သတင်းတိုများ

သတင်းတိုများ

မြန်မာနိုင်ငံတွင် ဘိန်းထွက်နှုန်း မြင့်လာ

အာဖဂန် နစ္စတန်သည် ကမ္ဘာ့ ဘိန်းအများဆုံးထွက်ရှိရာ ဒေသဖြစ်နေသည့် တချိန်တည်းတွင် မြန်မာနိုင်ငံသည်လည်း ဘိန်းထုတ်လုပ်မှု တိုးမြင့်လာနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြလိုက်သည်။ ကမ္ဘာ့ ဘိန်းထွက်နှုန်း၌ မြန်မာနိုင်ငံသည် ၂၀၀၇ မှ ၂၀၁၀ အတွင်း ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု UNODC အစီရင်ခံစာအရ သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို ဂျိုဟန်နစ္စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေး

ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ယမန်နေ့က ချီးမြှင့် လိုက်သည်။ လူသားဂုဏ်သိက္ခာအတွက် မတူကွဲပြားမှုကို လေးစားခြင်း၊ ပညာရေး လွတ်လပ်ခွင့်နှင့် အားပေးမှုတို့ အပေါ် ကိုယ် စား ပြုသည်ဟု ယူဆသည့်အတွက် ချီးမြှင့်ခြင်းဖြစ်ပြီး ယခုအကြိမ်နှင့်ပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့သုံးကြိမ်မြောက် ပေးအပ်ခြင်းဖြစ်သည်။
သတင်းတိုများ

အစိုးရသစ် ပြုပြင်ပြောင်းလဲရေး လက်တွေ့လုပ်ရန် EU ပြော

မြန်မာအစိုးရသစ်ကို ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ရန် ဥရောပသမဂ္ဂ(EU) အထူးကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ က ယမန်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိလာသည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် EU ဒု ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လာရောက်သည့် EU ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့် EU အကြား ဆက်ဆံရေး တိုးမြှင့်ရန် ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

EU ရှင်းလင်းပွဲသို့ သတင်းဌာန ၄ ခုသာ တက်ခွင့်ရ

ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်အခြေစိုက် အီတလီနိုင်ငံ သံရုံး၌ ပြုလုပ်မည့် ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ (EU) ကိုယ်စားလှယ် များ၏ သတင်းစာရှင်းလင်းပွဲတွင် AP၊ AFP၊ REUTERS နှင့် TV အဆာဟိ စသည့် သတင်းဌာနများ၏ သတင်းထောက်များသာ တက်ရောက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ သတင်းဌာန ၄ ခုသာ တက်ရောက်ခွင့် ရသည့်အတွက် တခြားသော ပြည်တွင်းအခြေစိုက် သတင်းဌာနများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ဥရောပကော်မရှင်က စာရင်းပေးထားသော သတင်းထောက်များကိုသာ သတင်းစာ ရှင်းလင်းပွဲ တက်ရန် ဖိတ်ကြားရခြင်းဖြစ်သည်ဟု ရန်ကုန် အခြေစိုက် အီတလီသံရုံးက ပြောသည်။
သတင်းတိုများ

အဆင့်မြင့် စပါးကျီများ အိန္ဒိယ ပေးလှူ

အဆင့်မြင့်စပါးကျီ ၁၀ ခုကို နာဂစ်ဒဏ်သင့်ဒေသ စားနပ်ရိက္ခာ သိုလှောင်ရေးအတွက် အိန္ဒိယက ပေးလှူလိုက်ကြောင်း သိရသည်။ စပါးတန်ချိန် တန် ၅၀၀ ဆန့် အဆင့်မြင့် စပါးကျီ ၃ ခုကို တည်ဆောက်ခဲ့ပြီးဖြစ်၍ ကျန် ၇ ခုကို တည်ဆောက်ဆဲ ဖြစ်ကြောင်း၊ အဆိုပါ စပါးကျီများသည် လေပြင်း မုန်တိုင်းဒဏ်၊ ငလျင်ဒဏ် စသည့် ဘေး အန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီး စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂ သန်းရှိသည်။ လက်ရှိ မြန်မာပြည်တွင် ရောက်ရှိနေသည့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ်အမ် ခရစ်ရှနားက အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး စီမံကိန်း အရ တည်ဆောက်ခဲ့သည့် အဆိုပါ စပါးကျီများကို လွှဲပြောင်းပေးအပ်ကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
သတင်းတိုများ

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဆက်လုပ်

မစ္စတာ ဘန်ကီမွန်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး နောက်ထပ် ၅ နှစ် ဆက်လက် ထမ်းဆောင်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မဲခွဲ၍ တညီတညွတ်တည်း အတည်ပြုလိုက်သည်။ လာမည့် ၁၀၁၂ ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ ၎င်း၏ အထွေထွေ အတွင်းရေးမှူး သက်တမ်း ထပ်မံ စတင်မည်ဖြစ်ပြီး မစ္စတာဘန်ကီမွန်းက ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်နေသည့် ကိစ္စရပ်ကို အဆိုပါ ရာထူး သက်တမ်းအတွင်း အဓိကထား ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။
သတင်းတိုများ

အမေရိကန် အောက်လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပို့

ဇွန်လ ၂၂ ရက် အမေရိကန်စံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ကျင်းပမည့် အောက်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေးကြားနာပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမှတဆင့် မိန့်ခွန်းပြောကြား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကန့်လန့်ကာနောက်ကွယ်သို့ ထိုးဖောက်ကြည့်ခြင်း၊ အတုအယောင် ရွေးကောက်ပွဲနှင့် ခက်ခဲသည့် ရှေ့ခရီးခေါင်းစဉ်ဖြင့် ကြားနာပွဲတွင် ယခုကဲ့သို့ မိန့်ခွန်းပေးခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပထမဆုံးဖြစ်သည်။
သတင်းတိုများ

ဒုဝန်ကြီးများခန့်ရန် အရေးပေါ် လွှတ်တော်ခေါ်မည်

ပြည်နယ်၊ တိုင်းဒေသကြီးများ၏ အရေးပေါ် လွှတ်တော် အစည်းအဝေးများကို ဇွန်လ ၃၀ ရက်နေ့တွင် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးများ၌ မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ဟု မသိရသေးသော်လည်း ပြည်နယ်၊ တိုင်း အစိုးရသစ် ၀န်ကြီးများ၏ လုပ်ဆောင်ချက်များ နှေးကွေးနေ၍ ဒုဝန်ကြီးများကို ခန့်ထားရန်အတွက် အစည်းအဝေး ခေါ်ယူခြင်းဟု ကြားသိနေရကြောင်း ပြည်နယ်ကိုယ်စားလှယ် တချို့က ဆိုသည်။
သတင်းတိုများ

စရဖ ရုံးကို KIA ဗုံးခွဲတိုက်ခိုက်

မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နမ့်ဆန်ယန်ရွာ အခြေစိုက် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ယမန်နေ့နံနက် ၂ နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။ အဆိုပါ စရဖ ရုံးသည် မြန်မာစစ်တပ်အတွက် သတင်းများ ရယူနေပေးနေသောကြောင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း၊ ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
သတင်းတိုများ

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်

ဥရောပသမဂ္ဂ ဝါရင့်သံတမန်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီး အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ မြန်မာအစိုးရသစ်၏ သဘောထားကို တီးခေါက်ရန် ပထမအဆင့် ခြေလှမ်းဖြစ်သည်ဟု ကိုယ်စားလှယ်အဖွဲ့မှ သံတမန်တဦးက ဆိုသည်။ လာမည့် အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် ယင်းကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု သိရသည်။
သတင်းတိုများ

မြန်မာသည် ပဉ္စမမြောက် ဒုက္ခသည် အများဆုံး ထွက်ပေါ်ရာ နိုင်ငံဖြစ်

ပြည်တွင်း ပဋိပက္ခ မငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၄၁၅၇၀၀ ခန့် နိုင်ငံမှ စွန့်ခွာ ထွက်ပြေးကြပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဒုက္ခသည် အများဆုံး ထွက်ပေါ်ရာ နိုင်ငံဖြစ်သည်ဟု ကုလသမဂ္ဂ၏ ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘင်္ဂလော့ဒေ့ရှ် နိုင်ငံတွင် မှတ်ပုံတင်မထားသည့် မြန်မာဒုက္ခသည် ၂ သိန်းခန့် ရှိနေပြီး ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံမဲ့ ၅ သိန်း ၄ သောင်းခန့်အနက် အများစုမှာလည်း မြန်မာနိုင်ငံမှဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ UNHCR ၏ ထုတ်ပြန်ချက်အရ ဒုက္ခသည် အများဆုံး ထွက်ပေါ်ရာ နိုင်ငံများမှာ ပါကစ္စတန်၊ အီရန်၊ ဆီးရီးယားနှင့် ကွန်ဂို တို့ဖြစ်သည်။ စီးပွားရေး အခက်အခဲကြောင့်လည်း ဒုက္ခသည်အဖြစ် နိုင်ငံကို စွန့်ခွာမှုများလည်း ရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ကြိုးစားမည်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှနားသည် ဂျွန်လ ၂၀ ရက်နေ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန် အစိုးရသစ်ထံ တောင်းဆိုထားသည်ဟု အိန္ဒိယ သံတမန်ရေးရာ အသိုင်းအ၀ိုင်းက ဆိုသည်။ တွေ့ဆုံခွင့် ရခဲ့ပါက ပြည်တွင်းရှိ အတိုက်အခံ အင်အားစု ခေါင်းဆောင် များနှင့် အိန္ဒိယ ထိပ်တန်း ခေါင်းဆောင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။ အက်စ်အမ်ခရစ်ရှနား ၏ ၂ရက် ကြာမြင့်မည့် မြန်မာပြည်ခရီးစဉ်သည် မကြာမီ အိန္ဒိယသို့လာ ရောက်မည့် သမ္မတသစ် ဦးသိန်းစိန်၏ ခရီးစဉ် အတွက် ကြိုတင်စီစဉ်မှုများ ပြုလုပ်ရန်ဖြစ်ကြောင်း အိန္ဒိယ သံတမန် အသိုင်းအ၀ိုင်းကဆိုသည်။
သတင်းတိုများ

KIA ကို အစိုးရ တပ် မလွှဲမရှောင်သာ တိုက်ခိုက်ရခြင်းဖြစ်ဟု ဆို

KIA က ခြိမ်းခြောက်ခြင်း၊ စတင်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့မှုနှင့် ကချင်ပြည်နယ်ရှိ တာပိန် ရေအားလျှပ်စစ်စီမံကိန်းအား ကာကွယ် စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် အစိုးရ စစ်တပ်က KIA ကို မလွှဲမရှောင်သာ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ရေးသားထားသည်။ KIA ၏ နှောင့်ယှက်ခြိမ်းခြောက် အကျပ်ကိုင်မှုများကြောင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ Datang(yunnan) United Hydropower Developing(DUHD) ကုမ္ပဏီတို့ တည်ဆောက်နေသော တာပိန် ရေအားလျှပ်စစ် စီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား၂၁၅ ဦး သည် စီမံကိန်းမှ ပြန် လည် ထွက်ခွာသွားခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ သံပေါင်တံတား ၂၅ စင်း ကို KIA က ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

အစိုးရတပ်များ အရပ်သားကို လူသားဒိုင်းအဖြစ်သုံး

KIA ထိန်းချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ် နမ်ခမ်းမြို့နယ် အတွင်းရှိ နန့်လင်းပါနှင့် တွန်ဟုန်းရွာသားများကို တိုက်ပွဲဖြစ်ရာဒေသမှ စစ်အစိုးရတပ်များက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောသည်။ မံခံရွာမှာ ရွာသားလေးယောက်ကိုလည်း သံသယရှိသည်ဟုဆိုကာ အစိုးရတပ်များက ဖမ်းဆီးနှိပ်စက်ကြောင်းလည်း ရှိရသည်။ စစ်ရေးတင်းမာနေသည့် ဒေသတွင်းမှ ရွာသားများသည် ထွက်ပြေးလိုကြသော်လည်း အစိုးရတပ်များက ခွင့်မပြုကြောင်း၊ ရွာသားအချို့က အာဏာပိုင်များကို လယ်ယာလုပ်ငန်းသွားရန်ဟု အကြောင်းပြကာ လိုင်ဇာသို့ ထွက်ပြေးလာနေကြောင်း လိုင်ဇာမြို့မှ ဒေသခံတဦးက ပြောသည်။
သတင်းတိုများ

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIA ဆွေးနွေးပွဲပျက်ပြား

ယခင် ဆက်သွယ်ရေး ဝန်ကြီးဟောင်း၊ ယခု မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့၏ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဆွေးနွေးပွဲ ပျက်ပြားသွားသည်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် အစိုးရအနေဖြင့် KIA နှင့် အပစ်အခတ်ရပ်လိုကြောင်း၊ ရှေ့တန်းတပ်များကို အပစ်ရပ်ထားရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော် ဦးသိန်းဇော် လက်မှတ်ပါသည့် စာရွက်စာတမ်း အထောက်အထား တစုံတရာ မပါရှိသဖြင့် KIA က ဆုံးဖြတ်ချက် မပေးလိုက်ကြောင်း၊ အထောက်အထားပါမှသာ အပစ်ရပ်ရေး စဉ်းစားမည်ဟု အစိုးရ ကိုယ်စားလှယ် အဖွဲ့သို့ ပြောလိုက်ကြောင်း KIA ပူးတွဲ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
သတင်းတိုများ

ကချင်ခေါင်းဆောင် စခုန်တိမ့်ယိမ်း ကို နေပြည်တော် ခေါ်ဟု ဆို

ဖျက်သိမ်းလိုက်သည့် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်းဆောင်ဟောင်း ဖြစ်ပြီး၊ လက်ရှိ အမျိုးသားလွှတ်တော် အမတ် ဦးစခုန်တိမ့်ယိမ်းကို နေပြည်တော်သို့ ခေါ်ယူထားကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။ ကချင်ဒေသတွင် စစ်ရေးတင်းမာပြီး တိုက်ပွဲများဖြစ်ပြီးနောက် ဦးစခုန်တိမ့်ယိမ်းနှင့် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် NDA-K မှ စစ်ဦးစီးချုပ်ဟောင်းတို့ကို နေအိမ်အကျယ်ချုပ်ချထားကြောင်းလည်း အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။
သတင်းတိုများ

ကချင်ဒေသ တိုက်ပွဲများ ရပ်ရန် အမေရိကန် တိုက်တွန်း

မြန်မာအစိုးရအနေဖြင့် ကချင်ဒေသအတွင်း KIA အပေါ် စစ်ဆင်ရေးများကို ရပ်ဆိုင်း၍ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း အမေရိကန် အစိုးရ ပြောခွင့်ရအမျိုးသမီး ကယ်လီ မက်ခ်ကယ်လော့က တိုက်တွန်း ပြောဆိုလိုက်သည်။ အမေရိကန် အစိုးရသည် လက်ရှိဖြစ်ပွားနေသည့် မြန်မာ့အခြေအနေကို သတိထား လေ့လာစောင့်ကြည့်နေ ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။
သတင်းတိုများ

ခြောက်စင်းမြောက် တံတားကို KIA ဖျက်ဆီး

ကချင်ပြည်နယ် အနောက်ပိုင်းတွင် အစိုးရတပ်များ ထိုးစစ်အားနည်းသွားစေရန် မဟာဗျူဟာကျသည့် တံတားတခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ထပ်မံ ဖျက်ဆီးလိုက်ကြောင်း သိရသည်။ KIA တပ်မဟာ (၂) က ယမန်နေ့ညက ဖျက်ဆီးလိုက်သော ဤတံတားမှာ ၆ ခုမြောက်ဖြစ်ပြီး အစိုးရတပ်များ၏ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ကြောင်း KIA အရာရှိတဦးက ပြောသည်။ ကချင်ပြည်အတွင်းမှ ထိုတံတားများကို အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမား ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သတင်းတိုများ

မန္တလေး ခေါင်ရည်ဆိုင်မီး ဆိုင်ခန်း ၁၀ ခန်းခန့် လောင်

မန္တလေးမြို့ ပြည်ကြီး မျက်ရှင်မြိုနယ် သိပ္ပံလမ်း ထန်းကိုးပင် မီးသတ်စခန်းရှေ့ ရွှေကမ္ဘာခေါင်ရည်ဆိုင်တွင် ယနေ့မွန်းလွဲ ၁၂နာရီ ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ အနီးရှိ ဈေးဆိုင်ခန်း ၁၀ ခန်းခန့် မီးထဲပါသွားကြောင်း၊ မည်သို့ စတင်လောင်ကျွမ်းသည် ကို မသိရသေးသော်လည်း ၁၂နာရီ ၁၅မိနစ်ခန့်တွင် မီးငြိမ်းသွားသည်ဟု မန္တလေး မြို့ခံတဦးက ပြောသည်။
သတင်းတိုများ

ကချင် စစ်ပြေးဒုက္ခသည် ၁ သောင်းခန့် လိုင်ဇာသို့ ထွက်ပြေး

အစိုးရပ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ရှိ လိုင်ဇာမြို့သို့ ကချင် စစ်ပြေးဒုက္ခသည် ၁ သောင်းခန့် ထွက်ပြေးလာကြောင်း သတင်းရရှိသည်။ အစိုးရတပ်များနှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
Page 14 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်