သတင်းတိုများ

သတင်းတိုများ

ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖွဲ့ စာနယ်ဇင်းသမားများနှင့် တွေ့

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖွဲ့နှင့် မီဒီယာများတွေ့ဆုံမှု ယမန်နေ့က ပြုလုပ်ခဲ့သော်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခြင်း မရှိဘဲ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းဦးနှင့် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ နှစ်ဦးသာ တက်ရောက်သည်။ စာနယ်ဇင်းသမားများ သိလိုသည့် အရေးတကြီး အကြောင်းအရာများထက် ရေနုတ်မြောင်းပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက်စွန့်ခြင်း၊ စည်းကမ်းမဲ့ ယာဉ်မောင်နှင်ခြင်း စသည့် ကိစ္စများသာ ပြောဆိုသွားကြောင်း တက်ရောက်သူများက ပြောသည်။ အစိုးရအဖွဲ့နှင့် မီဒီယာတွေ့ဆုံမှုကို အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်မည်ဟု သိရသည်။
သတင်းတိုများ

အရှေ့တောင်အာရှ နိုင်ငံများ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု လျစ်လျှူရှု

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် ဝက်ဝံသည်းခြေကဲ့သို့သော တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်နေမှုကို လျစ်လျှူရှုနေကြောင်း တောရိုင်းတိရစ္ဆာန် စောင့်ကြည့်လေ့လာရေးအဖွဲ့ TRAFFIC က ပြောသည်။ ဆေးဖက်ဝင်သည်ဟူသော ယုံကြည်မှုကြောင့် မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗီယက်နမ်တို့ရှိ ပရဆေးဆိုင် ထက်ဝက်ကျော်သည် ဝက်ဝံသည်းခြေကို ရောင်းဝယ်နေကြကြောင်း အဆိုပါအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုဈေးရောင်းပွဲ ကျင်းပမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ဈေးရောင်းပွဲ ကျင်းပမည် ဖြစ်သည်။ ဈေးရောင်းပွဲမှ ရရှိသော အကျိုးအမြတ်ကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များထံ လှူဒါန်းမည် ဖြစ်ကြောင်း၊ ယခုနှစ် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ကျင်းပသည့် NLD ဈေးရောင်းပွဲမှ အမြတ်ငွေ ကျပ် သိန်း ၁၀၀ ကိုလည်း NLD လူမှု အထောက်အကူပြု လုပ်ငန်းသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ လာမည့် ဈေးရောင်းပွဲတွင် NLD အဖွဲ့ဝင်အသီးသီး၏ ဒေသထွက်ကုန်များကို ရောင်းချမည်ဖြစ်သည်။
သတင်းတိုများ

NLD ရုံးချုပ်တွင် ပညာရေးထောက်ပံ့ငွေ ပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန် NLD ရုံးချုပ်တွင် ယနေ့ နေ့လယ် ၁ နာရီ၌ နိုင်ငံရေးအကျဉ်းသားများ၏ သားသမီး ၁၂၃ ဦးကို လာမည့် ပညာသင်နှစ် အတွက် ထောက်ပံ့ငွေအဖြစ် တဦးလျှင် ကျပ် ၄ သောင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး ၁၂၅ ဦးကို တဦးလျှင် ကျပ် ၃ သောင်းပေးအပ်ခဲ့ကြောင်း၊ ယနေ့ကျင်းပမည့် ဒဿမ အကြိမ်မြောက် ပညာရေးထောက်ပံ့ငွေပေးအပ်ပွဲတွင် အလှူငွေ ကျပ် ၅ ထောင်နှင့်အထက် လာရောက် လှူဒါန်းသူများကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု မှတ်တမ်းချီးမြှင့်မည်ဖြစ်ကြောင်း NLD လူမှု အထောက်အကူပြုအဖွဲ့က ပြောသည်။
သတင်းတိုများ

ရခိုင်ပြည်နယ်အစိုးရသစ်၏ ရေလုပ်ငန်း လေလံဈေး ၃ ဆမြင့်တက်

ရခိုင်ပြည်နယ် အစိုးရသစ်က ရခိုင်ကမ်းရိုးတန်းတလျှောက် ရေလုပ်ငန်းလုပ်ကိုင်ခွင့်ကို လေလံစနစ်ဖြင့် စတင်ခွင့်ပြုနေပြီး လေလံဈေးနှုန်းများမှာ ယခင်နှစ်ထက် ၃ ဆကျော် မြင့်တက်သွားကြောင်း သိရသည်။ ယခင်နှစ်တွင် ကျပ် ၁၅  သိန်းတန်သည့် လေလံကွက်သည် ယခုနှစ်တွင် ကျပ်သိန်း ၅၀ ကျော်၊ ကျပ်သိန်း ၁၀၀ တန် လေလံကွက်သည် ကျပ်သိန်း ၄၀၀ ခန့်အထိ ပေးချေရသည်ဟု လေလံဆွဲသူ တချို့ကပြောသည်။ အစိုးရသစ်၏ လေလံစနစ်သည် တနိုင်တပိုင် ၀မ်းစာ ရှာဖွေသူများအပေါ် ထိခိုက်စေသည်ဟု ဆိုကာ ရခိုင်ပြည်သူများနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က ကန့်ကွက်လျှက်ရှိသည်။
သတင်းတိုများ

ဘရိုက်တန် အနုပညာပွဲတော် စတင်

ဗြိတိန်နိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒါရိုက်တာအဖြစ် ခန့်အပ်ထားသော ဘရိုက်တန် အနုပညာပွဲတော်ကို မေလ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် ယင်းအနုပညာပွဲတော်တွင် တခဲနက် ထောက်ခံကြောင်း သိရသဖြင့် အံ့သြဝမ်းသာကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစကား ပေးပို့ထားသည်။ ဘရိုက်တန် အနုပညာပွဲတော်ကို မေလ ၂၉ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
သတင်းတိုများ

ကြွပ်ကြွပ်အိတ်များ စည်ပင်ထံ အပ်နှံနိုင်

ရန်ကုန်မြို့တွင် မေလ ၁၄ ရက်နေ့မှစ၍ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့် ပြုတော့မည် မဟုတ်သဖြင့် လက်ဝယ်ရှိနေသူများသည် ကြွပ်ကြွပ်အိတ်များကို သက်ဆိုင်ရာ မြို့နယ် စည်ပင်ရုံးများတွင် သွားရောက် အပ်နှံကြရန် အစိုးရပိုင်သတင်းစာမှ ကြေညာထားသည်။ ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ကြွပ်ကြွပ်အိတ် စက်ရုံများ ထုတ်လုပ်မှု ရပ်ဆိုင်းရန်နှင့် အရောင်းဆိုင်များတွင် သိုလှောင် ရောင်းချခြင်း မပြုရန် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အမိန့်ထုတ် တားမြစ်ခဲ့ပြီး ဖြစ်သည်။
သတင်းတိုများ

မော်လမြိုင်-ရန်ကုန် ခရီးသည်တင်ကားတိုက်၊ ၁၅ ဦးသေ

မွန်ပြည်နယ် မော်လမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကား နှင့် ဟိုတ်လတ်ကား ကျိုက်ထိုမြို့ နယ်တွင် ယမန် နေ့ ည ၇ နာရီ ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၅ ဦး သေဆုံးခဲ့ပြီး ကျန်ခရီး သည်များလည်း ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။
သတင်းတိုများ

NLD ၌ သတင်းစာပညာ သင်တန်း ပေးမည်

NLD က အဖွဲ့ဝင် လူငယ်များကို ရက်တို သတင်းစာပညာနှင့် သတင်း နည်းပညာ သင်တန်း ပေးရန် စီစဉ်နေကြောင်း သိရသည်။ သတင်းအချက်အလက် စနစ်တကျ ပေးပို့နိုင်ရန်နှင့် အဆက်အသွယ်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ NLD ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင် ဦးဆောင်ပြီး သင်ကြားပေးမည်ဖြစ်ကြောင်း၊ မေလ တတိယ ပတ် အတွင်း သင်တန်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း NLD က ပြော သည်။
သတင်းတိုများ

အာဆီယံ ဥက္ကဌ မြန်မာ မဖြစ်ရန် HRW ကန့်ကွက်

မြန်မာကို ၂၀၁၄ ခုတွင် အာဆီယံ အလည့်ကျ ဥက္ကဌ ပေးရေးနှင့် ပတ်သက်ပြီး အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာ  စောင့်ကြည့်ရေးအဖွဲ့(HRW)က ကန့်ကွက်လိုက်သည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခြင်းနှင့် လူ့အခွင့် အရေး အခြေအနေများ တိုးတက်မှု အတွက် မဆောင်ရွက်သရွေ့ မြန်မာကို ဥက္ကဌ အဖြစ် အာဆီယံနိုင်ငံများ က လက်မခံသင့်ကြောင်း HRW က ပြောဆို သည်။
သတင်းတိုများ

NLD ရုံးချုပ်၌ အင်္ဂလိပ်စာ သင်တန်း ပေးမည်

ရန်ကုန် NLD ရုံးချုပ်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ငွေကြေး မတတ်နိုင်သူများအတွက် အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ ၃ လ ကြာသင်ကြားမည့် ယင်းသင်တန်းကို မေလ ၆ ရက်နေ့၌ စတင်မည်ဖြစ်ပြီး တပတ်လျှင် ဗုဒ္ဓဟူး နှင့် သောကြာ နေ့များတွင် နံနက် ၉း၃၀ ခွဲမှ ၁၁ နာရီအထိ၂ရက် သင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လိုသူများသည် မေလ ၄ ရက်နောက်ဆုံး စာရင်းပေးရမည်ဖြစ်ကြောင်း NLD က ပြောသည်။
သတင်းတိုများ

တောင်သူလယ်သမား ပညာပေးသင်တန်း ဒု အကြိမ်ဖွင့်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တောင်သူလယ်သမား ပညာပေးသင်တန်း အပတ်စဉ် (၁) ဒုတိယအကြိမ်ဖွင့်ပွဲ အခမ်းအနားကို အဖွဲ့ချုပ်ရုံးတွင် ယမန်နေ့က ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောသည်။ ယင်းသင်တန်းသို့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း အပါအဝင် ပြည်နယ်နှင့်တိုင်း ၉ ခုမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား၊ အမျိုးသမီး ၄၉ ဦးတက်ရောက်သည်။
သတင်းတိုများ

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦး စာရင်းထွက်ပေါ်

အမေရိကန်ရောက် မြန်မာများ စုပေါင်းပေးအပ်သည့် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးမှာ ကိုဇာဂနာ၊ မဖြူဖြူသင်း၊ ရှေ့နေ ဦးဖိုးဖြူ၊ NLD လူမှုအထောက်အကူပြု အဖွဲ့နှင့် အကျဉ်းကျ သံဃာနှင့် သီလရှင်များကို အကူအညီပေးနေသည့် ဒေါ်ရှုတို့ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်းဝက်ဘ်ဆိုဒ်တွင်ပင် ဆန္ဒမဲ ပေးနိုင်ကြပြီး ဆုရရှိသူကို မေလ ၁၅ ရက်တွင် ကြေညာမည်ဖြစ်သည်။ ယခုနှစ်အတွက် အမေရိကန် ဒေါ်တာ ၁ သောင်းအထိ တိုးမြှင့် ဆုချီးမြှင့်မည်ဟု သိရသည်။
သတင်းတိုများ

အစိုးရသစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ပြင်ဆင်

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်က အကျဉ်း သား တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန်ပြင် ဆင်နေကြောင်း သိရှိရသည်။ ယင်းအစီအစဉ် အား သမ္မတ ဦးသိန်းစိန် ၏ ပထမ အကြိမ် ခရီးစဉ်ဖြစ်သော ကြာသပတေးနေ့ ၌ သွားရောက်မည့် အင်ဒိုနီးရှား နိုင်ငံ ခရီးစဉ်နှင့် အချိန်ကိုက် ပြုလုပ်ဖွယ်ရှိကြောင်း၊ သို့သော် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် ၌ နိုင်ငံရေးအကျဉ်း သားများ ပါဝင်ခြင်း ရှိမရှိ ဆိုသည် ကို ရှင်းလင်းစွာ မသိရှိရကြောင်း အစိုးရ အရာရှိတဦးအား ကိုးကား၍ AFP သတင်းတွင် ရေး သား ထားသည်။ ဦးသိန်းစိန်သည် မေ ၇ – ၈ ရက် ၌ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရှိကြောင်း သိရသည်။
သတင်းတိုများ

NIB အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စတင် တာဝန်ယူ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အမျိုးသားထောက်လှမ်းရေး အဖွဲ့ (NIB) ကို ဖွဲ့စည်းကာ အကြီးအကဲတာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်း နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများကို အထူးစုံစမ်းစစ်ဆေးမည့် NIB အတွက် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်တပ်အရာရှိ ၂၀၀ ကျော်ကို ခေါ်ယူ တာဝန်ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။
သတင်းတိုများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်မည်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူလိုက်သည်ဟု သိရသည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများ တိုးမြှင့်ရန် လေတပ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ယင်း၏ ၆ ရက်ကြာခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလာရာမန်နှင့် တွေ့ဆုံစဉ် သဘောတူခဲ့ခြင်း ဖြစ်သည်။ သမ္မတ ရာမန်ကလည်း ကလည်း နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စိတ်ဝင်စားကြောင်း ပြောဆိုပြီး ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက အနာဂတ်တွင် မြန်မာတပ်များကို ဘင်္ဂလားဒေ့ရှ်တွင် သင်တန်းများ ပေးလိုကြောင်း ပြောသည်ဟု သိရသည်။
သတင်းတိုများ

နေပြည်တော် ၀က်ရောင်းဝယ်သူများ မွေး/ကု ထောက်ခံစာ ယူရမည်

နေပြည်တော်ခရိုင်အတွင်း ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားနေ သည့်အတွက် ၀က်များရောင်းဝယ်ရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(မွေး/ကု) ၏ ကျန်းမာကြောင်း ထောက်ခံ ချက် ယူရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နေပြည်တော် တွင် ၀က် နားရွက်ပြာ ရောဂါ ဖြစ်ပွားမှု ထောင်ဂဏန်း ရှိပြီး သေဆုံးမှု ရာဂဏန်းခန့်ရှိကြောင်း ဒေသခံ ၀က်မွေးမြူသူများက ပြောသည်။ ဧပြီ ၁၉ ရက်က ပျဉ်းမနားမြို့နယ် မွေး/ကု ဌာနတွင် ပြုလုပ်သည့် ၀က်နားရွက်ပြာ ရောဂါအကြောင်း ပညာပေးဟောပြော ပွဲ၌ မွေး/ကု ဦးစီးဌာန ဒု ညွှန်ချုပ် ဒေါက်တာ အောင်ကြီးက နေပြည်တော်ခရိုင်တွင် ၀က်နားရွက်ပြာ ရောဂါ ဖြစ်ပွားနေကြောင်း တရားဝင်ပြော ကြားသည်။
သတင်းတိုများ

မန္တလေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု လုပ်မည်

မန္တလေးမြို့မှ “စိမ်းရောင်စို” သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှု အဖွဲ့နှင့် မန္တလေးမြို့ခံ ပြည်သူများက လာမည့် မေ လ ပထမ အပတ်မှစတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြို့ဧ။် သတ်မှတ်နေရာများတွင် သစ်ပင် ပန်းပင် စိုက်ပျိုးမှုများ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။ ပြီးခဲ့သည့်နှစ်များကလည်း ဘုတလင်၊ ကျောက်ဆည်၊ ပေါင်းလောင်း၊ အင်းဝ၊ တံတားဦး၊ညောင်ကန် စသည့်ဒေသများတွင် သစ်ပင် ပန်းပင်များ ထောင်ကျော် စိုက်ပျိုးပေးနိုင်ခဲ့သည်ဟု စိမ်းရောင်စို အဖွဲ့ဝင် တဦးက ပြောသည်။
သတင်းတိုများ

ကျောက်ဖြူ၌ အခွန်အခများ မတန်တဆ ကောက်နေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ဆိပ်ကမ်းတချို့၌ အာဏာပိုင်များက အခွန်အခများ မတန်တဆ ကောက်ခံနေကြကြောင်း သိရသည်။ ကျောက်ဖြူမြို့၏ ဆိပ်ကမ်းအများစုတွင် ဆိပ်ကပ်ခွန်၊ စည်ပင်ခွန် စသည့်အခွန်နှုန်းထားများကို ကောက်ခံ နေခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ ဂျပန်မ ဆိပ်ကမ်းသို့ အ၀င်အထွက် ပြုလုပ်သူတဦးလျှင် အ၀င်၂၀၀ ကျပ် ၊ အထွက် ၂၀၀ ကျပ် ကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် သတင်းသမားများတွေ့ဆုံမှု ယာယီရပ်ဆိုင်း

ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းပြည်ပ သတင်းသမားများတွေ့ဆုံခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်း NLD သတင်းနှင့်ပြန်ကြားရေးမှ ဦးသိန်းဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် များပြားလှသည့် လုပ်ငန်းတာဝန်များကြောင့် တွေ့ဆုံခွင့်ပြုထား ပြီးသူများကိုသာ လက်ခံတွေ့ဆုံမည်ဖြစ်ပြီး အသစ်များကို ဇွန်လ ကုန်မှ ပြန်လည် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
Page 18 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်