သတင်းတိုများ

သတင်းတိုများ

NLD က တောင်သူလယ်သမားများအား ပညာပေး ရက်တိုသင်တန်း ပို့ချ

တောင်သူလယ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပြီး၊ လယ်ယာလုပ်ငန်းတွင် ဓာတုဆေးများကို မှန်ကန်စွာ အသုံးချတတ်စေရေးနှင့် တောင်သူလယ်သမားဘ၀ မြှင့်တင်ရေး ပညာပေး ရက်တိုသင်တန်းကို ဧပြီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ပြုလုပ်လျက်ရှိသည်။ ပညာပေး သင်တန်းအတွက် မြန်မာတပြည်လုံးရှိ တောင်သူလယ်သမားများကို ဖိတ်ခေါ်ခဲ့ပြီး NLD အဖွဲ့ဝင် အစိုက်ပျိုးရေးပညာရှင်များက သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း၊ ကျန်ပြည်နယ်နှင့်တိုင်း ၉ ခုမှ တောင်သူလယ်သမားများအား မေလ ၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ဆက်လက် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဂီရိ လေဘေးသင့် ဒေသအတွက် ပန်းချီပြပွဲကျင်းပ

ပန်းချီဆရာ ၁၃၀ ကျော်တို့၏ ရေဆေး၊ ဆီဆေး ပန်းချီကား စုစုပေါင်း ၁၄၆ ကားပါဝင်သည့် ပန်းချီပြပွဲကို ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ပန်းချီပန်းပု ခန်းမ၌ ဧပြီလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ခင်းကျင်းပြသမည်ဖြစ်ကာ ပန်းချီကားရောင်းရသည့် ငွေအားလုံးကို ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိလေဘေးသင့် ပြည်သူများ၏ သောက်သုံးရေ ရရှိရေးအတွက် ရေတွင်း၊ ရေကန်များ တူးဖော်ရန် လှူဒါန်းမည်ဟု သိရသည်။ ပန်းချီကားတကား၏ အမြင့်ဆုံးဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၀၀၀၊ အနိမ့်ဆုံးဈေးမှာ ကျပ် ၅ သောင်း ဖြစ်သည်။
သတင်းတိုများ

၉ ဦးပါ သမ္မတအကြံပေးအဖွဲ့ ဖွဲ့စည်း

သမ္မတ ဦးသိန်းစိန်ကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာတို့အတွက် အကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ယင်းသို့ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဧပြီလ ၁၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရှိရသည်။ စီးပွားရေး အကြံပေးအဖွဲ့တွင် ဒေါက်တာ ဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့တွင် အငြိမ်းစား ရဲမှူးကြီး စစ်အေး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးသန်းကျော်တို့ဖြစ်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

ပလတ်စတစ်စက်ရုံများ ပိတ်ရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလတ်စတစ်ကြိုး ထုတ်လုပ်သည့် ပလတ်စတစ်စက်ရုံ လုပ်ငန်းများ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ရုံးများက ဧပြီလ ၂၁ ရက်နေ့ကတည်းက ထိုသို့ ပိတ်သိမ်းရန် အကြောင်းကြားထားခြင်းဖြစ်ပြီး လိုက်နာခြင်းမပြုပါက အရေးယူမည်ဟု ဆိုသည်။ စတိုးဆိုင်၊ ကုန်စုံဆိုင်များသည်လည်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်ကြိုးများ သိုလှောင်၊ ရောင်းချခွင့် မပြုဟုကြောင်း၊ မလိုက်နာလျှင် လုပ်ငန်းလိုင်စင် သိမ်းမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ရခိုင်တွင် ကြံ့ဖွံ့ အကျွေးအမွေးဖြင့် စည်းရုံးဦးမည်

ကြံ့ဖွံ့ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တော၊ မောင်းတော စသည့်မြို့နယ်များမှ ပြည် သူများအား ၎င်းတို့ပါတီ၏ လုပ်ဆောင်ချက်များ၊ အစိုးရသစ်၏ လုပ်ဆောင်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ စည်းရုံးမှု များ စတင်နေကြောင်း ဒေသခံများက ပြောသည်။ ကြံ့ဖွံ့ပါတီ အမတ်များက ဒေသခံပြည်သူများအား အကျွေးအမွေး အစီ အစဉ် များဖြင့် ယနေ့မှစ၍ ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်အာဏာပိုင်များ၊ ရပ်ကွက် ကျေးရွာ အာဏာ ပိုင်များကလည်း ပါဝင်ကူညီမည်ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ထိုင်းနှင့်မြန်မာ သတင်းပြန်ကြားရေး ပူးပေါင်းမြှင့်တင်မည်

ထိုင်း နိုင်ငံ ပြည်သူ့ဆက်ဆံရေး ဌာန(PRD) နှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) တို့ သတင်းပြန်ကြားရေးနှင့် ရုပ်သံ ထုတ်လွှင့်ခြင်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ကို ယမန်နေ့က နေပြည်တော်၌ လက်မှတ် ရေးထိုးကြသည်။ ပြန်ကြားရေး ဒု ၀န်ကြီး ဦးစိုးဝင်းအား ထိုင်း ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေး မှူးချုပ် Mr. Grisanaporn Soempanich ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ သတင်း ပြန်ကြားရေးနယ်ပယ် ပိုမို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး အတွက် ဆွေးနွေးကြကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
သတင်းတိုများ

နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည် USD ၁ သောင်းခွဲလှူ

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၁၀ နှစ်ပြည့် အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အသင်းရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁ သောင်း ၅ ထောင် ကိုလှူဒါန်းသွားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မျက်စိခွဲစိတ်ကုသခန်းအတွက် အဆိုပါ အလှူငွေကို ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း ကိုကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။
သတင်းတိုများ

စွမ်းအင်ကဏ္ဍ တရုတ်၊ စင်္ကာပူ၊ ကိုရီးယားတို့နှင့် ပူးပေါင်းလုပ်မည်

အစိုးရသစ်က တရုတ်ကုမ္ပဏီ (NPCC) နှင့် ငလှိုင်တွင်း ဒေသတွင် လည်းကောင်း၊ စင်္ကာပူ အခြေစိုက် SNOG Pte. Ltd နှင့် ကရင်ပြည်နယ် မဲပလေဒေသတွင် လည်းကောင်း၊ ကိုရီးယားကုမ္ပဏီ KMDC နှင့် ရခိုင်ကမ်းလွန်တွင်လည်းကောင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။ ယင်း စီမံကိန်းများနှင့်ပတ်သက် ၍ ပြီးခဲ့သည့် သောကြာနေ့ကပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် စွမ်းအင် ၀န်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သတင်းတိုများ

စွမ်းအားရှင် အမည်သစ်ဖြင့် ပြန်လာဦးမည်

စွမ်းအားရှင်အဖွဲ့ကို“ပြည်သူ့လုံခြုံရေးအဖွဲ့”ဟူသော အမည်ဖြင့် အသွင်ပြောင်း ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ယင်းသို့ ပြန်လည် ဖွဲ့စည်းရခြင်းမှာ အတိုက်အခံ နိုင်ငံရေးသမားများကို နှိပ်ကွပ်ရန် နှင့် လူထုအုံကြွမှုများကို နှိမ်နင်းရန်အတွက် ပင် ဖြစ်ကြောင်း စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အရာရှိ ကြီးတဦး က ပြောသည်။ ၂၀ဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် နအဖ စစ်အစိုးရသည် စွမ်းအားရှင်များကိုလည်း အသုံးပြု၍ အကြမ်းဖက် နှိမ်နင်းမှု ပြုလုပ် ခဲ့သည်။
သတင်းတိုများ

ဒေသဆိုင်ရာ သတင်းစာများ ထုတ်ရန် စီစဉ်နေ

ပြည်နယ်နှင့် တိုင်းဒေသများတွင် ဒေသဆိုင်ရာ သတင်းစာများ ထုတ်ဝေရန် ပြန်ကြားရေး ၀န်ကြီးဌာနက သက်ဆိုင်ရာ အာဏာပိုင် များကို ညွှန်ကြားမည်ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဉ်သည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က သမ္မတ ဦးသိန်းစိန် သို့ တင်ပြရာမှ ဖြစ်ပေါ်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး တဦးက ပြောသည်။
သတင်းတိုများ

စုပေါင်း တောင်းဆိုချက် လက်မှတ်ထိုးလှုပ်ရှားမှု အရှိန်မြင့်လာ

မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှစတင်သော စုပေါင်းလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုသည် ယခုတပတ် အတွင်း လက်မှတ်ပေါင်း ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ပြီး လာမည့် တနလာင်္နေ့၌ ပထမဆုံးအကြိမ် သမ္မတ ဦးသန်းစိန် ထံ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။ အပတ်စဉ် သောကြာနေ့တိုင်း ရရှိသည့်လက်မှတ်များကို ဆက်လက်တင်ပြသွားမည် ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားသူများက ပြောသည်။ ယင်းလှုပ်ရှားမှုအား NLD အပါအ၀င် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေး ဆောင်ရွက်သူများက ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲ ရေး၊ ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပြန်လာနိုင်ရေး စသည့် အချက်များလည်း ပါဝင်သည်။
သတင်းတိုများ

အိန္ဒိယ နယ်စပ် သစ်မှောင်ခိုကူးသူများ ဖမ်းဆီးထား

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူများနှင့် သစ်တောဦးစီးဌာန ၀န်ထမ်းများကို နေပြည်တော်မှ အထူးစုံစမ်းရေးအဖွဲ့က ဧပြီ ၁၉ ရက်တွင် ထိန်းသိမ်းလိုက်ပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း ၀န်ထမ်းအသိုင်းမှ သိရသည်။ ထိန်း သိမ်းခံရသူများတွင် တမူးမြို့ရှိ သစ်စက်ပိုင်ရှင်များ၊ ကျွန်းသစ် ထုတ်လုပ်သူများ၊ မြန်မာနိုင်ငံမှ ကျွန်းသစ်များကို အိန္ဒိယနိုင်ငံသို့ တရားမ၀င် တင်ပို့ရောင်းချနေသူများနှင့် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများပါဝင်ကြောင်း၊ သစ်တောဝန်ထမ်းများကို သစ်တော ဦးစီး ဌာန ရိပ်သာတွင် အကျယ်ချုပ်ဖြင့်ထားရှိပြီး ကျန်သူများကိုမူ တမူးမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
သတင်းတိုများ

အရှေ့တောင်အာရှတွင် ပြည်ပဧည့်သည် မြန်မာ အများဆုံး

ယခုနှစ်ဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ၀င်ရောက်မှု ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှ၌အများဆုံး ဖြစ်သည်ဟု သိရ သည်။ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ဗီယက်နမ်၌ ၂၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် နိုင်ငံတွင် ၁၇ ရာခိုင်နှုန်း၊ စင်ကာပူတွင် ၁၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၁၁ ရာခိုင်နှုန်းနှင့် မြန်မာက၂၇ ရာခိုင်နှုန်းဖြစ်သည့်အတွက် မြန်မာနိုင်သည် အများဆုံးဖြစ်ကြောင်း The Pacific Asia Travel Association (PATA) က ထုတ်ပြန်ထားသည်။
သတင်းတိုများ

လွှတ်တော်အကြောင်း ရှင်းလင်းမည့် RNDP တားဆီးခံရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့သည် လွှတ်တော် အတွေ့အကြုံများအား ပြည်သူလူထုထံ ရှင်းလင်းပြောဆိုရန်နှင့် ပြည်သူများ၏ အခက်အခဲအား သိရှိနိုင်ရန် ကြိုးပမ်းမှုကို ဒေသဆိုင်ရာ အာဏာပိုင်များက တားဆီးပိတ်ပင်ကြောင်း သိရသည်။ အစိုးရ အပြောင်းအလဲ ဖြစ်သွားသည့်တိုင် မြို့နယ်၊ ရပ်ကွက်များ၌ အပြောင်းအလဲ မဖြစ်သည့်အပြင် အာဏာအလွဲသုံးစား ပြုလုပ်မှုများလည်း ရှိကြောင်းနှင့် ထို့ကြောင့် လွှတ်တော်ဥက္ကဋ္ဌထံ စာရေး အကြောင်းကြားမည် ဖြစ်ကြောင်း မြေပုံမြို့နယ်မှ RNDP ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
သတင်းတိုများ

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ပြန်လက်ခံ

ကနေဒါနိုင်ငံ အစိုးရက မြန်မာသံအမတ် ဦးကျော်တင်ကို အော့တဝါ မြို့တွင် ထားရှိရန် လက်ခံ လိုက်သည်။ မြန်မာစစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်ကတည်းက ပယ်ဖျက် ထားသော မြန်မာသံအမတ် ထားရှိခွင့်ကို ယခု အစိုးရသစ် ဖွဲ့စတွင် ပထမဆုံး ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ကနေဒါ အစိုးရက မြန်မာအစိုးရနှင့် လူ့အခွင့်အရေး ကိစ္စများ၊ ဒီမိုကရေစီ ဖွံ့ဖြိုးမှုကိစ္စ ရပ်များကို အပြုသဘောဆောင် စေ့စပ် ဆွေးနွေးရန် အခွင့်အရေးတရပ်အနေနှင့် ယခုကဲ့သို့ ပြန်လည် ခွင့်ပြု ခြင်း ဖြစ်ကြောင်း ကနေဒါအစိုးရ အဖွဲ့ဝင် ဗိုလ်မှူး ဒေးဗစ် ဂျွန်စတန်က ပြောသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

စရဖ ရုံးဆောက်ရန် သိမ်းသည့်မြေများ ပြန်ရောင်းစားနေ

ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်၌ စရဖ ရုံးဆောက်လုပ် ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများက အာဏာပိုင်များ နှင့် ပူးပေါင်း၍ မြေယာသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ သိမ်းဆည်းပြီးသည့် မြေယာ ဧက ၁၀၀ ခန့်ကို မြေကွက်များ ရိုက်၍ ပြန်လည် ရောင်းချမှုများပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။ အသိမ်းခံရသည့် မြေပိုင်ရှင်တချို့ကို တဧက ကျပ် ၁ သိန်းခွဲ နှုန်းဖြင့် ပြန်ပေးသော်လည်း အများစုမှာ မရရှိကြကြောင်း သိရသည်။
သတင်းတိုများ

ပိတ်လှောင် ခိုင်းစေခံထားရသော အလုပ်သမားများ လွတ်မြောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်လင်မယားပိုင် အထည်ချုပ်စက်ရုံကို ယမန်နေ့တွင် ထိုင်းရဲများက ဝင်ရောက်စီးနင်းပြီး ပိတ်လှောင် ခိုင်းစေခြင်းခံထားရသော မြန်မာအလုပ်သမား ၆၀ ဦးကို ဝင်ရောက် ကယ်တင်ခဲ့သည်။ ထိုစက်ရုံမှ အလုပ်သမားတဦး လွတ်မြောက်လာပြီး သတင်းပေးရာမှ ထိုသို့ ဝင်ရောက် ကယ်တင်နိုင်ခြင်း ဖြစ်သည်။ တလလျှင် လစာ ဘတ် ၇ ထောင်ပေးမည်ဟု ပြောသော်လည်း တလလျှင် ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ တရုတ်လင်မယားကို အလုပ်သမား အက်ဥပဒေဖြင့် အရေးယူမည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။
သတင်းတိုများ

ရန်ကုန်သင်္ကြန် ယာဉ်တိုက်မှု ယမန်နှစ်ထက် များပြား

ရန်ကုန်မြို့တွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ယမန်နှစ်ထက် များပြားကြောင်း သိရသည်။ ယာဉ်တိုက်မှုပေါင်း ၃၂ ခု ဖြစ်ပွားခဲ့ပြီး ၅ ဦးသေဆုံးကာ၊ ၆၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြောသည်။ ယာဉ်တိုက်မှု အများစုမှာ အရက်မူးပြီး မောင်းနှင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

ဂီရိလေဘေးဒေသ ရေထပ်ကြီးသဖြင့် တာတမံများကျိုးပျက်

ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေမုန်းတိုင်းဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်၌ ပြီးခဲ့သည့် ၂ ရက်မှ စတင်၍ ယခုအချိန်ထိ ရေကြီးနေခြင်းကြောင့် တာတမံများကျိုးကာ လယ်ဧကထောင်ချီ၍ ပျက်စီးဆုံးရှုံးသွားကြောင်း သိရသသည်။ ဂီရိ ဆိုင်ကလုန်း ကြောင့် ပျက်စီးခဲ့ပြီး NGO တချို့၏အကူအညီကြောင့် ပြန်လည်တည် ဆောက်ထားသော တာတမံများမှာ ယခု ရေကြီးသဖြင့် ပြန်လည် ကျိုးပျက်ရခြင်း ဖြစ်သည်။ လေဘေး ၆ လပြည့်သည့်တိုင် ဂီရိဒုက္ခသည် အများစုသည် အမိုးအကာ မလုံလောက် ခြင်း၊ စားဝတ်နေရေး ခက်နေခြင်း စသည့် ဒုက္ခများနှင့် ကြုံနေရဆဲ ဖြစ်သည်။
သတင်းတိုများ

ရေနံချောင်း၌ နားရွက်ပြာဟု ယူဆရသော ရောဂါကြောင့် ၀က်များသေဆုံး

မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ ကျေးရွာတချို့တွင် ၀က်နားရွက်ပြာရောဂါဟု ယူဆရသော ရောဂါတမျိုးကြောင့် ၀က်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ ဥသျှစ်ကုန်း၊ နတ်ကန်ဦး၊ ယာကြီးပြင် စသည့်ကျေးရွာများရှိ တနိုင်တပိုင် ၀က်မွေးမြူသည့် ခြံများတွင် သေဆုံးခြင်းဖြစ်ပြီး ယခုအခါ မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လိုက်လံကုသပေးနေကြောင်း သိရသည်။
Page 19 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်