အမေရိကန် ဥပဒေပြု အမတ်များက ပြောဆိုလိုက်သည်။ ဤသို့ ပိတ်ဆို့အရေးယူမှုများသည် မြန်မာအာဏာပိုင်များအား အပြောင်းအလဲ လုပ်လာစေရေးအတွက် အားကောင်းသော ဖိအားပေးမှုဖြစ်သည်ဟု ယုံကြည်ကြောင်း ဥပဒေပြုအမတ်များ၏ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။
Page 20 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်