သတင်းတိုများ

သတင်းတိုများ

ကချင် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် တရုတ်နယ်စပ်ဘက် တိမ်းရှောင်

ကချင်ဒေသ တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် တရုတ်နယ်စပ်လက်ကို တိမ်းရှောင်ကြရသည်။ တရုတ်ဘက်မှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လက်ခံထားပြီး စစ်ပြေးဒုက္ခသည်များထံမှ မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားကာ ပြင်ပသို့ အဆက်အသွယ်လုပ်ခွင့် မပြုကြောင်း သတင်းရရှိသည်။ တရုတ်နယ်စပ်ရှိ လဂျားယန်မြို့သို့ ဒုက္ခသည်များ ရောက်ရှိလာပြီး NGO များနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့များက ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေကြောင်း၊ အစာရေစာ မလုံမလောက်ဖြစ်နေပြီး ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။
သတင်းတိုများ

ကချင်ဒေသ တိုက်ပွဲများကြောင့် ဒေသခံများ သောင်းချီ ထွက်ပြေး

ကချင်ပြည်နယ်တွင်း အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တိုက်ပွဲများကြောင့် ကချင်ရွာများမှ သောင်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များ ယမန်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာနေကြကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးရှိ ဒေသများနှင့် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ဝိုင်းမော် တို့မှ ရွာသားများ အများစုဖြစ်ကြောင်း သိရသည်။ တောတွင်း ပြေးလွှားပုန်းအောင်းနေသူများ အပါအဝင် ကချင်စစ်ပြေးဒုက္ခသည်ပေါင်း ၁ သောင်းနှင့် အထက် ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။
သတင်းတိုများ

လူကုန်ကူးခံရသူ ၅၇ ဦးကို ထိုင်းတွင် ကယ်တင်

ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နှင့် မြန်မာအလုပ်သမား အရေး ဆောင်ရွက်ပေးနေသည့် TACDB တို့ ပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့ကို ဝင်ရောက်ဖမ်းဆီးကာ ပိတ်လှောင်ခံထားရသူ မြန်မာ ၅၇ ဦးကို ယမန်နေ့နံနက်က ကယ်တင်လိုက်ကြောင်း သိရသည်။ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာတွင် သုံးသည့် ငွေစာရင်း စာရွက်စာတမ်းများကိုပါ ဖမ်းဆီးရမိကြောင်း သိရှိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ထံ သွားရောက်ဖူးမြော်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သဲကုန်းသပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Litt) ၏ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ကျောင်းတိုက်တွင် ယမန်နေ့ ညနေ ၃ နာရီ ခန့်က သွားရောက် ဂါရ၀ပြု ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဆရာတော်နှင့် အချိန် ၂ နာရီခန့်အကြာ စကားပြောဆိုခဲ့ကြောင့် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဆိုသည်။
သတင်းတိုများ

အကယ်ဒမီ နွဲ့နွဲ့မူ ကွယ်လွန်

ယမန်နေ့ နံနက်က ရန်ကုန်ပြည်သူ့ ဆေးရုံသစ်ကြီးတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ (အသက် ၆၁ နှစ်) သည် အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်သွားပြီ ဖြစ်သည်။ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီတွင် ဗားကရာ ခရစ်ယာန် ဘုရားကျောင်းတွင် ၀တ်ပြုကိုးကွယ်မည် ဖြစ်ပြီး ထိုမှတဆင့် ရေဝေး ခရစ်ယာန် သုဿန်တွင် ပို့ဆောင်ဂူသွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းတိုများ

ILO ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပို့

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) အပါအ၀င် နိုင်ငံတကာ အသိုင်းအသိုင်း အနေနှင့် မြန်မာနိုင်ငံကို လျစ်လျူရှုမထားဘဲ ဆက်လက်ကူညီ ပေးသွားရန် ပြောကြားလိုက်သည်။ ဇွန်လ ၁၂ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသည့် ILO ညီလာခံသို့ ပေးပို့သော ဗွီဒီယို မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းတိုများ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်မည်

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု ၁ လ ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲကို ဇွန်လ ၁၆ ရက်၌ ရန်ကုန်မြို့သင်္ဃန်းကျွန်း မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဆုတောင်းပွဲကို အကျဉ်းသား မိသားစုဝင်များ က ပြုလုပ်မည်ဖြစ်သည်ဟု NLDလူမူ အထောက်အကူပြု အဖွဲ့ က ပြောသည်။
သတင်းတိုများ

မန္တလေးမီး အိမ် ၆ လုံး လောင်ကျွမ်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သီတာအေးရပ်ကွက်တွင် ယနေ့မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ အိမ်ခြေ ၆ လုံး မီးထဲပါသွားသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ နေ့လည် ၁၂ နာရီခန့်က ထမင်းဟင်း ချက်ပြုတ်ရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ၁၂ နာရီ ခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
သတင်းတိုများ

မြန်မာပြည်သွားမည့် မြောက်ကိုရီးယား သဘောင်္ တားဆီးခံရ

မြန်မာနိုင်ငံသို့ ဦးတည် မောင်းနှင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင် သဘောင်္တစီးသည် အမေရိကန် ရေတပ် သင်္ဘော McCompbellက တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လှည့်ပြန်သွား ခဲ့ရကြောင်း သိရသည်။ လွန်ခဲ့သည့် ၂ ပတ်ခန့်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင် တနေရာ၌ တွေ့ရှိရသော ယင်းမြောက်ကိုရီးယား သင်္ဘောသည် ဒုံးကျည် လက်နက် အစိတ်အပိုင်းများနှင့် နည်းပညာများကို သယ်ဆောင်လာသည်ဟု သံသယ ရှိသောကြောင့် အမေရိကန် ရေတပ်က တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း New York Times သတင်း တပုဒ်တွင် ယနေ့ ဖော်ပြထားသည်။
သတင်းတိုများ

အိန္ဒိယ-မြန်မာ နယ်ခြား စည်းရိုးကိစ္စ ပြန်လည်ဆွေးနွေးမည်

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအတွက် နယ်ခြား စည်းရိုးကာရံနေမှုကို မြန်မာဘက်မှ ကန့်ကွက်သောကြောင့် ခေတ္တရပ်တန့်ထားရာ အဆိုပါ ကိစ္စအပြင် နှစ်နိုင်ငံ ထောက်လှမ်းရေးနှင့် သတင်းအချက်အလက် ဖလှယ်ရေးတို့အတွက်လည်း နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။ ဆွေးနွေးညှိနှိုင်းမှုများကို ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တွင် စစ်ကိုင်းတိုင်း ကလေးဝမြို့၌ ပြုလုပ်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးနှင့် တမူးမြို့အနီးတွင် နယ်ခြားစည်းရိုး ကာရံနေရာ မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျူးကျော်မှုရှိနေကြောင်း မြန်မာဘက်မှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
သတင်းတိုများ

နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ

နေပြည်တော် မြို့မဈေးတွင် ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ မြို့မဈေးရှိ အမျိုးသား အိမ်သာအတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စဉ် နှစ်ဦးထက်မနည်း ဒဏ်ရာ ရကြောင်း၊ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမည်မဖော်လိုသူအရာရှိတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြသည်။ မြို့မဈေးသည် နေပြည်တော်ဝန်ထမ်းများနှင့် စည်ကားရာဈေးတခုဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ရဲ အလှူငွေကြောင့် ရေနံချောင်းသားများ အခက်အခဲဖြစ်

မကွေးတိုင်း ရေနံချောင်းမြို့ မြို့မရဲစခန်းမှ ရဲဝန်ထမ်းများသည် မြို့နယ်မှူး၏ အစီအစဉ်ဖြင့် အလှူငွေဟု ဆိုကာ ဒေသခံ ကျေးရွာများရှိ ဆိုင်ကယ်စီးပြည်သူများထံမှ ကျပ် ၃၀၀၀ မှ ၅၀၀၀ အကြား ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ရေနံချောင်း  သားတဦးက ပြောပြသည်။ ယင်းသို့ ကောက်ခံနေသည်မှာ တလ ခန့်ရှိပြီဖြစ်ကြောင်း၊ နေ့စဉ် နံနက် ၈ နာရီမှ ၁၂နာရီ ခန့်အထိ ကောက်ခံလျက်ရှိရာ ဒေသခံပြည်သူများ အခက်အခဲ ကြုံနေကြရကြောင်း သိရသည်။
သတင်းတိုများ

ပြည့်တန်ဆာဆီက ရပ်ကွက်လူကြီး လာဘ်စား

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ အေးရိပ်ငြိမ် အဝေးပြေးဂိတ် အနီး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းနုက ငွေကြေးရယူ၍ ပြည့်တန်ဆာလုပ်ငန်းများကို ခွင့်ပြုနေကြောင်း တောင်ကုတ် မြို့ခံ များက ပြောသည်။ အေးရိပ်ငြိမ် ကားဂိတ်အနီး မီးစက် ကွက် သစ် ရှိ ပြည့်တန်ဆာအိမ် ၁၀ အိမ်ကျော်မှ ပြည့်တန်ဆာ အမျိုးသမီး ၄၀ ၀န်းကျင်သည် တဦးလျှင် တလ ကျပ် တသောင်းစီ ဦးသန်းနုကို ပေးရကြောင်း၊ မြို့ခံကျောင်းသား လူငယ် မိဘများစုပေါင်း၍ ခရိုင်အာဏာပိုင်များ ကိုတိုင်ကြား သော်လည်း အရေး ယူမှု တစုံတရာ မရှိကြောင်း သိရသည်။
သတင်းတိုများ

ဗီယက်နမ် ဒု ၀န်ကြီးချုပ် မြန်မာနိုင်ငံ ရောက်

ဗီယက်နမ် ဒု ၀န်ကြီးချုပ် H.E Mr Hoang Trung Hai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ယမန်နေ့က နေပြည်တော် သို့ ရောက်ရှိ လာပြီး သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည် ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို စသည့် အစိုးရ ၀န်ကြီးများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကျိုး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများနှင့် ပတ်သက်၍ လက်မှတ် ရေးထိုးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးသား ထားသည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၌ လေကြောင်း လိုင်း၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် ကြိုးစားနေသည့် နိုင်ငံဖြစ်သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုပွဲ ကနေဒါ၌ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် Burma Night for the Lady ဟူသည့် အထိမ်းအမှတ်ပွဲတခုကို ဇွန်လ ၁၁ ရက် နှင့် ဇွန်လ ၁၈ ရက်နေ့ များ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များ အပါအ၀င် မြန်မာ့ရိုးရာ အစားအသောက် များဖြင့် ရန်ပုံငွေပွဲအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကနေဒါ မိတ်ဆွေများအဖွဲ့(Canadian Friends of Burma-CFOB) က ဇွန်လ ၈ ရက်နေ့က ကြေညာထားသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် အိန္ဒိယ သွားမည်

သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလအတွင်း အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ၂၆ ရက်ကလည်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး၂ နိုင်ငံဆက်ဆံရေး တိုးမြှင့် ရန် အပါအ၀င် သဘောတူ စာချုပ် ၉ ခု နှင့် တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးရန် သဘောတူစာချုပ်များ ချုပ်ဆို ခဲ့သည်။
သတင်းတိုများ

ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသခံ ၁၀၀၀၀ ခန့် ရွှေ့ပြောင်းရနိုင်

တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း နယ်မြေအတွင်းရှိ ဒေသခံ ပြည်သူ ၁၀၀၀၀ ခန့် ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သိရသည်။ ထိုဒေသခံများသည် နေရာသစ် တနေရာသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်ဟု စီမံကိန်း တည်ဆောက်ရေး လုပ်ကိုင်ခွင့် ရထားသော Italian-Thai Development ကုမ္ပဏီ အကြီးအကဲကို ကိုးကား၍ AFP သတင်း၌ ဖော်ပြထားသည်။ Italian-Thai Development ကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာ အာဏာပိုင်များနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
သတင်းတိုများ

ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မြန်မာသို့ ရောက်

ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songkitti Jaggabatara ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့က နေပြည် တော်သို့ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် အပါအ၀င် အစိုးရ၀န်ကြီးများနှင့် တွေ့ဆုံကြောင်း၊ တွေ့ဆုံရာ၌ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ၂ နိုင်ငံတပ်မတော် ညှိနှိုင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သီတင်းတပတ် အတွင်း ဒုတိယ အကြိမ် ထိုင်းစစ်ဘက်ဆိုင်ရာ အကြီးအကဲများ လာရောက်ခြင်းဖြစ်ပြီး မေလ ၃၁ ရက်နေ့ကလည်း ထိုင်းဘုရင့် ရေတပ် ဦးစီးချုပ် Admiral Khamthorm Pumhiran လာရောက်ခဲ့သေးသည်။
သတင်းတိုများ

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး သင်တန်းပေးမည်

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဇွန် ၁၃ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ သင်တန်းပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။ ပထမဦးစွာ နေပြည်တော်တွင် သင်ကြားမည်ဖြစ်ကြောင်း၊ ထုတ်ဝေ ထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်စွဲ စာအုပ်ထဲမှ အကြောင်းအရာများကို သင်ကြားသွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ သင်တန်း စနိုင်လိမ့်ဦးမည် မဟုတ်ဟု သိရသည်။
သတင်းတိုများ

၇၄ မျိုးဆက်များ ရန်ကုန်တွင် တွေ့ဆုံ

၁၉၇၄၊ ဇွန် ၆ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့ကို ယမန်နေ့က ရန်ကုန်မြို့ တနေရာတွင် ပြုလုပ်ရာ ထိုလှုပ်ရှားမှုတွင် ပါဝင်၊ ဦးဆောင်ခဲ့သူ ၅၀ ခန့် တက်ရောက်ကြသည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဆက်လက် ထောက်ခံသွားကြမည်ဟု နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသည့် ၇၄ မျိုးဆက် ခေါင်းဆောင် တဦးက ပြောသည်။ “(၁၉၇၄ ကတည်းက) အလုပ်သမား အခွင့်အရေး တောင်းဆိုခဲ့တယ်။ ထောင်ဒဏ်တွေ အသီးသီး ကျခံခဲ့ရပေမယ့် ၁၉၈၈ ခုနှစ်မှာလည်း ပူးပေါင်း ပါဝင်ခဲ့တယ်။ အခုလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲ ၀င်နေဆဲဖြစ်တယ်” ဟု သူက ရှင်းပြသည်။
Page 15 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်